Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, February 19, 2013

ဒီည...



ည...
သက်ပြင်းနဲ့သက်မ
တစ်လှည့်စီ ချ ရတဲ့ ည...။


တစ်ရာ့တစ်ကြိမ်မြောက် စီးမျောလို့..
စိတ်ထဲမရောမိဖို့..
မနောမှာ စွဲနေတဲ့ Album တစ်ခု
ထပ်တစ်လဲလဲ ရှုမိ နေတဲ့ည..။


လွမ်းရချည့် ကျွမ်းရချည့်..
မသိ..မသိခြင်းတွေနဲ့...
မရှိ. မရှိ တဲ့သူကို တမ်းတ နေမိတဲ့ည..။


ကြွေရချည့် သေရချည့်..
အဖြေကမရှိတဲ့ ပုစ္ဆာသက်သက်နဲ့...
တစ်ရွာ၊ တစ်ကမ္ဘာရယ်နဲ့..
အခါခါညည်းမိတဲ့ည...။


သူ ဆွဲသား ခဲ့တဲ့စည်းတစ်ကြောင်းတဲ့..
မြင်လို့တောင် မကောင်း...
ရင်ဘတ်အဟောင်းထဲက..
ပြောင်းလဲ မှုက အသစ်...
အစစ်မှ အစစ်လို့..
ဖြစ်တည်မှုတွေ ကိုယ်တိုင်သိနေတဲ့ည...။


နိမိတ်ပုံ ဆိုညည်း..
လေထဲက ဂစ်တာကိုတီးလို့...
စိတ်ထဲကပဲသီချင်းဆို..
ရူးသလိုလို ဖြစ်မိတဲ့ည...။


သွေးလန့်လို့ယောင်ယမ်း..
မျှော်မှန်းကာ တမ်းတ..
ရင်မှာ တစ်သသ နဲ့..
အလွမ်းတွေဖုန်ထ..
ကိုယ့်ရင်ကိုယ် သပ်ချ နေရတဲ့ည...။


အလွမ်းကိုကျောခင်း..
လေညှင်းကခြုံလွှာ..
ဆောင်းညကမ္ဗလာနဲ့        
နှင်းတွေကြားမှာထိုင်ပြီး
တောင်းပန်ကာတိုးလျှိုး
တစ်ခုသော မိုးကို တမ်းတ ခဲ့တဲ့ည...။



Sunday, February 10, 2013

အမေ...


          ပေါ့ပါးသော ခြေလှမ်းများကို စည်းချက်ကျကျ ပင်ပြေးလွှားနေပါ၏ .။ အမှောင်ထဲ၌ပင် မြင်ရလောက် အောင် သဘာဝတရားက သူမ ကို ဖန်တီးပေးထားရကား ၊ ခပ်လှမ်းလှမ်းမှ မီးရောင်ပျပျသည် သူမ လှုပ်ရှားရန် အတွက် အထူးပင် လုံလောက်နေပေသည်.။ ၀မ်းမီးက တစ်ရိပ်ရိပ်တောက်နေသလောက်..မီးဖွားပြီးစ နှင့်မမျှတ သောလှုပ်ရှားမှု အတွက် မသင့်တော်မှန်းသိလျက်နှင့် သူမ အထူးပင်တက်ကြွ နေလေသည်.။
          သူမ တို့အမျိုး၏ ထုံးစံအတိုင်းပင် လင်ယောက်ျားဖြစ်သူက သားသမီးမွေးသည်နှင့် သူမကို လုံးဝ လှည့် မကြည့်တော့ချေ.။ ရင်သွေးအတွက် ဆိုသည့် အသိက သူမ ၏ အင်အားများကို တိုးပွားစေရုံသာမက နောက် သို့ မလှည့်လိုသော စိတ်ဓါတ်ကိုပါ တစ်ပါတည်း ပေးလေသည်.။
          သူမကား ဤ အရပ်ဒေသ က မဟုတ်ချေ. ။ ဟိုးတောင်ခြေ ရွာထဲမှာသူမ မွေးခဲ့သည်.။ ထိုရွာထဲမှာပဲ  ကြီးပြင်းခဲ့သော်လည်း သူမ၏လင်ယောက်ျားနှင့် အကြောင်းပါပြီးနောက်ပိုင်း ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ လာရင်း လယ်တဲပျက်တစ်ခုမှာ သူမ မီးဖွားခဲ့ရသည်.။ မီးဖွားပြီးစ သွေးနု သားနုဘ၀ဖြင့် စားရေးသောက်ရေး အခက် အခဲ ရှိလာသောအခါ သူမ စွန့်စားရန် ကြံစည်မိခြင်းဖြစ်သည်.။
          တောင်ပေါ်က အိမ်ကြီးနှင့်ပတ်သတ်၍ သူမ တစ်ခါမှမစွန့်စားခဲ့ဖူးချေ.။ ထိုအိမ်ကြီး အတွင်းတွင် သူမ၏ ဦးလေးတစ်ဦး ကွယ်လွန်ခဲ့ဖူးသည်ဟု မိခင်က ပြောခဲ့ဖူးသည်.။ ထိုအိမ်ကြီး၏ ၀င်းနံရံကလည်း လွန်စွာခိုင်ခံ့လှ သည်.။ဖြစ်နိုင်လျှင် သူမ ထိုအိမ်ကြီး အနားသီဖို့ပင် စိတ်မကူး.။ အန္တရာယ်ကို အားလုံးက ရင်ဆိုင်ရင်ဝန်လေးကြ သည့်နည်းတူ သူမသည်လည်း အန္တရာယ် အငွေ့အသက်ကို ချဉ်းကပ်ရန် စိတ်မကူးမိ.။ သို့ရာတွင် ယခု မူကား အရာရာကို ဘေးချိတ်၍ သူမ အစာအတွက် စွန့်စားရတော့မည်.။ အရေးကြီးသည်က သူမ အစာစားရမှ နို့မ ပြတ်သေးသော သားငယ်တို့အတွက် နို့ချိုတိုက်ကျွေးနိုင်မည်.။ အဓိကက အစာရဖို့.။
          အိမ်ကြီးရခိုင်၏ နောက်ဖေးတွင် မလွယ်ပေါက်တစ်ခုရှိသည်ကို သူမ မနေ့က သိထားခဲ့သည်.။ ထို့အ တွက် ညနေက သူမ ထိုမလွယ်ပေါက်မှ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်.။ အပြန်အတွက်မူ မှုစရာ မလိုပေ.။ ခြံစည်းရိုးလွတ်နေသော ၀က်ခြံပေါက်သည်.အစာဝနေချိန်တွင် သူမအတွက် ခုန်ကျော်ထွက်ဖို့ ခဲယဉ်းသည့် အရာ မဟုတ်ကြောင်း သူမ သိထားသည်.။
          ထုံးစံအတိုင်းပင် ခါတိုင်းရက်များကဲ့သို့ အိမ်ကြီးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေသည်.။ အစားအစာရ နံ့များရရှိရာ အဆောင်ဖက်သို့ သူမခြေလှမ်းများက ဦးတည်သည်.။ တစ်ခါမှ မလွဲဖူးသည့် သမိုင်းအစဉ်အလာ နည်းတူ စားသောက်ဆောင်သို့သာ တန်းတန်းမတ်မတ်ရောက်သည်.။ သဘာဝက ပေးသည့် အတတ်ပညာအ ချို့က ဒီနေရာမှ လွန်စွာအသုံးကျလေ့ရှိသည်. ။ ကြာကြာပင် မရှာလိုက်ရ. ။ တွေ့ပြီ..။
          စားပွဲပေါ်သို့ခုန်တက်လိုက်သည်.။ သို့ရာတွင် ရနံ့များထွက်ပေါ်နေရာ ဟင်းများကို အုပ်ဆောင်းဖြင့် အုပ် ထားသည်.။ မည်မျှပင် လိမ္မာပါးနပ်ပါစေ.။ အုပ်ဆောင်းများကို ဖယ်ရှားရာတွင် ဒုက္ခတွေ့တတ်တာကို သူမ သတိရ မိသည်.။  ကြိုးစား၍ တွန်းသည်.။ နေရာ အနည်းငယ်ရွေ့သည်.။ အုပ်ဆောင်း အုပ်ထားသည့် ကြားမှ စားသောက်ဖွယ်ရာများကို  သူမ တွေ့လိုက်ရသည်.။ အားတက်သွားသည်.။ နည်းနည်း အားထည့်ပြီး ထပ်တွန်း လိုက်သည်.။ အားလွန်သွားကြောင်း သူမ နောက်ကျမှ သိလိုက်သည်.။
          “ ခွမ်း .. ချလွမ်း ”
          “ ဟာ..ဟေ့ကောင်တွေ.လာကြဟေ့. ”
          သွားပြီ. သူမ နောက်ကျသွားပြီ.။ သူမ၀င်ရောက်လာသော စားသောက်ဆောင်အခန်းတံခါး က ဂျိမ်းကနည်း ပိတ်သွားသည်.။ သူမစားပွဲပေါ်မှ  လျင်မြန်စွာ ခုန်ဆင်းပြီး ပြတင်းပေါက်တစ်ခုအနားကို ပြေးသည်။ ပြတင်းပေါက် တံခါးများပါ ပိတ်ကုန်သည်.။ ဘယ်လိုဖြစ်တာလဲ စဉ်းစားလို့မရခင် နောက်ဆုံးကျန်သော တံခါးမ ကြီး နားမှာ တုတ်တစ်ချောင်း ကိုင်ထားသော လူတစ်ဦး၏ အရိပ်ကို တွေ့လိုက်ရသည်.။
          “ ခွပ်. ခွပ်.”
          ခေါင်းကိုထိသွားသည်မှာ သေချာသလောက်ရှိသည်. ။ သူမ မျက်လုံးများပြာဝေသွားသည်.။ ဘယ်ဖက် မျက်လုံးအထက်နားမှာ ပူနွေးသော အရည်တွေ စိုစွတ်လာသည်.။ သူမ သွေးရူးသွေးတမ်းနှင့် ပြေးသည်.။ သူမ အသက်ရှင်မှ ဖြစ်မည်.။ ဒါမှ သူမ ရင်သွေးလေးတွေ နို့စို့ရမည်.။ သူမ မရှိလျှင်…..။
          ပြေးနေရင်းပင်. ။ ပြင်းထန်သော တုတ်ချက်တစ်ချက်က သူမ ဦးခေါင်းကို တည့်တည့်မတ်မတ်ထိ သည်။ ပြေးရင်းပင် ပုံလျက် လဲသွားသည်.။ ခြေတွေလက်တွေက လှုပ်လို့မရ ။ မျက်လုံးတွေက အရည်တွေပိတ် နေသည်.။ဝါးတားတားအမြင်အာရုံထဲမှာ လူရိပ် နှစ်ခု ၀င်လာသည်. ။ တစ်ယောက်က သူမကို ရိုက်ခဲ့သည့် သူ ၊ နောက်တစ်ယောက်က တောင်းတစ်လုံးနှင့်.။
          လွတ်တစ်ချက် မလွတ်တစ်ချက် သတိတရားထဲမှာ.သူမ သေရတော့မည်ကို သိနေသည်.။ အာခေါင်ထဲ မှာ ဘယ်က၀င်လာမှန်းမသိသော အရည်တွေ ပြည့်နေသည်.။ ဆတ်ဆတ်တုန်နေသော ခြေလက်များက ထိန်း သိမ်းရ ခက်လောက်အောင် အကြော အချင်တွေ ရုန်းကန်လှုပ်ရှားနေသည်.။ သေခြင်းတရားကို ရင်ဆိုင်နေရင်း ရင်သွေးငယ်လေးများ ဆိုသည့် အသိက သူမအသိထဲ ဒိတ် ကနဲဝင်ရောက်လာသည်.။
          သူမ နောက်ဆုံးကျန်ခဲ့သည့် အားအင်ကို စုသည်.။ ခပ်ပြင်းပြင်ဝင်သက်ထွက်သက် များနှင့် ဟောဟဲ ဆိုက်နေသော အသက်ရှုသံများက နောက်ဆုံးအားအင်အတွက် အရှိန်ယူနေကြသည်.။ စောစောက တွေ့လိုက် ရသော တောင်း ကိုင်ထားသည့် လူ အနားသို့ ထိုင်အချတွင် နောက်ဆုံး အားအင် ဖြင့် ကုန်းရုန်းထကာ ခုန် ထွက်လိုက်သည်.။
          “ ဟာ.. ပြေးပြီဟ. လုပ်ကြဦး . လုပ်ကြဦး.”
          သူမ ပြေးထွက်ရာနောက်သို့ ဆက်လက်လိုက်လား ၊ မလိုက်လား လှည့်မကြည့်နိုင်တော့ပါ.။ မျက်စိအ  မြင်အာရုံ မရှိတော့ သူ တစ်ယောက် အတွက် ခြံစည်းရိုး ကို ဘယ်လို ခုန်ကျော်ခဲ့လည်း သူမ ကို သူမ မဆန်း စစ်တတ် တော့ ပါချေ.။
          ခြံအပြင် ဖက်သို့ရောက်ရှိပြီး သူမ အားအင်တွေ ကုန်ခန်းခဲ့ပြီးဖြစ်ကြောင်းသိလိုက်သည်.။ နားထဲမှာ  ရင်သွေးငယ်လေး များ၏ အသံကို ကြားရသည်.။ သူတို့ ပျော်နေကြလား၊ ၀မ်းနည်းနေရော့လား.၊ မဝေခွဲ နိုင် တော့.။ သားတို့ အတွက် အမေ ကြိုးစားခဲ့တယ်…..။ ဒါပေမယ့်.. အမေ.. မအောင်မြင်ခဲ့ဘူး.။  သူမ ပြောသမျှ  အသံ ထွက်မလာ.။ ရင်ထဲမှာ တစ်လှိမ့်လှိမ့်တက်လာသော ဆူညံမှုကြီးဖုံးလွမ်းသွားသော အခါ..တွင် တစ်သိမ့်သိမ့် လှိုက်၍ တုန်ခါနေသော သူမ၏ ခန္ဓာကိုယ် ငြိမ်သက်သွားတော့သည်.။
+++++++++++++++++++++++++++++++++++++++++++++++++++
          “ ဒီမှာတွေ့ပြီဟေ့.။ ဟေး မိုးသက်. ဓါတ်မီးယူခဲ့ကွာ.. ”
          “ ဟုတ်ကဲ့ ကိုငယ်..”
          ကိုငယ်အနားကိုရောက်တော့ ဓါတ်မီးကို မြှောက်ပြလိုက်သည်.။ နှစ်ယောက်စလုံး ဟာ ကနဲ ဖြစ်သွား သည်.။ မိုးသက်တို့ မြင်လိုက်ရတာက သွေးချင်းချင်းနီသော ဒဏ်ရာ များဖြင့် သေဆုံးနေတဲ့ ခွေးမ ကြီးတစ် ကောင်.။ ခွေးမကြီး အလောင်းက နို့တွေကို တစ်အီအီမြည်ရင် စို့နေကြသော ခွေးပေါက်စကလေး ငါးကောင်.။
          ခွေးကလေးများကို ခွေးမကြီးအလောင်းကနေ ခက်ခက်ခဲခဲ ဖြုတ်ယူကြရသည်.။
          “ အော်. ..ခွေးသားအုပ်မ မို့လို့ ဒီလောက် အသက်ပြင်းတာကိုးကွ….။ အမေဆိုတာ ဒီလိုပါပဲ. ။ သားသမီးအတွက် အသက်စွန့်ပြီး အစာရှာတာပဲ.။ ငါမှားသွားတယ် အငယ်ကောင်..”
          ကိုငယ်က စိတ်မကောင်းခြင်းကြီးစွာဖြင့် ဆိုသည်.။ မိုးသက်စိတ်ထဲက ခပ်တိုးတိုးရွတ်မိလိုက်သည်.။
          သြော်…။ ဘယ်ဘုံ၊ ဘယ်ဘ၀ပဲ ရောက်နေနေ.၊ အမေ..ဆိုတာ အမေပါပဲလေ..….။


++++++++++++++++++++++++++++++++++++++++++++++++++++++


မနက်ဖြန် ဖေဖော်ဝါရီ ၁၁ ရက်နေ့ က အမေ့မွေးနေ့ပါ.။ အမေ့ကို တိရစ္ဆာန်နဲ့ နှိုင်းတာမဟုတ်ပါဘူး.။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကိုရဲ့ဂုဏ်ကိုရေးလိုတာပါ.။ အရေးအသားက နည်းနည်းလိုမယ်ထင်တယ်။
ဒါပေမယ့် ဒါက တကယ့်ဖြစ်ရပ်မှန်တစ်ခုပါ.။ ဖြည့်ဖတ်ကြပေါ့.။

         



Saturday, February 2, 2013

သဘောလောက်ပြောရရင်..


            မော်စကို ဆောင်းညက ရတု ဖွဲ့ဖို့ မမီတော့ ပြီ  .။ သုည အပေါ် ၁ ဒီဂရီ ဆိုကတည်းက ကွင်းထဲမှာ ဘောကန်ရန် လူစုဖို့ပင် မလို.။ ညကြီးသန်းခေါင် ဘောကန်သူများကို အရူး လို့ ခေါ်ချင်ခေါ်ကြပါစေပေါ့.။ သူတို့ လူမျိုးများကတော့ အားကစားကို ခုံမင်လွန်းလှသည်.။ အနုတ် ၂၀ ဒီဂရီနားကပ်နေသည်ကိုပင် ဘောလုံးကွင်း ပတ်ပြီး အပြေးကျင့်သူက ကျင့်တုန်း.။ ဒါတောင် အားကစားသမားမဟုတ်.။ သာမာန်ကျောင်းသား ပင်.။
          ဒီနေ့ညကမှ ထူးထူးဆန်းဆန်း ခြောက်ကပ်နေသည်.။ အခန်းထဲက “ ဆည်းလည်းသံ” လို့ နာမည် တိတ်တခိုးပေးထားသော သူငယ်ချင်း က ကျောင်းတကာ ပတ်၍ လည်နေသည်.။ မနေ့ကထိ ဆူတုန်း၊ ညံတုန်း ၊ ဒေါပွရတုန်း.။
ငမိုးတို့ ရဲ့ ၁၅ ပေပတ်လည် သုံးယောက်ခန်းလေးထဲမှာ ဆည်းလည်းလေး ကနှစ်လုံး ရှိသည်.။ အခု ဆည်းလည်းတစ်လုံး ကျောင်းပတ်နေတုန်း.။ တစ်လုံးက ဖျားနေသည်.။ ဖျားနေသည့် တစ်ယောက်က ကျန်းမာရေး အင်မတန်ကောင်းသည်.။ မနှစ်က ငမိုးတို့ တစ်ကျောင်းလုံး ဖျားကြတုန်းက သူတစ်ယောက်တည်း ထူထူထောင်ထောင် နှင့် အခန်းပတ်ကာ လူမမာစာတွေ လိုက်စားသူ ဖြစ်သည်.။ ငမိုးကတော့ မော်စကိုကို နှစ်ရက်ဆက်တိုက် သွားပြီး လမ်းတကာ ပတ်သွားနေသည်ကို ပင် ခုထိမဖျားသေး.။ လောလောဆယ် အခန်းက အင်မတန် တိတ်ဆိတ်ပြီး နေလို့ထိုင်လို့ အင်မတန်ကောင်းနေသည်.။ လတ်တလော အခြေအနေအရ စားပွဲပေါ်မှာ ဖောက်လက်စ အာလူးကြော်တစ်ထုပ် နှင့် Lipton Tea တစ်ဘူး. ရှိသည်.။ စိတ်ထဲမှာ ၀တ္ထုရေးချင် စိတ်ပေါ်နေသည်.။ အတွေးကားမရှိ.။ မကြာမကြာ ဦးနှောက်ထဲတွင် ပေါ်တတ်သည်.။ သို့သော် အခြား အလုပ် တွေကြား မှာ အဲဒီအတွေးတွေ ညပ်ညပ်ပါသွားလေ့ရှိသည်.။ ဖဘကို ဖွင့်ထားမိသည်.။  စတေး တပ်စ် တင် မည်လုပ်သည်..။ ရေးသင့် မရေးသင့် ချိန်ရသေးသည်.။ ရေးလိုက်ဖျက်လိုက်.၊ ပြန်ရေးလိုက်.၊ တစ်ခါတစ်ခါ ရေးပြီးတင်ပြီးမှ  လူမမြင်ခင် ပြန်ဖျက်.။
ယနေ့လည်း ဘလော့ပတ်ဖြစ်သေးသည်.။ ကိုယ့်အစ်မ အရင်းလို ချစ်ရှာသော အစ်မကန်ဒီ ဘလော့ မှစာကို ခုထိ သဘောကျနေတုန်း.။ မင်္ဂလာဆောင်ကို မြန်မာထုံးစံဖြင့် အကျဉ်းချုံးလုပ်လိုသော ငမိုး အစ်မ .။ ဘယ်နေရာကိုပဲရောက်ရောက် ဘာပဲရောက်ရောက်… မြန်မာစိတ် မပျောက်သွားတာကိုက လေးစားဖို့ကောင်းနေပြီ.။ ဖဘ မှာဖြစ်ဖြစ် ဘာဖြစ်ဖြစ် နေရာတကာ မပါပဲ ကိုယ်ဖျောက်နေတတ်တာကို သတိထားမိသည်.။ ဘာပဲ ပြော ပြော ငမိုးလည်း လိမ္မာသူတွေနှင့် ပေါင်းရသည်မှာ စိတ်ချမ်းသာလှသည်.။ တစ်နေ့က မန်းမှ အဒေါ်နှင့် စကိုက် ခေါ်ပြီး စကားပြောဖြစ်ကြသည်.။ ငမိုးတို့ အမျိုးထဲ အရက်သောက်သူမရှိ ၊ ယောက္ခမ-ချွေးမ/သားမက် မတည့် တာမရှိ၊ အမှုအခင်းပွေလီ မရှိ၊ လူမှုရေး အရှုပ်အရှင်းမရှိ ဟု ကိုယ့် အမျိုးကိုယ်ဖော်ပြီး နှစ်ယောက်သား သဘောကျ မိ ကြသည်.။ ကိုယ့် ငါးချဉ်ကိုယ် ချဉ်ခြင်း ဖြစ်ချင်ဖြစ်ပါစေ.။ ငမိုးလည်း မိမိ အမျိုးထဲကလို  လိမ္မာ သူများသာ ရွေးပေါင်းခြင်းဖြစ်သည်.။
တစ်ရက်တစ်ရက် ဖဘ တွင် အချိန်ကုန်ရသည်မှာ သိပ်တော့ အဆင်မပြေလှ .။ လောလောဆယ်တော့ အလုပ်တော်တော် လုပ်မိသည်ဟုဆိုရမည်.။ http://seinlanmyay.org  Joomla ဆိုက်ကို လောလောဆယ် ငမိုးကိုင်နေရသည်.။ နဂို ၀က်ဘ်မာစတာ လုပ်သွားသည့် စင်ကာပူ မှ အစ်ကိုက တော်တော်ကို တော်ပါသည်.။ အစစအရာရာ အဆင်သင့် သုံးရုံ ဖြစ်အောင် လုပ်သွားပေးသည်.။ လိုအပ်သည့် နှိုးဆော်စာများ ၊ ဂုဏ်ပြုလွှာ များ၊ အလှူမှတ်တမ်းများအားလုံး ကိုသေချာ ထည့်ထားပေးသည်.။ ဘလော့နှင့် ၀က်ဘ်ဆိုက်က သဘောတရားခြင်းတော့ အတူတူပင်ဖြစ်သည်.။ သို့ရာတွင် ၀ဘ်ဆိုက် ဆိုသည့် အမျိုးက Control Panel တစ်ခုလုံးကိုယ့်လက်ထဲမှာ ထားရသည်.။ Hosting ကအစ ကိုယ့်ဖာသာ၊ တည်ဆောက်ပုံနှင့် Database ကအစ ကိုယ့်ဖာသာ တည်ဆောက်ရတော့ အဲဒါတွေတော့ရှုပ်သည်.။ လုံခြုံရေးအပိုင်းကတော့ ငမိုးလည်း နည်းနည်းပါးပါး တီးမိခေါက်မိရှိသလောက်တော့ လုပ်ရသည်.။ ဘာပဲပြောပြော ဖဘပေါ်မှာ အချိန် ကုန် တာ ထက် စာရင် နတ်လူသာဓုခေါ်မည်ဟု ကွကို ဖြေသိမ့်ရသည်.။
ငမိုးနိုင်ငံရေး မလုပ်ပါ.။ တစ်ခါတစ်ခါ စိတ်တိုသည့် အခါတော့ဝင်ရေးတတ်ပါသည်.။ စစ်သားလည်း နိုင်ငံရေးလုပ်ခွင့် မရှိပါ.။ ဒါတောင် မဆီမဆိုင် ငမိုးကို MyanmarExpress ကဟု စွတ်စွဲသူက ရှိသေးသည်.။ ငမိုးဖာသာ MyanmarExpress လည်းမဟုတ်ပါ.၊ ဒေါက်တာ ဆိတ်ဖွားလည်းမဟုတ်ပါ.။ သူတို့ ဘယ်သူမှန်းလည်း ငမိုးမသိပါ.။ တစ်ခါကလည်း ဘင်္ဂလီအရေးက Myanmar Striker ဆိုက်က လူ တစ် ယောက်ကို  ဘင်္ဂလီ ဟု Myanmar Express ကတင်၍ ငမိုးကို လာရောက်ဆက်သွယ် တောင်းပန်တာ ခံရသေးသည်.။ ငမိုးဘာတတ်နိုင်မည်နည်း.။ ထိုသူက ပြောသေးသည်.။ Myanmar Express ကမော်စကိုမှ ထောင်ထားသည်ဖြစ်၍ ဆက်သွယ်ပေးပါရန် (သို့) ထိုပုံဖြုတ်ခိုင်း ပေးပါရန် ဖြစ်သည်.။ ငမိုးလည်း မသိ. ။ ရှေ့မီ နောက်မီ စီနီယာများကို စုံစမ်းရသည်.။ ကျောင်းအသီးသီးကို မေးရသည်.။ ဘယ်ကျောင်းမှာ မှ အဖြေမပေါ်၊ စီနီယာရှေ့မီ နောက်မီတွေလည်း သေချာ မသိ.ဆိုတော့ ငမိုးလည်း မတတ်နိုင်ပါ.။ ဒီကမဟုတ်ဟု ပြောသော် လည်းထိုသူ မယုံသလိုလို နှင့်တော့ လက်လျှော့သွားပုံရသည်.။
အသိတွေထဲမှာ ငမိုးရဲ့ အချစ်ရေးကို လာလာမေးကြသူရှိသည်.။ ဖြစ်နိုင်လျှင် လက်မ အောက်စိုက်ပြီး လည်ပင်းတွင် ဆွဲထားရမည်ထင်သည်.။ ဖြေရလွန်းမက ဖြေရတော့လည်း မဖြေချင်တော့.။ ငမိုးလည်း ကိုယ့်ကိုယ်ကို တစ်မျိုးတစ်မည်တော့ ခံစားရသည်.။ အကြောင်းမသိသူများကတော့ တစ်နှစ်လေးယောက် ပွေလှသည့်အကောင်ဟု ထင်မည် ဖြစ်သည်.။ အကြောင်း မသိဆိုကတည်းက ကိုယ့်ကို မခင်ကြ သူ တွေ ဖြစ် သည်.။ ကိုယ့်ကို မခင်မှတော့  ကိုယ့်ကို ထင်ချင်ထင်ကြပါစေ.။ အချင်းချင်း ယုံကြည်လျှင် တော်ပါပြီ.။ ကိုယ့် တွင်လည်း အစ်မနှင့် ညီမ နှင့်။. သူများသားသမီးကို ပွေချင် ရှုပ်ချင် အပျော်ကြံချင် စိတ်ငမိုးတွင် ရှိမရှိ  အချင်း ချင်း သိကြလျှင်ပင် ကျေနပ်လှပြီဖြစ်သည်.။ ကြာတော့ လူလည်း ထုံပေပေဖြစ်ပြီး. ဖဘ ပေါ်တွင် ဖီလင်တက်ပြီးရှယ်ယာ လုပ်ကြသော အချစ်ဒဿနများကို ကြည့်ရင်းသာ ရယ် ချင်လှတော့သည်.။ သို့သော်လည်း အနုပညာ စိတ်က ကြာကြာမခံနိုင်.။ ဟိုတစ်လောက လာသွားသည့် ကိုမင်းဧရာ(နွေတေးရှင်) ရဲ့ ကဗျာ များအလွန်ကောင်းသည်.။ မြန်မာကဗျာ ငတ်နေသော ငမိုး ရေငတ်တုန်း ရေတွင်းထဲ ကျသလို ပင်ဖြစ်မိသည်.။ မော်ဒန်ဆို ကိုအလင်းသစ်၊ မြန်မာဆို ကိုမင်းဧရာ၊ ၀တ္ထုဆို အစ်မမဒမ်ကိုး၊ သရော်စာ ဆိုလျှင် ဦးအိကု ၊ အလှအပ ဘာညာ ဆို မကန်ဒီ ၊ ခရီးသွားဗဟုသုတ ဆို မကွန် ၊ သူ့နေရာနှင့်သူ ဖေးဘ ရိတ် ထားရသည်.။ ကျန်သူတွေ လည်း သဘောမကျ၍ မဟုတ်ပါ.။ ငမိုးဘလော့ရဲ့ လင့်ခ် ချိတ် ထား သူ တွေ အ ကုန်လုံးက ငမိုးရဲ့ ဖေးဘရိတ်တွေချည်းပဲဖြစ်သည်.။
ရှေ့လတွင် ငမိုးရဲ့ မွေးသမိခင် မွေးနေ့ ရှိသည်.။ အမေ့ကိုတောင်းပန်စရာတစ်ခုရှိသည်.။ တစ်ချိန်က ငမိုးရည်ရွယ်ပြီး ဒီဘလော့မှာပင် သူ့နာမည်အကြိမ်ကြိမ်ရေးခဲ့သူ တစ်ဦး အကြောင်း အမေနှင့်ပြောစဉ်က မတော်လိုက်ရ သည့် ယောက္ခမ မိသားစု တစ်စုလုံးမွေးနေ့ တွေ ငမိုးအလွတ်ရကြောင်းပြောမိသည်.။ အမေ က ငမိုးတို့ မိသားစု မွေးနေ့တွေပြန်မေးတော့ ငမိုးဆိုသည့် ငတိက အမေ့ မွေးနေ့မှ လွဲ၍ ကျန်သည့် မွေးနေ့ အကုန်လုံးကို မှတ်မိသည်. ။ အမေ့ မွေးနေ့တစ်ခုတည်း မေ့နေသည်.။ အမေ ၀မ်းနည်းသွားသည်.။ ငမိုး လည်း သိသည်.။ တစ်ခါတစ်ခါ လိမ္မာအောင် နေလျက်နှင့် ထိုသို့ မှားသည့် အမှားတွေက ခွင့်လွှတ်ရခက် ၊ ဖြေ သိမ့် ရ ခက်တွေ ဖြစ်နေတတ်ပါသည်.။
စာလည်းရှည်ချေပြီ.။ ဖျားနေသည့် သူငယ်ချင်းကုတင်မှ လူးလိမ့်ညည်းငြူသံကြားသည်.။ Enter ခေါက်သံခပ်ကျယ်ကျယ်ကြောင့် နိုးလာပြီးထင်သည်.။ ပါးစပ်ထဲ ဘာမှ မရှိပါပဲလျက် ပလပ်ပလပ်နှင့် လေ တွေ ၀ါးနေသည်..။ အိပ်ပျော်သွားလျှင်တော့ အဖျားကျမှာ သေချာသည်.။ ဒီတစ်ပတ်လုံး ငမိုးပို့စ်ပြန်တင်ဖြစ်သည်မှာ  အလွန်ပျော်သည်.။ ကွန်မန့်များမြင်တော့လည်းပျော်ပါသည်.။ ဘလော့ဂါ ဟု ကွကို အမည်ခံထားသူများအဖို့ ကွန်မန့် ကိုတွေ့ရသော ပီတိသည်. စာရေးဆရာများ စာမူခ ရသော ပီတိထက် လျော့မည် မထင်ပါကြောင်း..။
                                                                                                   လေးစားလျက်
                                                                                                       မေမြို့မိုး




 

My Blog List