Friday, October 18, 2024

ကျေးဇူးတင်မိပါသည်




 ၂၀၀၉ ကျောင်းဆင်းဆင်းချင်းပေါ့။ မိခင်တပ်ရင်းကို သတင်းပို့ဖို့သွားတော့ မန္တလေးကနေ နေပြည်တော်ကို ရထားနဲ့သွားတယ်။ ခုလို Express ကားတွေ အရမ်းမများသေးတဲ့အချိန်ဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကျနော်က ခြေညောင်းလက်ဆန့်သာ တဲ့ ရထားကို ပိုသဘောကျတယ်။ နောက် အဲ့ဒီအချိန်ကတည်းက စာ စရေးနေပြီ။ မဂ္ဂဇင်းတွေမှာ ၁ ပုဒ်စ ၂ ပုဒ်စ ပါနေပြီဆိုတော့ စာရေးဆရာအရင့်အမာကြီးတွေ သူတို့စာတွေထဲမယ် ရေးခဲ့သလို ကျနော်လည်း စာရေးသူတစ်ဦးအနေနဲ့ လူတွေနဲ့ စကားပြောချင်တယ်။ သူတို့ ဇာတ်လမ်းတွေကို နားထောင်ချင်တယ်။ သူတို့ရဲ့ ဘဝတွေကို စောကြောစေ့ငုချင်တယ်။ အဲ့ဒါကြောင့်လည်း ရထားနဲ့ သွားဖြစ်ခဲ့တာလို့ မှတ်မိတယ်။ ကျနော့်ရဲ့ ပထမဆုံး တစ်ယောက်တည်း ရထားစီးတဲ့အတွေ့အကြုံလည်း ဖြစ်မယ်ထင်တယ်။

ရထားမှာက သံသေတ္တာတွေပါလာရင် ကုန်တွဲမှာ တန်ဆာခ ပေးပြီး သွားတင်ရတယ်။ ကျနော့်သံသေတ္တာအကြီးကြီးကို သွားတင်တော့ "ဒုတိယဗိုလ် ဟိန်းလင်းထွန်း" လို့ရေးထားတဲ့ သံသေတ္တာကြီးကိုမြင်တော့ ကုန်တွဲက လူက သေနတ်တွေ ဘာတွေ ပါတယ်ထင်တယ်နဲ့ တူပါတယ်။ "ဗိုလ်ကြီးသေတ္တာကို ဗိုလ်ကြီးအတွဲထဲပဲ ယူထားလိုက်ပါ" တဲ့။

အဲ့ဒါနဲ့ ကျနော်ခေါ်လာတဲ့ အထမ်းသမားက အဲ့ဒီသေတ္တာကြီးကို ကျနော့်ခုံဘေးက လျှောက်လမ်းပေါ်မှာ ချသွားတော့တာပဲ။ သေတ္တာကြီးက လျှောက်လမ်းတစ်ဝက်လောက်ကို နေရာယူထားတယ်။ သွားတဲ့ လာတဲ့လူတွေက အဲ့ဒီ သေတ္တာကြီးကို ရှောင်ကွင်းသွားကြရတယ်။ သေတ္တာမှာလည်း စစ်ဗိုလ်နာမည်နဲ့ဆိုတော့ မပြောရဲဘူး။ အားနာရပေမယ့် အဲ့ဒီသေတ္တာကြီးလည်း ကျနော်တစ်ယောက်တည်း ခါးချိအောင် မ, လည်း နိုင်တာမဟုတ်တော့ မျက်နှာပူပူနဲ့ပဲ ဆက်ထိုင်နေရတယ်။

မှတ်မှတ်ရရ ကျနော်က ခုံတစ်ခုံလုံးမှာ တစ်ယောက်တည်း။ ရှေ့မှာ အမျိုးသမီးကြီး ၂ ယောက်။ အသက် ၄၅~၅၀ ဝန်းကျင်အရွယ်ပေါ့။ သူတို့ အချင်းချင်း မိတ်ဆက်ကြတာ၊ စကားပြောတာ ကြည့်ရတာ ဝန်ကြီးဌာနက ဝန်ထမ်းအမျိုးသမီးတွေပါပဲ။ သူတို့ထဲက တစ်ယောက်က အရပ်ဝတ်နဲ့၊ တစ်ယောက်က ရှေ့နေရုံးက ဖြစ်မယ်ထင်တယ်။ ရှေ့နေဝတ်စုံနဲ့။ ချည်ထိုးရင်း စကားပြောနေတာ။

ကျနော်က အပွင့်တစ်ပွင့်နဲ့ Waistcoat နဲ့ (ယူနီဖောင်းနဲ့ ခရီးသွားလို့ရတဲ့ ခေတ်ကိုး) ထိုင်နေရင်း အိတ်ထဲက ထည့်လာတဲ့ စီးကရက်ဘူးကို တစ်လိပ်ပြီးတစ်လိပ် ထုတ်သောက်မိတယ်။ မရှိတာထက် မသိတာခက်လို့ပဲ ဆိုရမလား။ စိတ်ထဲမှာတွေးမိတာက လေတစ်ဖြူးဖြူးတိုက်နေတဲ့ ရထားတွဲထဲမှာ စီးကရက်ကို လူကြားသူကြားထဲ အငွေ့မထွက်အောင် သောက်တာက Legit ဖြစ်လောက်ပါတယ်ဆိုတဲ့ အတွေးမျိုး ကျနော့်မှာ ရှက်စရာကောင်းလောက်အောင် ရှိနေခဲ့တာ။ ကျနော်တို့ဟာ လူမှုကျင့်ဝတ်တွေ၊ နီတိတွေကို လေ့လာသင့်သလောက် မလေ့လာရသေးဘူးဆိုတာ အဲ့ဒီအချိန်မှ သိတော့တာပဲ။ စီးကရက်ကို အငွေ့မထွက်အောင်ပဲ သောက်သောက်၊ အငွေ့ထွက်အောင်ပဲ သောက်သောက် လူထူထပ်တဲ့ ပတ်ဝန်းကျင်မှာ စီးကရက်မသောက်သင့်ဘူးဆိုတာလောက်ကိုတောင် မသိနားမလည်၊ Civilized မဖြစ်ခဲ့တဲ့ တောသားလေးကျနော်ကို အဲ့ဒီအဖြစ်ကနေ ကယ်ထုတ်ပေးလိုက်တာက ကျနော့် မျက်နှာချင်းဆိုင်က ရှေ့နေ အန်တီကြီးပါ။

ကျနော့်မျက်နှာကို တည့်တည့်ကြည့်ပြီး တစ်လုံးချင်းပြောတာကို သေသေချာချာကြီးမှတ်မိနေတယ်။

"ငါ မင်းကို ကြည့်နေစမ်းတယ်။ ဆေးလိပ်မသောက်တဲ့လူတွေနားမှာဆေးလိပ် မသောက်ရဘူးဆိုတာ မသိဘူးလား" တဲ့။ "ဗျာ" လို့ပဲ ပြန်ဖြေပြီး စီးကရက်ကို ကြမ်းပြင်က အပေါက်ကနေ သံလမ်းပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကျနော် ဆက်မသောက်ရဲတော့ဘူး။

 

 

ပြီးတော့ ဆက်မေးရော။ "မင်း အသက်ဘယ်လောက်ရှိပြီလဲ" တဲ့။
"
၁၉ နှစ်ပါခင်ဗျာ" လို့ဖြေတော့။ "မင်းအသက် ၁၉ နှစ်တည်းနဲ့ စီးကရက်သောက်နေတာ ၆ လိပ်ရှိပြီ၊ စောစောစီးစီး သေချင်လို့လား" တဲ့။ "မိတ္ထီလာမရောက်မချင်း နောက်တစ်လိပ် ထပ်သောက်ရင် နင်နဲ့ ငါနဲ့ တွေ့မယ်" တဲ့။
ကျနော် အဲ့ဒီ အန်တီကြီးကို ကျွတ်ကျဲနေတာတွေ့တော့ ရှေ့က အရပ်ဝတ်နဲ့ အန်တီကလည်း သဘောကျတဲ့အကြည့်နဲ့ ရယ်ပြီး ကြည့်နေတယ်။ ပြီးတော့ ဟိုအန်တီ ကျနော့်ကိုဆူနေတာက အသံတော်တော်ကျယ်တဲ့ အပြင် ရထားတွဲပေါ်ကလူတွေကလည်း ခေါင်းတွေလှည့်ပြီး လှမ်းကြည့်နေကြတာ။ မသိလို့ပဲ ဖြစ်ဖြစ် သိသိကြီးပဲ ဖြစ်ဖြစ် ကျနော် စောင်တလွဲလုပ်ရင်တောင် စစ်ဗိုလ်ဆိုရင် ဘုမသိ ဘမသိ မပြောရဲတဲ့ ခေတ်ဆိုတော့ ဟိုအန်တီကြီးဟာ သူ့အမျိုးအဆွေထဲမှာ တူသော်လည်းကောင်း၊ သား သော်လည်းကောင်း စစ်ဗိုလ်ပေါက်စ ချာတိတ်တွေရှိကောင်းရှိမယ်ထင်ပါတယ်။ ကျနော့်မှာ ရှက်လွန်းလို့ လှုပ်တောင် မလှုပ်ရဲတော့ဘူး။ ကြောက်တယ်ဆိုတာထက် ရှက်သွားတာ။ အပြောခံရလို့ရှက်တာမဟုတ်ဘူး။ ငါအဲ့ဒီလောက်တောင် တုံးရသလား၊ ဒီလို အခြေခံ Common Sense လေးတောင် မရှိရလောက်အောင်၊ နားမလည်ရလောက်အောင် ညံ့ရသလား ဆိုတဲ့ ရှက်နည်းမျိုးနဲ့ ရှက်သွားတာ။ အဲ့ဒီအချိန်အခိုက်အတန့်ဟာ နှိုင်းယှဉ်မြင့်မိုရ် အင်တာဗျူးထဲကလို သေးသေးလေးဖြစ်ပြီးပျောက်ကွယ်သွားချင်တယ် ဆိုတာမျိုး။
မိတ္တီလာဘူတာကျော်တော့ အဲ့ဒီအန်တီကြီးက ပြောသေးတယ်။ "နင် ဆေးလိပ်သောက်ချင်ရင် တွဲကြားထဲ သွားသောက်" တဲ့။ ကျနော် ရှက်ရှက်နဲ့ "ဟုတ်ကဲ့ပါခင်ဗျာ" ပြောပြီး ရယ်ပဲရယ်နေလိုက်တယ်။ တကယ် တစ်လမ်းလုံးလည်း ဆက်မသောက်ဖြစ်တော့ဘူး။
အဲ့ဒီနေ့ကစပြီး ကျနော်ဟာ ခရီးသွားရင် ယူနီဖောင်းနဲ့ မသွားရဲတော့ဘူး။ ကျနော် အနေအထိုင်မှားတာဖြစ်ဖြစ်၊ အပြောအဆိုမှားတာဖြစ်ဖြစ်၊ တစ်ခုခု လွဲမှားသွားတိုင်း သိက္ခာက ၂ ဆ ကျရတယ်ဆိုတာမျိုး ကျနော့်စိတ်ထဲမှာ တွေးမိသွားတာ။ နောက် အဲ့ဒီလို ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့ ကိစ္စတိုင်းမှာ ကျနော့်အလုပ်က ပတ်ဝန်းကျင်အပေါ် သက်ရောက်နေလားလို့ အမြဲတွေးဖြစ်သွားတာ။

နောက်ပိုင်း အသက် ၂၅ ဝန်းကျင်မှာ ပြန်တွေးမိတဲ့အခါ အဲ့ဒီ အန်တီကြီးသာ ကျနော့်ကို အဲ့လို မဆုံးမခဲ့ရင် ကျနော့်ရဲ့ မသိသားဆိုးဝါးမှုတွေ ဘယ်အသက်အရွယ်အထိ ရှိနေမယ်ဆိုတာ တကယ်မပြောတတ်ဘူး။ တကယ်ကို ဘယ်အချိန်ပြန်တွေးတွေး လှိုက်လှိုက်လှဲလှဲကြီး ကျေးဇူးတင်နေရတော့တာပဲ။

ဟိုးအရင်က ကျနော်စာတွေ ရေးခဲ့သလိုပဲ။ ကျနော်က ဆုံးမရခက်သလောက် အင်မတန်နာယူလွယ်ပါတယ်။ ကျနော့်ကို ဦးချိုးနိုင်ဖို့ပဲ လိုတာ။ ကျနော့်ကို ဆုံးမတဲ့လူဟာ စာအုပ်ကလေး ၂ အုပ် ၃ အုပ်လောက်ဖတ်ပြီး လာဆုံးမရင် စာအုပ်ထောင်ချီ ခေါင်းထဲမှာ ရောပြွမ်းနေတဲ့ ကျနော့် နားထဲ ဝင်မှာမျိုးမဟုတ်ဘူး။ အဲ့ဒီ အန်တီကြီးလို့ တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ရင်တော့ ကျနော့်ကို ကိုင်တွယ်နိုင်မှာပဲ။ ကျနော့်ဘဝမှာ ကျနော့်ကို ရထားစီးနေရင်းနဲ့ အငွေ့ပျံပြီး ပျောက်သွားချင်လောက်အောင် ခပ်စပ်စပ်လေး ဆုံးမခဲ့ဖူးတဲ့လူတစ်ယောက်နဲ့၊ မတ်တတ်ရပ်နေရင်းနဲ့ လဲသေချင်လောက်အောင် နာနာကျင်ကျင် ပြောခဲ့ဖူးတဲ့ လူတစ်ယောက်ကြောင့်သာ ကျနော့်ဘဝက လမ်းကြောင်းမှန်ပေါ်ရောက်သွားတယ်ပဲ ဆိုပါတော့။

 

 




Friday, October 4, 2024

ကျနော်ဆိုးခဲ့စဉ်က...



 ၂၀၁၇ တုန်းက ကျနော်တပ်ကုန်းမှာ Complex System Operator ရော ရုရှား-အင်္ဂလိပ် - မြန်မာ စကားပြန်ပါ တွဲလုပ်နေတဲ့အချိန်ပေါ့။ နေပြည်တော်တစ်ဝိုက်ဆိုတာ နွေရာသီမှာ ဒွါရကိုးပေါက် ချွေးတောက်တောက်ကျအောင် ပူသလောက် ဆောင်းတွင်းဆိုရင်လည်း ရှိတာအကုန် တိုဝင်လောက်အောင် အေးတာကလား။
ဒီက ရေမရောတဲ့ မေမြို့သားစစ်စစ်ကြီး၊ မော်စကိုရဲ့ ဖရီးဇင်းဝင်းတား ကိုတောင် ကျောလှန်ပြီးဘောကန်လာတဲ့ကောင်ကြီးဟာ နေပြည်တော်တပ်ကုန်းရဲ့ ဆောင်းတွင်းမှာတော့ မာမာချာချာမဖြစ်တော့ဘဲ အသားတွေပက်လာပါရောလား။ အသားပက်တာက အကြောင်းမဟုတ်ဘဲ ရိပ်သာကကျွေးတဲ့ မသထာရေစာတွေထဲမယ် ဗိုက်တာမင်ဘီတွေ ချို့တဲ့ပုံရပါတယ်။ ငယ်ငယ်ဖြစ်ဖူးတဲ့ ကျီးကန်းပါးစပ် (ရှမ်းလိုတော့ "ဆွတ်ဟီကိုင်" လို့ ခေါ်တယ်ဗျ။ မြန်မာလိုတော့ မပြောပြတာကောင်းပါတယ်) တွေ ဖြစ်ချင်သလိုဖြစ်လာပါရော...။
အဲ့ဒါနဲ့ မွေးသမိခင်ဆီ ဖုန်းဆက်တော့ "ကိုဟေးရေ အလှဆီတွေလိမ်း၊ အရောင်မပါတဲ့ နှုတ်ခမ်းနီတွေ ဆိုးလိုက်" တဲ့...။ (အမေက ကျနော့်ကို ကိုဟေး လို့ခေါ်တာပါ)
အဲ့ဒါနဲ့ပဲ အောက်က စတိုးဆိုင်ကိုပြေးပြီး နှုတ်ခမ်းနီ(ဒီနေရာမှာ နှုတ်ခမ်းဖြူလို့ သုံးရင် ထောက်လို့ နှုတ်ခမ်းနီလို့ပဲ ရေးပါရစေ) နှုတ်ခမ်းနီ အဖြူတောင့်ကို မေးဝယ်တော့တာပဲ။
ဆိုင်က ရွာဆိုင်ကလေးဆိုပေမယ့် ရန်-မန်း လမ်းဟောင်းဘေးမှာရှိတာရော၊ ဆိုင်ရှင်အန်တီကြီးက Facebook က တစ်ရာဖိုးသုံးပုဒ်တွေ ယုံပြီး ဆိုင်မယ် ထင်ရာမြင်ရာ အကုန်တင်ထားတာကြောင့်ရော၊ MLM တွေကထုတ်တဲ့ Successmore သွားတိုက်ဆေး တို့၊ သွေးတိုးကျ လက်ပတ် တို့ စတဲ့ ပစ္စည်းတွေ အတော်စုံပါတယ်။ (ရေးနေရင်း ခုခေတ်ဆို ကိုဗစ်မကူးတဲ့လည်ဆွဲ အထုတ်ကလေးတွေတောင် ရောင်းနေမလားတွေးမိနေသေးတယ်)
ကျနော်ကလည်း ပစ္စည်းဆို အကောင်းမှ သုံးချင်တဲ့ကောင်ဆိုတော့ လျှာရှည်တော်မူပြီး "အန်တီရယ် အရောင်မပါတဲ့ နှုတ်ခမ်းနီရှိရင်လည်း ဟိုအစ်ကိုကြီးတွေ ဝယ်သွားတဲ့ ပေါပေါပဲပဲ တရုတ်နှုတ်ခမ်းနီတွေ မပေးပါနဲ့၊ ကောင်းတာလေး ပေးပါ" ဆိုပြီး ကညော့လိုက်တော့ "ဒီဆိုင်မှာတော့ ဒါအကောင်းဆုံးပဲ ဗိုလ်ကြီးရေ" ဆိုပြီး အောက်ပုံမှာပြထားတဲ့ ကိုရီးယားစာလုံး ၃ ၄ လုံးပါတဲ့ နှုတ်ခမ်းအဖြူတောင့်လေးပေးလိုက်ပါတော့တယ်။
အဲ့ဒါနဲ့ပဲ အောက်ရွာထဲမှာ ညစာတွေဘာညာတွေ စားသောက်ပြီး အဆောင်ပြန်၊ ညဖက် မအိပ်ခင်မှာ အဲ့ဒီ နှုတ်ခမ်းနီအဖြူဘူးကလေးကို နှုတ်ခမ်းနဲ့အပြည့်ဆိုး၊ နှုတ်ခမ်းစောင်းတွေမှာ ကွဲချင်ချင်ဖြစ်နေတာဆိုတော့ နှုတ်ခမ်းစောင်းတွေပါ "ခိုး" ပြီး ပတ်လည်အားရပါရ ဆိုးချလိုက်ပါတော့တယ်။
မနက်လည်း လင်းရော အိပ်ရာက နိုးလာတဲ့အချိန် အခန်းဖော်စီနီယာနောင်တော်က ကျနော့်မျက်နှာကိုကြည့်ပြီး ခွက်ထိုးခွက်လှန် ရယ်ပါတော့တယ်။ အိပ်မှုံစုံမွှားဖြစ်နေရာကနေ သူရယ်နေတာမြင်တော့ ဘာဖြစ်နေမှန်းမရိပ်မိတဲ့ ကျနော်ဟာ အိပ်မက်လိုလို ဘာလိုလိုဖြစ်နေပါသေးတယ်။
နောက်တော့ ကျနော် အူလည်လည်ဖြစ်နေမှန်းသိတဲ့ ဘဲကြီးက သူအိပ်ခါနီး လိုးရှင်းလူးနေကျ ကြည့်မှန်အဝိုင်းကြီးကို ကျနော့်မျက်နှာကို ထိုးပေးလိုက်ပါတော့တယ်။
ရုတ်တရတ်ကြီး The Dark Knight ဇာတ်ကားထဲက Batman ရဲ့ မဟာရန်သူတော်ကြီး Jocker တစ်ယောက် ဘယ်လိုအတောင်ပံပေါက်ပြီး ၂ ခန်းတွဲ လိုင်းခန်းလေးရဲ့ ကုတင်ခြေရင်းမှာ စုဖုရားလတ်ထိုင်နည်းမျိုးနဲ့ ထိုင်နေတာများလဲ လို့တောင် တွေးမိသွားပါတယ်။ ရွာဆိုင်က အန်တီကြီးရောင်းလိုက်တဲ့ နှုတ်ခမ်းနီဟာ ညတုန်းကဖြူပြီး မနက်လင်းတော့ ဘယ့်နှာကြောင့် ရဲရဲ တွတ်နေရပါသလဲ ဆိုတဲ့ မေးခွန်းကို ကျနော် မဖြေတတ်တော့ဘူး။ ဘေးသားတွေပါ "ခိုး" ပြီး ဆိုးထားတာဆိုတော့ မျက်စိထဲသာ မြင်ကြည့်ပါတော့။ (ကိုယ့်ပုံကိုယ် တင်ဖို့ သတ္တိမရှိလို့ အောက်မယ် ကျနော်အဲ့ဒီအချိန်ကပုံနဲ့ တော်တော်တူတဲ့ Jocker ပုံကို တင်ပေးထားပါတယ်)
ကျနော့်ရဲ့ အိုင်ကျူ ၁၈၇ စူပါဦးနှောက်ကြီးနဲ့ လိုက်မမီတဲ့ မိန်းမတွေရဲ့ ခုဖြူနောက်နီ နှုတ်ခမ်းနီကြီးအကြောင်းတွေးနေတဲ့အချိန်ပဲ အခန်းဖော် စီနီယာ ဘဲကြီးဟာ စီနီယာပီသစွာနဲ့ပဲ အဆောင်ရှေ့ထွက်ပြီး "GP ကို လာကြည့်ကြပါဦးဟ ခိုင်ဇော်လင်းတို့ရေ" ဆိုပြီး အရပ်ကိုမောင်းခတ်ကြေငြာနေပါတော့တယ်။
သူ့အသံကြောင့် ဘေးခန်းကလူတွေ ထွက်မလာခင်စပ်ကြားမှာ အိမ်သာထဲကို ပြေးပြီး ဘေစင်က ရေနဲ့ဆေးချပေမယ့် ရွှေနှုတ်ခမ်းတော်အစုံက ပတ္တမြားခဲအလား ရဲရဲနီတဲ့ နှုတ်ခမ်းနီတွေဟာ တက်တူးထိုးထားသလို အရောင်တောင် လျော့မလာဘဲ ပိုတောင်ရဲသလာသလို ထင်လာရပါတယ်။
နောက်ဆုံးတော့ အရှက်နဲ့ သိက္ခာတို့ကို မငဲ့နိုင်တော့ဘဲ ကိုခိုင်ဇော်လင်းရဲ့ အမျိုးသမီးဆီက မိတ်ကပ်ဖျက်တဲ့ Towel အဝိုင်းကလေးတွေ၊ အရည်၊ အခဲ၊ သနပ်ခါး စသည်ဖြင့် မျိုးစုံတောင်းယူဖျက်ပေမယ့်လည်း ဘယ်လိုမှ မပျက်ခဲ့ပါဘူး။
အဲ့ဒါနဲ့ပဲ ရှေ့မျက်နှာနောက်ထားလို့ ဘေးခန်းက သင်တန်းမှူးဆီ သတင်းပို့ပြီး အဲ့ဒီနှုတ်ခမ်းနီတွေမပျက်မချင်း အဆောင်မှာသာ နေခွင့်ပေးပါရန် ခွင့်တောင်းပြီး နေခဲ့ရတော့တာပဲ။
နောက်တော့မှပဲ ဒီနှုတ်ခမ်းနီတွေက ၄ ရက်မြောက်နေ့မှ ဖြည်းဖြည်းချင်း မှိန်ပြီး ပျက်သွားတယ်။
အနည်းဆုံးတော့ ပတ်ဝန်းကျင်မှာ အရှက်အိုးဗြန်းဗြန်းကွဲခဲ့ပေမယ့် ကိုယ်ကျွမ်းမဝင်တဲ့ မိန်းမတွေရဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ဝေးဝေးနေဖို့ သင်ခန်းစာတော့ရခဲ့တယ်ပေါ့လေ။
အောက်ကပုံကတော့ ကျနော်ဆိုးခဲ့ဖူးသော (ညဖြူ၊ မနက်နီ) နှုတ်ခမ်းနီအဖြူတောင့် နဲ့ ကိုဗစ်မဖြစ်ခင်ကတည်းက တစ်ပတ်လောက် Mask တပ်ခဲ့ရတဲ့ကျနော့်ပုံနဲ့ အဲ့ဒီကာလက ကျနော်အခွက်နဲ့ တစ်ထေရာတည်း တူနေတဲ့ Jocker ကြီးပုံပါပဲ။










Thursday, August 8, 2024

Some random stories (Unknown Episode - 5)

 

photo - AI


မှတ်မှတ်ရရ အဲ့ဒီညက ကျနော်တို့အခန်းက ခေါင်ရည် Conversation ကို လာ Join တဲ့ အပေါ်လွှာက အသိမိန်းကလေးတွေရှိလို့ စီးကရက်သမားတွေက ကော်ရစ်ဒါမှာ ထွက်သောက်ကြတယ်။ ကျနော့် Mild 7 ဘူးလေးကိုလည်း ကော်ရစ်ဒါက ရွက်လှပန်းအိုးဘေးမှာ သောက်ချင်တဲ့လူ ယူသောက်လို့ရအောင် တင်ထားတယ်။ အဲ့ဒီလိုပဲ စီးကရက်ထွက်သောက်လိုက်၊ အခန်းထဲပြန်ဝင်ပြီး သီချင်းဆိုလိုက် စကားပြောလိုက်နဲ့။
ငယ်ငယ်က ညနေက ကိစ္စကို အစာကြေဟန်မတူဘူး။ ရီဝေဝေစကားဝိုင်းဟာ ပျော်စရာလို့ ထင်ရပေမယ့် ကျနော်က ကျနော့်ဘဝရဲ့ အလွဲတွေအကြောင်း ပြန်ပြောတိုင်း တခြားလူတွေရယ်ကြရင်တောင် သူက မရယ်ဘူး။ ဖုန်းကို ငုံ့ပြီးပွတ်နေတယ်။ တခြားအစ်ကိုတွေ၊ အစ်မတွေ စကားပြောမှ သူက တစ်ချက်တစ်ချက် ဝင်ဝင်ထောက်တတ်တယ်။ ကျနော် စကားပြောတိုင်း သူက မျက်နှာလွှဲထားတယ်။ သူစိတ်မကြည်ဘူးဆိုတဲ့ သဘောပေါ့။
တခြားလူတွေ ရိပ်မိသွားမလားမသိပေမယ့် ကျနော်က ကျနော်တို့ နှစ်ယောက်ပဲ သိတဲ့ အဓိပ္ပာယ် ၂ မျိုး ရတဲ့ Dirty Joke တစ်ခုကို ပြောတယ်။ အဓိပ္ပာယ် ၂ ခွထဲက တခြားအဓိပ္ပာယ်က ထင်သလောက်မရယ်ရပေမယ့် အားနာပါးနာရယ်ပေးတဲ့လူတွေ ကြောင့် ထင်သလောက်တော့ embarrassed မဖြစ်ဘူးပေါ့။ ငယ်ငယ်က ခေါင်းငုံ့နေရာက လန့်သွားတဲ့ မျက်နှာနဲ့ ကျနော့် မျက်နှာကို ဖျတ်ကနဲလှမ်းကြည့်တယ်။ ပြီးတော့ လက်ကို မမြင်အောင်ဝှက်ပြီး လက်ခလယ်ထောင်ပြတယ်။ သူ့ပါးစပ်ပေါက်သေးသေးလေးက နှုတ်ခမ်းကို ကိုက်ပြလိုက်သေးတယ်။
၁၁ လောက်ကျတော့ Conversation က နည်းနည်း ငြိမ်သွားပြီ။ မိန်းကလေးအများစုက သူတို့အထပ်ကို ပြန်တက်သွားတယ်။ သောက်တတ်တဲ့ ၁ ယောက် ၂ ယောက်ပဲ ကျန်တယ်။ ပုံမှန်ဆို တော်တော်သောက်နိုင်တဲ့ ငယ်ငယ်က ဟုတ်တိပတ်တိ မသောက်ဘဲ ယောင်ပေပေလုပ်ရင်းကျန်နေခဲ့ပြီး Toilet ဖက်ခဏထွက်သွားတယ်။
ခဏကြာတော့ ခေါင်ရည်ကုန်သွားလို့ လစ်မစ်မကိုက်သေးတဲ့လူတွေက ဘီယာ ဆင်းဝယ်ကြတယ်။ အထဲမှာ ဖင်အပေါ့ဆုံး ချာတိတ် ၂ ယောက်က ပိုက်ဆံပေးတာတောင် မယူဘဲ ဆင်းသွားတယ်။ အခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျနော်လည်း စကားပြောစရာလူမရှိတဲ့ အဆုံး၊ ဂစ်တာခဏကိုင်တယ်။ ညဖက် တခြားလူတွေ အိပ်ချင်နေမစိုးလို့ Strumming မတီးဖြစ်ဘဲ ကြိုးတွေ လျှောက်တီးပြီး ပြန်ချထားလိုက်တယ်။ ပြီးတော့ ကော်ရစ်ဒါထွက်ပြီး စီးကရက်တစ်လိပ်ကို ညှိတယ်။
ရန်ကုန်ရဲ့ ညက အသက်ဝင်လှုပ်ရှားနေတုန်းပဲ။ ည ၁၁ နာရီဆိုတာ ရန်ကုန်မှာ အစောကြီးပဲဆိုပါတော့။ ကမ်းနားလမ်းဖက်မှာ ကွန်တိန်နာတွေ လီဗာနင်းပြီးရုန်းတဲ့ အသံတွေကို လှမ်းကြားနေရတယ်။
ရပ်နေရာက ခဏညောင်းလာလို့ ကော်ရစ်ဒါမှာပဲ ထိုင်တယ်။ ပြီးတော့ မီးရောင်တွေကြားမှာ မထင်မရှားလေးပေါ်နေတဲ့ လတစ်ခြမ်းပဲ့ကလေးကို မြင်ရတယ်။ မာကျူရီမီးလုံးတွေရဲ့ အလင်းရောင်က သိပ်စူးနေတဲ့အချိန် ရန်ကုန်မြို့ကြီးထဲမှာ ကိုယ့်လို မထင်မရှား လရောင်ကို တစ်ချိန်တည်းမှာ ကြည့်နေတဲ့လူ ဘယ်နှယောက်များရှိပါ့မလဲ။
တွေးနေရင်းနဲ့ စီးကရက်ကို ပြာချွေပြီး နှုတ်ခမ်းမှာထိခါနီး ဖြုတ်ကနဲ ဆွဲလုခံလိုက်ရတာကို သတိရတယ်။ အဲ့ဒီခံစားချက်ကို သဘောပေါက်မယ်ထင်ပါတယ်.။ ခန္ဓာကိုယ်က တောင်းဆိုနေတဲ့ နီကိုတင်းက ကိုယ်ထဲကို စီးဝင်လက်စ Streaming က အချိန်မတန်ခင်ပြတ်တောက်သွားတဲ့ အချိန် မအီမလည်၊ မတင်မကျ ဖြစ်သွားတဲ့ ခံစားချက်မျိုး။ စိတ်က ထင့်ကနဲဖြစ်သွားပေမယ့် ကျနော်သောက်လက်စ စီးကရက်ကို ယူပြီး ဖွာနေတဲ့ ငယ်ငယ့်ကို မြင်တော့ စိတ်က ပြေသွားတယ်။
ငယ်ငယ်က ဘေးမှာဝင်ထိုင်တယ်။ ၂ ဖွာလောက် ဖွာပြီး ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တဲ့ စီးကရက်ကို ပန်းအိုးရဲ့ မြေကြီးနဲ့ ထိုးပြီး သတ်နေတယ်။ ပြီးတော့ လက်က ကိုင်ထားတယ်။ သူ့ကို ကြည့်ရတာ အဝေးတစ်နေရာက တိုက်တွေ မီးရောင်တွေကို ကြည့်နေပုံပါပဲ။ ကျနော့်လို လရောင်ကို ရှာနေတဲ့ မျက်လုံးမျိုးတော့ မဟုတ်ဘူး။
"နင်ငါ့ကို စိတ်ကောက်နေတုန်းပဲလား"
ကျနော့် အမေးကို ငယ်ငယ် ပြန်မဖြေဘူး။ သူကြိုက်တဲ့ ကော်ဖီခါးခါးတွေ သောက်နေကျအချိန်လို ခေါင်းလေးကို ဆတ်ဆတ်ဆတ်ဆတ် တုန်ပြီး တစ်ခုခု ကို စဉ်းစားနေတဲ့ မျက်ဝန်းမျိုးနဲ့။ ကျနော် သဘောကျခဲ့ရတဲ့ အရုပ်မလို မျက်တောင်လေးတွေ။
"နင်က တကယ့် ကလေးပဲ သိလား..."
ကျနော့်ရဲ့ မရင့်ကျက်မှု၊ မသိသားဆိုးဝါးမှုတွေအပေါ် စိတ်ပျက်ရတိုင်း သူပြောနေကျ စကားကိုပဲ ပြောတယ်။ ပြီးတော့ ပြန်ငြိမ်သွားပြန်တယ်။
ခဏကြာတော့ ကျနော် ငယ်ငယ့်လက်ထဲက မပစ်ရသေးတဲ့ စီးကရက်အတိုကို ယူလိုက်တယ်။ ဓာတ်လှေကားရှေ့က အမှိုက်ပုံးထဲ သွားထည့်ဖို့ မတ်တတ်ရပ်တဲ့အချိန် ကျနော့်ကို ငယ်ငယ်က မထနိုင်အောင် ပခုံးကို ဖိပြီး ခို ထားတယ်။ ကျနော် ရယ်ပြီး မတ်တတ်ရပ်လိုက်တဲ့အချိန် သူ့ပါ ထရပ်တယ်။ ပြီးတော့ ကျနော့်ကို နံရံမှာ တွန်းကပ်ပြီး နမ်းတယ်။

ပုံမှန်အားဖြင့် မိန်းကလေးနဲ့ ယောက်ျားလေး နမ်းကြရင် မိန်းကလေးက နံရံဖက်က မဟုတ်လား။ အမြဲလွဲနေကျ စုံတွဲတစ်တွဲရဲ့ အဲ့ဒီလို ပြောင်းတိပြောင်းပြန်ဖြစ်နေတဲ့ အမှတ်ရစရာ အနမ်းက ချိုမြိန်ပေမယ့် အချိန်အကြာကြီးတော့ မခံခဲ့ပါဘူး။
ဓာတ်လှေကားပွင့်လာသံနဲ့အတူ ဘီယာသွားဝယ်တဲ့အဖွဲ့တွေ ပြန်ရောက်လာတော့ ငယ်ငယ်က အကုန်လုံးကို နှုတ်ဆက်ပြီး မိန်းကလေးတွေတည်းတဲ့ အလွှာကို ပြန်တက်သွားတော့တာပဲ။

မိုးသက်ဦးလွင်
စက်တင်ဘာ ၂၊ ၂၀၂၃




Sunday, July 28, 2024

Some random stories (Unkown Episode - 4)

 

 Photo:AI


ဇာတ်လမ်းအစက ကျောင်းအုပ်ဆရာမကြီးက ကော်ရစ်ဒါကနေ Round တိုင်း ပြတင်းပေါက်နဲ့ စာသင်ခုံတန်းရှည်တွေရဲ့ ကြားက မျက်ကွယ်နေရာမှာ ကျောင်းသားတွေ ဝင်ဝင်အိပ်လို့ အတန်းဖွဲ့စည်းပုံကိုပြောင်းပစ်လိုက်တဲ့ ကိစ္စပဲ။

အရင်တုန်းက အတန်းထဲကိုဝင်လိုက်ရင် ဘယ်ဖက်အခြမ်းမှာ မိန်းကလေးတွေရှိမယ်။ ညာဖက် အခြမ်းမှာ ယောက်ျားလေးတန်းရှိမယ်။ အလယ်မှာ လျှောက်လမ်းပေါ့။ ယောက်ျားလေးတန်းက ကော်ရစ်ဒါနဲ့ ကပ်နေတဲ့အတွက် ကော်ရစ်ဒါနဲ့ ကပ်နေတဲ့ နံရံနဲ့ ခုံတန်းကြားထဲ ဝင်ဝင်အိပ်ကြတာ။ ဒါကို ဆရာမကြီးက သဘောမကျလို့ ပြောင်းလိုက်တဲ့ ပုံစံက လျှောက်လမ်းကို ဘယ်နဲ့ ညာမှာထားလိုက်တယ်ပြီး ယောက်ျားလေး Column ရော မိန်းကလေး Column ရောကို အလယ်မှာ ကပ်ချလိုက်တာ။
အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ နဂိုတုန်းက ယောက်ျားလေးတန်းရဲ့ ညာဖက်အစွန်ဆုံးကျနော်က မိန်းကလေးတန်းရဲ့ ဘယ်ဖက်အစွန်ဆုံး သိင်္ဂီနဲ့ ခုံချင်း ဆက်သွားတော့တာပေါ့။
ကျနော်တို့ ဆယ်တန်းတုန်းက စည်းကမ်းတစ်ခုရှိတယ်။ အဲ့ဒါက အတန်းထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေး စာမေးတာကလွဲရင် အပို အလာပ သာလာပ စကားမပြောရတာပဲ။ အတန်းပိုင်ဆရာမက အပျိုကြီးဆိုတော့ ဒါတွေ ဘယ်နားလည်ပါ့မလဲလို့ ကျောင်းသားအချင်းချင်း အတင်းပြောတာကို တစ်ယောက်ယောက်ဖွပုံရပါတယ်။ ကြိမ်စကြာနဲ့ ခပ်စပ်စပ်လေး အဆော်ခံထိသွားတော့ အခန်းထဲက ဆရာမကို ဒလန်လုပ်နေတဲ့လူကို ရှာကြသေးတယ်။ မတွေ့ခဲ့ပါဘူး။ မိန်းကလေးရှေ့ဆုံးတန်းက စာကြိုးစားသလောက် ဆိုရှယ်အင်မတန်ညံ့တဲ့ မွတ်စလင်မလေးဟန်နီထွန်းလား။ ဆရာမ အချစ်တော် ခွေးပုလေး သီဟန်ကျော်လား၊ ဒါမှမဟုတ် နောက်ဆုံးတန်းက မော်နီတာဝိတ်ပေါ မင်းကိုနိုင်လား ဘယ်သူမှ သေချာမသိဘူး။ ဒါပေမယ့် မိန်းကလေးနဲ့ ယောက်ျားလေး ပြုံးပြုံးရွှင်ရွှင်နဲ့ ဖလာ့တ္တင်း လုပ်ပြီး စကားပြောပြီဆိုတာနဲ့ ဆရာမက တစ်နည်းနည်းနဲ့ သိသွားပြီး ကွန်ဆာဗေးတစ်အလုံးတွေနဲ့ရော အာဏာရှင်ကြိမ်လုံးနဲ့ပါ နှစ်ပါးသွားရဖို့ သေချာတယ်။
အဲ့ဒီတော့ အရင်တုန်းက ကျနော်တို့လေပေါအုပ်စုနဲ့ ဟိုဖက်က သာလိကာ သိင်္ဂီတို့ အုပ်စုဟာ စကားပြောချင်ရင် စာအုပ်ကလေး ဟိုဖက်သည်ဖက် ကမ်းပြီး ပြောကြရတာ။ စာအုပ်နောက်ထဲမှာ စာတိုလေးတွေရေးရင်းနဲ့ပေါ့။ ဒီနေ့ခေတ်လိုပြောရရင် လက်ကမ်း Messenger လေးတွေပဲဆိုပါစို့။ "နင်ဒီနေ့ ဝတ်ထားတာ လှတယ်နော်" "အံမယ် နင်ကလည်း အပိုတွေလုပ်ပြန်ပြီ" "ကဲကုလပ်စ်တွေ ခက်တယ်ဟာ..." "နင်ဆံပင်ညှပ်လိုက်တာလား" စတဲ့ အတိုအစလေးတွေပေါ့။ ဒါပေမယ့် ကိုယ်တို့မှာ ဘာအရောင်အဆင်းမှ မရှိ၊ ပကတိ သူငယ်ချင်း သံယောဇဉ် သက်သက်လေးတွေပဲရှိတာမျိုး။
ဒါပေမယ့် အထက်က ဆိုခဲ့သည့်အတိုင်း သူနဲ့ကိုယ်က ကြားမှာ ခြားနေတဲ့လျှောက်လမ်းမရှိတော့ဘူး။ ကျောင်းဆင်းရင် ဆုတ်ပစ်ရမယ့် စာတိုလေးတွေရှိတဲ့ ဗလာစာအုပ်တွေ ကမ်းနေစရာမလိုတော့ဘူး။ သူဟာ ကိုယ့်ဘေးမှာ၊ ကိုယ်ကလည်း သူ့ဘေးမှာ။ အဲ့ဒီတော့ ကိုယ်တွေရဲ့ chit-chat conversation တွေဟာ အသွင်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဆယ်တန်းကျောင်းသားတွေအတွက် မထူးဆန်းတဲ့ ခုံပေါ်မှောက်အိပ်တဲ့ ပုံစံမျိုးပေါ့။ သူရော ကိုယ်ရော မှောက်အိပ်နေတာ။ အခန်းထဲက ဘယ်သူမှန်းမသိတဲ့ ဒလန်ထီး/ဒလန်မ က ကိုယ်တွေ စကားပြောနေမှန်းမသိအောင်ပေါ့။ ဒါပေမယ့် တစ်ယောက်ရဲ့ ထွက်သက်နွေးနွေးလေးတွေကို တစ်ယောက်က ခံစားနေရတဲ့ နီးကပ်မှုမျိုးမှာ ကျနော်တို့ နှစ်ယောက်အတွက် တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ကြားလာရဖို့အတွက် အချိန်တွေ အများကြီးမလိုခဲ့ပါဘူး။

ကျနော်တို့ရဲ့ ချစ်ပုံပြင်လေးဟာ လှသလောက် ကြာရှည်မခံခဲ့တဲ့ ပန်းလေးတွေလိုပါပဲ။ ပန်းကလေးတွေဟာ အချိန်တန်ရင် ညှိုးရမယ့် ကြွေရမယ်။ ဒါပါပဲ။ ကျနော်တို့ ကြည့်မရတဲ့ ခွေးပုလေးသီဟန်ကျော် ဟာ ကျနော့်အပိုင်လို ကျနော်တွက်ထားခဲ့တဲ့ နှာခေါင်းချွန်မလေးသိင်္ဂီဝင်းရဲ့ ခုံပေါ်ကို ပန်းတစ်ပွင့်လာတင်တာကို တွေ့လိုက်ရတဲ့ မနက်က ကျနော်ဟာ ရည်းစားလူလု အူနု ကျွဲခတ် ဖြစ်နေခဲ့တာကို မှတ်မိတယ်။ ဆောင့်ဆွဲလိုက်လို့ ပြုတ်ထွက်သွားတဲ့ ရင်ဘတ်ကြယ်သီးဟာ အတန်းထဲက Seating plan တစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားမယ်လို့ ဘယ်သူမှ ကြိုမထင်ထားခဲ့ဘူး။ ဒါပေမယ့်လည်း ကျနော်က သိင်္ဂီ့ကို ကျနော့်အိတ်ကပ်ကလေးထဲကနေရာလေးတစ်ခုမှာ ငြိမ်ငြိမ်လေးရှိနေမယ့် စံပယ်ဖြူပွင့်လေးလို ထင်ခဲ့တာလည်း နုံအမှုတစ်ခုလို့ဆိုရမလား။
ဝိုးတိုးဝါးတား အာရုံထဲမှာ အီကိုခန်းက ဂစ်တာတီးတတ်တဲ့ကောင်က စုံညီပွဲတော်ကာလကြီး ကျောင်းမှာ ဂစ်တာယူလာပြီး တီးနေတာကို သတိရတယ်..။ ဂီတကို ဝါသနာပါလို့ ကိုယ့်စာသင်ခန်းထဲက‌နေ အီကိုခန်းထဲထိ သွားပြီး "အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ။ အရင်လိုဆက်ချစ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင် အတိတ်တွေကျန်ခဲ့ပြီ" ကို အော်ဆိုနေတဲ့ ရူးနှမ်းနှမ်းချာတိတ်တစ်ယောက်ကို မြင်တယ်။ ဟိုအားကစားပွဲ၊ ဒီဆုပေးပွဲတွေနဲ့ ကျောင်းသားတွေရော၊ ဆရာ/ဆရာမတွေရော အလုပ်တွေရှုပ်နေတဲ့အချိန် Library ထဲမှာ ခွေးပုလေးနဲ့ သိင်္ဂီနဲ့ နှစ်ယောက်တည်းရှိနေခဲ့တာကိုတော့ ကျနော်အပါအဝင် ဘယ်သူမှ မသိခဲ့ပါဘူး။

မိုးသက်ဦးလွင်
Aug 1, 2023



 

My Blog List