မနေ့က အဖေ့အကြောင်း ပြန်စဉ်းစားမိတယ်။ ၅၄ ခုနှစ်မှာမွေးတဲ့အဖေဟာ အသက် ၇၃ ကို နီးလာပြီပေါ့။ ကျနော့်တစ်သက်လုံး အဖေ့အပေါ် ကျနော် မှားခဲ့တာတွေရှိသလို ကျနော့်အတွက် အဖေစဉ်းစားပေးခဲ့သမျှ အလုပ်မဖြစ်ခဲ့တာတွေလည်းရှိတယ်ပေါ့။ James Blunt ရဲ့ Monsters သီချင်းထဲကလို I know your mistakes and you know mine ပေါ့။ ကျနော့်တစ်သက်လုံးလည်း အဖေ့ကို ကြည့်ပြီး ကြီးပြင်းလာရတာမှန်ပေမယ့် မနေ့ကတွေးတဲ့အတွေးဟာ တစ်ခါမှ မတွေးဖူးတဲ့ အတွေးမျိုးပါ။
အဲ့ဒါက အဖေ့လို အစစအရာရာ ဆုံးရှုံးသွားတဲ့ ဘဝမျိုးကို ကျနော် ဘယ်တုန်းကမှ မရခဲ့ဖူးဘူး ဆိုတာပါပဲ။ အဖေ့ဘဝမှာ ဆုံးရှုံးခဲ့တာ၊ ကျရှုံးခဲ့တာတွေဟာ ကျနော် ကိုယ်ချင်းစာမကြည့်နိုင်လောက်အောင်ကို ကြီးမားတယ်။ သေချာတာကတော့ အဲ့ဒီလို အဖြစ်မျိုး အဖေက ကျနော့်ကို အဖြစ်မခံခဲ့တာ သေချာတယ်။
အဖေက ၁၉၇၄ မှာ မေမြို့ အထက (၁) ကနေ ၂ ဘာသာဂုဏ်ထူးနဲ့ ဆယ်တန်းအောင်ခဲ့တယ်။ အဖေနဲ့ အတူတူ ညီရင်းအစ်ကိုလို တစ်အိမ်တည်း အတူတူနေခဲ့တဲ့ အဖေ့ညီလည်းဟုတ်၊ သူငယ်ချင်းလည်းဟုတ်တဲ့ ဦးစိန်ဝင်း (ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး စိန်ဝင်း) က ၄ ဘာသာဂုဏ်ထူးနဲ့အောင်ခဲ့တယ်။ ရည်မှန်းချက် အရမ်းကြီးတဲ့ အဖေက အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံမှာ အမှတ်အမြင့်ဆုံးကျောင်းဖြစ်တဲ့ RIT ကို Join ခဲ့တယ်။ ဦးစိန်ဝင်းကတော့ ရိုးရိုး ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကိုပဲတက်ခဲ့ပြီးမှ OTS ကို Join ပြီး အရာရှိလုပ်မယ်လို့ တွေးခဲ့တယ်။ ဒီလိုနဲ့ အဖေက RIT ကျောင်းသားအဖြစ် ၇၅ ခုနှစ်မှာ ရန်ကုန်မှာ ကျောင်းတက်ခဲ့တယ်ပေါ့လေ။
ပြဿနာက အဘိုးဆုံးသွားရာကစတာဖြစ်တယ်။ အဘိုးက အဲ့ဒီခေတ်က အင်္ဂလိပ်တွေ၊ အမေရိကန်တွေများတဲ့ မေမြို့မှာ The Guardian အမေရိကန်သတင်းစာ Agent အလုပ်ကိုလုပ်တယ်။ မောင်နှမ ၇ ယောက်ကို ဒီစီးပွားရေးတစ်ခုတည်းနဲ့ပဲ ပညာသင်ပေးနေတာ။ အဘိုးဆုံးသွားတဲ့အချိန် အဖေ့ကို ဘယ်သူမှ ကျောင်းစရိတ် မထောက်နိုင်တော့ဘူး။
ဒီလိုနဲ့ပဲ အဖေက ဒုတိယနှစ်ကျောင်းသားဘဝနဲ့ RIT မှာရှိတဲ့ ဒူးယားဆောင်ကနေ သေတ္တာလေးထဲ ပစ္စည်းတွေ သိမ်းပြီး ပြန်လာခဲ့ရတော့တယ်။ အဲ့ဒါက အဖေ့ရဲ့ ပထမဆုံးဆုံးရှုံးမှုပဲ။ ပညာသင်နေဆဲကျောင်းသားတစ်ယောက်ဟာ ဘဝပေးအခြေအနေအရ ပညာဆက်မသင်နိုင်တော့ဘူးဆိုတဲ့ အခြေအနေကို ဘယ်လိုစိတ်မျိုးနဲ့ လက်သင့်ခံလိုက်ရလဲ ဆိုတာကို ကျနော် မတွေးနိုင်ဘူး။ ကျနော် ၈ တန်းတုန်းက ကျောင်း ၁ လ လောက်ပျက်ကွက်လို့ မိဘခေါ်ခံရတဲ့ သန့်ဇင်ထွေးဆိုတဲ့ သူငယ်ချင်းဟာ မိဘတွေမပါဘဲ ကျောင်းကို တစ်ယောက်တည်းရောက်လာပြီး ကျနော့်မိဘတွေကျနော့်ကို ကျောင်းဆက်ထားဖို့ မတတ်နိုင်တော့လို့ ကျနော် ကျောင်းထွက်တော့မယ်ဆရာမ လို့ လာပြောတဲ့အချိန်ကို ကြုံဖူးတယ်။ တစ်ခန်းလုံးဟာ အံ့ဩ မှင်သက်စွာနဲ့။ အတန်းမှာ အတန်းဖော်တွေထက် အသက်ကြီး၊ လူကောင်လည်းကြီး ပြီး လူကြီးဆန်တဲ့ သန့်ဇင်ထွေးဟာ ဖော်မပြနိုင်တဲ့ ရှက်ရွံ့အားငယ်မှုတွေနဲ့ အတန်းပေါက်ဝကနေ လှမ်းပြောတာ။ ကျနော် အဲ့ဒီအချိန်က သန့်ဇင်ထွေးကိုမြင်တဲ့အချိန် စိတ်မကောင်းမှုတွေနဲ့ မျက်ရည်ဝဲခဲ့ရပေမယ့် အဲ့ဒီလို ကိုယ့်ဘဝပေးအခြေအနေကြောင့် ဘယ်လိုမှ မတတ်သာတော့တဲ့အတွက် မဖြစ်မနေအရှုံးပေးလိုက်ရတဲ့ လောကဓံမျိုးဆိုတာ ကျနော့် အဖေကိုယ်တိုင် တစ်ချိန်က ကြုံတွေ့ခဲ့ရတယ်ဆိုတာမျိုးကို အဲ့ဒီအချိန်က ကျနော် လုံးဝ မသိခဲ့၊ နားမလည်ခဲ့ဘူး။
RIT ကျောင်းကထွက်လာခဲ့တဲ့ အဖေဟာ မေမြို့အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာ အဖေ့ညီတွေ၊ ညီမတွေ (ကျနော့်၊ အဒေါ်တွေ၊ ဦးလေးတွေ) ဟာ မုဆိုးမအသစ်စက်စက်အဘွားနဲ့ မိသားစုတစ်ခုလုံးရဲ့ ဝမ်းရေးအတွက် ကြုံရာကျပန်း အလုပ်တွေကို လုပ်နေကြရပြီဆိုတာကို တွေ့တော့တာပဲ။ ဈေးလည်ရောင်းရတာမျိုး၊ ဈေးထဲမှာ ကြုံရာပစ္စည်းလေးတွေ ဗန်းခင်းရောင်းရတာမျိုးကို ပညာတော်သလောက် မာနလည်း ကြီးတဲ့ အဖေက မလုပ်နိုင်ခဲ့ပြန်ဘူး။ ဒါပေမယ့် အကြီးဆုံးသားတစ်ယောက်အနေနဲ့ မလုပ်ဘဲလည်းနေလို့မရတဲ့အဆုံး မန္တလေးက အမျိုးတွေဆီအလုပ်ရှာဖို့ဆိုပြီး ထွက်ခဲ့တော့တယ်။
၁၉၇၆ မှာ ၇၈ လမ်း မျက်ပါးရပ်က တည်းခိုရေးနှင့် စစ်ကြောရေးစခန်းရှိတဲ့ စစ်တပ်ဂိတ်ဝမှာ RP လို့ ခေါ်တဲ့ တပ်ရဲက ထိုင်နေတယ်။ အဖေက တက္ကသိုလ်ကျောင်းသား(ဟောင်း) ပီပီ ရှပ်အင်္ကျီနဲ့ လုံချည်သပ်သပ်ရပ်ရပ်ဝတ်ထားပြီး မေးလိုက်တယ်။ တပ်ထဲကို ဝင်ချင်လို့ပါပေါ့။
ဂိတ်မှာထိုင်နေတဲ့ တပ်ရဲလုပ်တဲ့ ဆရာက အကျိုးအကြောင်းမေးမြန်းပြီး အံ့ဩသွားတယ်။ အဲ့ဒီခေတ်အခါကတပ်မတော်သားအများစုဟာ ချို့ချို့တဲ့တဲ့နဲ့ ရှေ့တန်းစစ်မြေပြင်ဆိုတာလည်း အင်မတန်ကြမ်းတမ်းပြီး ရောင်စုံသောင်းကျန်းသူတွေနဲ့ (ယနေ့ခေတ်လိုပါပဲ) အပြင်းအထန်တိုက်နေရချိန်ပေါ့။ အဲ့ဒီခေတ်က ရှေးစစ်သားတစ်ယောက်ရဲ့ အမျှော်အမြင်က ဘယ်လောက်ကောင်းလဲ ဆိုရင် တပ်ထဲဝင်ဖို့ကို မလာပါနဲ့ဦးလို့ တားတယ်။ နောက် ငါ့တူရေ မင်းတစ်ပတ်လောက်တော့ စဉ်းစားလိုက်ပါဦး။ ပြီးမှ ပြန်လာခဲ့လို့ ဆိုသတဲ့။
နောက်တစ်ပတ်ကျတော့ အဖေဟာ သံသေတ္တာထဲမှာ ပစ္စည်းပစ္စယတွေ စုံစုံလင်လင်ထည့်၊ ဆိုက်ကားပေါ်တင်ပြီး မျက်ပါးရပ်က တပ်ဝင်းထဲကို တစ်ခါတည်း သွားတော့တာပဲတဲ့။
မေမြို့အိမ်က အဖေပျောက်လို့ အပူတပြင်းလိုက်ရှာကြပေမယ့် ဘယ်မှာမှ မတွေ့ကြဘူး။ တွေ့မယ့်တွေ့တော့ အဖေက လေ့ကျင့်ရေး(၂) မှာ ရဲဘော်သစ် သင်တန်းဆင်းမှ အိမ်ပြန်လာသတဲ့။ လက်ထဲမှာလည်း အိမ်အတွက် ပဲစိမ်းစားဥအတွဲကြီး ပါလာသေးတယ်လို့ အဘွားမဆုံးခင်က အမြဲပြောတယ်။
၁၉၇၅ မှာ RIT ကျောင်းသားဘဝ၊ ဘဝရပ်တည်ချက်ခိုင်မာသလို၊ ခေတ်အခါအရ အာမခံချက် အင်မတန်ကောင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်ကနေ ၁၉၇၇ မှာ သာမန်ရဲဘော်ဘဝကို ခဏလေးအတွင်းမှာ ရောက်သွားခဲ့တာ။ အဲ့ဒီလို အချိန်တွေကို ဖြတ်သန်းနေရတဲ့အချိန်မှာ အဖေအားတဲ့အချိန် ဘာတွေပြန်တွေးနေမလဲ ကျနော်မစဉ်းစားနိုင်ဘူး။ သူ့ဘဝသူ နှမျောနေမှာလား။ ဖြစ်ခဲ့သမျှကို လက်ခံလိုက်ပြီး အရာရာကို ဆက်တိုးဖို့ပဲ တွေးထားမလားဆိုတာ ကျနော် မစဉ်းစားချင်ဘူး။ ဒါက အဖေ့ဘဝရဲ့ ပထမဆုံးနဲ့ အကြီးဆုံး ကျရှုံးမှုပါပဲ။
တပ်ထဲ ဝင်သွားတဲ့အဖေက လားရှိုးမြို့ ခလရ(၄၁) မှာ တပ်သားအဖြစ်တာဝန်ကျတယ်။ ဘဝကို အရှုံးမပေးချင်တဲ့ အဖေက စာပေးစာယူ နဲ့ မန္တလေးတက္ကသိုလ်၊ ရူပဗေဒမေဂျာမှာ ဆက်တက်တယ်။ တက်နေရင်း၊ Pratical လုပ်ဖို့ မန္တလေးနဲ့ လားရှိုး အတက်အဆင်းသွားရင်းပဲ မန္တလေးတက္ကသိုလ်မှာ အမေနဲ့ ဆုံခဲ့တယ်။ အမေက မိုးကုတ်က ကြွယ်ဝတဲ့ အသိုင်းအဝိုင်းက ဖြစ်ပေမယ့် တခြားလူတွေကို ကျော်ပြီး အဖေ့ကို ရွေးခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၀ မှာ အဖေက ရူပဗေဒနဲ့ ကျောင်းပြီးလို့ ၁၀ နှစ်ကျော်ကြာတဲ့ ၈၉ ခုနှစ်မှာ အိမ်ထောင်ကျကြတယ်ပေါ့။ အဲ့ဒီအချိန်မှာ အဖေကလည်း တပ်ကြပ်ကြီး/စာရေးတစ်ယောက်ဖြစ်နေခဲ့ပြီ။ အမေကလည်း မူလတန်းပြဆရာမတစ်ယောက်ဖြစ်နေပြီ။
အဲ့ဒီအချိန်မှာ ဒုတိယမြောက်ကံဆိုးမှုပေါ်လာတယ်။ အဖေက ပညာအရည်အချင်းအရ ဗိုလ်သင်တန်းဖြေဖို့ အဆင့်အတန်းမီတယ်။ ဒါပေမယ့် စာရေးဘဝကနေ ဗိုလ်သင်တန်းဖြေဖို့ ခက်တယ်၊ လုရ၊ တိုးရနိုင်တယ်၊ ကံဆိုးရင် ဖြေဖို့ ရွေးခံရမယ့်ထဲတောင် မပါနိုင်ဘူး ။ ဗိုလ်သင်တန်းဖြေဖို့လွယ်တဲ့နည်းလမ်းက သာမန်တပ်ကြပ်ကြီးအဖြစ် ခြေလျင်တပ်ကို ပြန်သွားရမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခဲ့တဲ့ အဖေက ပထမနည်းလမ်းကို ရွေးခဲ့တယ်။ သူ ခြေလျင်တပ်ကို ပြန်မသွားဘူး။ ခြေလျင်ရဲ့ ခါးသီးပင်ပန်းမှုတွေကို သူ ကောင်းကောင်းသိတယ်။ ဗိုလ်သင်တန်းဖြေဖို့ ခေါ်တဲ့အချိန်မှာ သိပ်ကို ရိုးသားတဲ့ အဖေ့နာမည် ပါမလာခဲ့ဘူး။ အဖေက နောက်တစ်နှစ်ထပ်ဖြေဦးမလား။ နိုး.. သိပ်နောက်ကျသွားပြီ။ အဖေ့အသက်က သတ်မှတ်ချက်ထက် ကျော်သွားခဲ့ပြီ။
ဒါက အဖေ့ရဲ့ဒုတိယအကြိမ်မြောက် ခဲလေသမျှ သဲရေကျခဲ့ရတဲ့ ကျရှုံးမှုပေါ့။ အဖေအင်ဂျင်နီယာမဖြစ်ခဲ့ဘူး။ အဖေ အရာရှိမဖြစ်ခဲ့ဘူး။ အဖေ့ရဲ့ စိတ်ကူးအိပ်မက်တွေက ကျနော်တို့မျိုးဆက်ထိ ရောက်လာခဲ့တယ်။ အဖေဟာ ဂုဏ်ထူး ၁ ဘာသာပါပေမယ့် ၁၀ တန်းအမှတ် အလွန်မကောင်းခဲ့တဲ့ကျနော့်ကို တပ်မတော်ထဲ ရောက်အောင်ထည့်ခဲ့တယ်။ အရာရှိဖြစ်အောင်တွန်းခဲ့တယ်။ ကျနော့်ညီမကို အင်ဂျင်နီယာဖြစ်အောင်တွန်းခဲ့တယ်။ အခုတော့ အဖေ့အတ္တနဲ့ ကျနော်တို့ မောင်နှမ ၂ ယောက်စလုံး လမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေကြဆဲ။
ကျနော်ဟာ ကျနော့်ဘဝကျရှုံးမှာ အင်မတန်ကြောက်တယ်။ လမ်းကြောင်းလွဲသွားနိုင်မယ့် ကိစ္စတွေကို ရှောင်တယ်။ ဆေးလိပ်ကလွဲလို့ ကွမ်းအပါအဝင်၊ အရက်၊ မိန်းမ၊ မူးယစ်ဆေးကို ရှောင်ခဲ့တယ်။ ကျနော်ဝါသနာပါတဲ့ IT Field ထဲကို ရောက်အောင်ဝင်ခဲ့တယ်။ မိဘနောက်ခံ အသိုင်းအဝိုင်းမရှိတဲ့အတွက် ကျနော် အများကြီး ကြိုးစားခဲ့ရတယ်။ တစ်ခါတစ်လေ အဖေ့ကို ငြိုငြင်မိတယ်။ တစ်ခါတစ်ခါ ကတောက်ကဆဖြစ်တယ်။ ဒါပေမယ့် ကျနော့်တစ်သက်လုံး အဖေ့ကျရှုံးခဲ့ရမှုတွေကို မမြင်ခဲ့ဘူး။ကျနော်သာ အဖေ့နေရာမှာဆို ဘယ်လိုဖြစ်နေမလဲ ကျနော် မစဉ်းစားခဲ့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေတဲ့ လူတစ်ယောက်အနေနဲ့ ကျနော့်အရွယ်မှာ အဖေဘယ်လို စဉ်းစားမလဲ ဆိုတာ ကျနော်တကယ် သိချင်နေတယ်။
I love you, Dad! အဖေ့ဘဝအကြောင်းကို သေသေချာချာစဉ်းစားဖြစ်တာ နောက်ကျပေမယ့် အဖေခွင့်လွှတ်မယ်ထင်တယ်။ ဒီစာကို အဖေမမြင်ပါဘူး။ ဘလော့ကို အဖေမဖတ်ဖြစ်တာသေချာလို့ ဒီနေရာမှာ သပ်သပ်လာရေးတာပါ။ အဖေက သူ့ဘဝအကြောင်းကို ရေးတာ သူမကြိုက်ဘူး။ သူ့ဘဝမှာ ကြောက်ခဲ့တာ၊ တုန်လှုပ်ခဲ့တာတွေရှိမယ်၊ အားငယ်ခဲ့တာ နာကျင်ခဲ့တာတွေလည်းရှိမှာပဲ။ သတ္တိနည်းခဲ့တာ၊ ဝေဝါးခဲ့တာတွေလည်းရှိမှာပဲ။ ဒါတွေက အဖေကိုယ်တိုင်က လူတွေထဲက လူတစ်ယောက်မို့ Everything is okay ပါ။ ကျနော်ကိုယ်တိုင် အဖေတစ်ယောက်မဖြစ်သေးပေမယ့် အဖေ့ကို နားလည်တာတွေ ပိုပိုများလာပြီလို့ခံစားလာရပါတယ်။
- မိုးသက်ဦးလွင်
https://www.youtube.com/watch?v=DTFbGcnl0po (James Blunt ရဲ့ Monsters)
https://www.youtube.com/watch?v=eMywPJw6PhE (Shine ရဲ့ 1990)

