မန္တလေးဆိုတဲ့ အမည်ကို ကြားရင် မန္တလေးသားမဟုတ်တဲ့လူတွေတောင် ရင်ထဲမှာ နွေးသွားကြသတဲ့။ မန္တလေးဟာ အဲ့ဒီလိုရင်းနှီးချင်စရာကောင်းတဲ့မြို့။ မန္တလေးဟာ ဖော်ရွေတယ်၊ နှစ်လိုဖွယ်ရှိတယ်၊ အစားအသောက်ကောင်းကောင်းတွေရှိတယ်။ မန္တလေးရဲ့ ရင်ခွင်မှာအထက်တန်းအောင်ခဲ့ရတဲ့ ကျနော့်အတွက်တော့ မန္တလေးဟာ အမေလိုချစ်ရတဲ့ အဒေါ်လိုမြို့။ မန္တလေးလို့တွေးလိုက်ရင်လည်း ပျော်ရွှင်စရာ၊ ရင်ခုန်ညွတ်နူးစရာ မှတ်ဉာဏ်နဲ့ အခိုက်အတန့်တွေပဲကျနော့်မှာ ရှိခဲ့တာ။
အဲ့ဒီနေ့က ဒီလိုနေ့ပဲပေါ့။ မတ်လ ၂၈ ရက်နေ့ သောကြာနေ့ကြီးပါ။ ကျနော်တို့ ဌာနတစ်ဖွဲ့လုံး ကလောကိုရောက်နေကြတာ။ ကျနော်နဲ့ တခြားအကြီး ၁ ယောက်၊ ကျန်းမာရေးနဲ့ ကျန်ခဲ့တဲ့ အငယ်တစ်ယောက်ပဲ ဌာနမှာ ရှိနေကြတယ်။ ကျနော်က အရေးကြီးတဲ့ System တစ်ခု နိုင်ငံခြားနဲ့ချိတ်ဆက်ပြီး Update လုပ်နေလို့ လိုက်မသွားတာ။ မနက်ခင်း ပုံမှန်အတိုင်း ရုံးတက်ကြတယ်။ စာပေဌာနမှာ Academic ပိတ်ခါနီး တက်ကြွနေတဲ့ ဗိုလ်လောင်းလေးတွေနဲ့ နွေရာသီ ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ထားလို့ လာတက်ကြတဲ့ ကလေးတွေ အသံပဲ ကြားနေရတဲ့ သာမန် နွေရာသီနေ့လေးတစ်နေ့ပါ။
နေ့လည် ထမင်းစားပြီး ရုံးပြန်ရောက်တယ်။ ၁၂ နာရီ ခွဲလောက်ထိ Remote ဝင်လာမယ့် နိုင်ငံခြားက အဖွဲ့ကို စောင့်နေတုန်း နိုင်ငံခြားအဖွဲ့က သူတို့ Technical Error လေးရှိတဲ့အတွက် နောက်ရက်မှ ချိတ်ဆက်နိုင်မယ်ဆိုတာ ပြောလို့ တစ်ရုံးလုံးက စက်တွေ လိုက်မပိတ်ခင် Coffee လေးဖျော်ဦးမယ်လို့ တွေးနေတုန်း ၁၂ နာရီ ၄၆ မိနစ်မှာ ဖျောက်ကနဲ မီးက ပြတ်သွားတယ်။ စက်တွေက UPS တွေအကုန် ညှောင် ကနဲ အော်တော့ "ဟာကွာ မီးကလည်း လုပ်ပြီ" ဆိုပြီး ထလိုက်တဲ့အချိန်မှာ ဝုန်းဝုန်းဝုန်းဝုန်း ဆိုတဲ့ အသံတွေကြားတယ်။ ပုံမှန်ဆို အပေါ်ထပ်မှာ ဗိုလ်လောင်းတွေ စာသင်ခန်းချိန်းတဲ့အခါ ပြေးလွှားသွားကြတဲ့ အသံအတိုင်းပဲထင်လို့ ကော်ဖီဖျော်ဖို့ ရေနွေးအိုးဆီ ထသွားတဲ့အချိန်မှာပဲ ဘဝမှာ မကြုံစဖူးကြမ်းတမ်းလွန်းတဲ့ လှုပ်ခတ်မှုကြီး ရောက်လာပါတော့တယ်။
အင်မတန်ခိုင်မာပါတယ်ဆိုတဲ့ စာပေဌာန ကွန်ပျူတာဝင်းကြီးတစ်ခုလုံးက လေးထောင့်ပုံစံ စာပေဌာန ၄ ထပ်ဆောင်ကြီးဟာ ဘေးဘယ်ညာတင်မက အပေါ်အောက်ပါ လူးလွန့်နေပြီး ခုံတွေပေါ်မှာရှိတဲ့ Dual Monitor အတွဲကြီးတွေဟာ ပြုတ်ကျတော့မည့်အလား ဝေါကနဲ ဝေါကနဲ ယိမ်းထိုးနေပါတော့တယ်။
ကျနော်တို့ ဌာနက ဘာသာတရားကိုင်းရှိုင်းသူ ဗိုလ်မှူးဟာ ညီလေးတို့ မပြေးနဲ့ဆိုပြီး ဘုရားစာ အကျယ်ကြီး ရွတ်နေပေမယ့် လှုပ်ခတ်မှုကြီးဟာ စက္ကန့်ပိုင်းလောက် မရပ်မနားလှုပ်လာတဲ့အခါမှာတော့ ဖိနပ်တောင် မစီးနိုင်ဘဲ အပေါ်ထပ်ကနေ အောက်ထပ်ကို ဖိနပ်တောင် မစီးနိုင်ဘဲ ဆင်းပြေးကြပါတော့တယ်။
အောက်ကွင်းထဲကိုရောက်တော့ သင်တန်းလာတက်တဲ့ ကလေးတွေ ငိုနေကြပြီး အမျိုးသမီးစစ်မှုထမ်းတချို့လည်း ငိုနေကြပါတယ်။ ကျနော်တို့နဲ့ကပ်လျက် ဘူမိဗေဒဌာနက လက်ထောက်ကထိက ဗိုလ်ကြီးတစ်ယောက်ကတော့ ငလျင်အကြောင်း တခြားလူတွေထက် ပိုသိသူပီပီ After Shock တွေထပ်လာနိုင်ကြောင်း သိတဲ့အတွက် လှေကားပေါ်က မြန်မြန်ဆင်းမလာတဲ့ ဗိုလ်လောင်းတွေကို အော်ဟစ်ဆဲဆိုနေပါပြီ။
ကျနော်တို့ကမ္ဘာကြီးမှာ သက်တမ်းအကြီးရင့်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံးဟာ ပထဝီမြေကြီးပါပဲ။ ကမ္ဘာကြီးရဲ့ ကိုယ်ပိုင်ကိုယ်ခန္ဓာဖြစ်တဲ့ မြေကြီးဟာ အမြဲယုံကြည်စိတ်ချရတယ်။ လေယာဉ်နဲ့ ပျံနေရင်တောင် မြေပြင်ပေါ် ပြန်ဆင်းလာရင် Safe ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ ရေထဲမှာ ကူးနေရင်သော်လည်းကောင်း၊ ရေယာဉ်တစ်မျိုးမျိုးနဲ့ မောင်းနှင်နေရင်သော်လည်းကောင်း ကမ်းပေါ်ပြန်တက်(မြေပြင်ပေါ်ပြန်ရောက်) မှ လုံခြုံစိတ်ချရပြီလို့ ယုံကြည်ခံစားရတယ်။ နေထိုင်စရာ အဆောက်အဦတွေ မြေပြင်မှာ အုတ်မြစ်ချတယ်။ သစ်ပင်ကြီးတွေဟာ မြေပြင်မှာ ပေါက်ရောက်တယ်။ ပြောင်းလဲမှုအနည်းဆုံးနဲ့ အတည်ငြိမ်ဆုံးဟာ ပထဝီမြေကြီးပါပဲ။
ငလျင်လှုပ်တဲ့နေ့က စိတ်ထဲမှာ အလုံခြုံဆုံးလို့ ခံစားရတဲ့ မြေပြင်နဲ့ အနီးဆုံးနေရာမှာနေနေပါလျက်နဲ့ သွင်သွင်လူးနေတဲ့ မြေပြင်ကြီးဟာ ကျနော်တို့ရဲ့ အားကိုးစရာပျောက်သွားသလို ခံစားရတယ်။ ဘာသာရေးတွေ၊ ဖန်ဆင်းရှင်တွေကို ခဏမေ့ထားလိုက်ရင် အလုံခြုံအတည်ငြိမ်ဆုံး ကမ္ဘာမြေကြီးဟာ လှိုင်းလို လူးနေတာကြီးက ရူးချင်စရာကောင်းသလို ဒီအန္တရာယ်ကြီးကို ဘယ်လို ခုခံအားနဲ့၊ ဘယ်လိုခိုင်မာမှုနဲ့မှ ကာကွယ်လို့မရဘူးလို့ ခံစားရတဲ့ စိတ်ဒဏ်ရာကြီးက အတော်ကို ဆိုးပါတယ်။
နောက် ငလျင်ငြိမ်သွားတဲ့အထိ ထိုင်နေကြပြီး ဖုန်းကို ဖွင့်ကြည့်လိုက်မှ မန္တလေးမှာ အိမ်တွေ အလုံးလိုက်ပြိုပြီး လူတွေပိကြတယ်ဆိုတာ တက်လာနေပါပြီ။ သတင်းကို မြင်မြင်ချင်း မန္တလေးမှာ တိုက်တွေတောင် ပြိုတယ် တဲ့ ဆိုတာလေးလောက်ဖတ်ပြီး အိမ်လေးငါးလုံးလောက် ပြိုသွားတယ်လောက်ပဲ ထင်ခဲ့တာပါ။
ဖုန်းအားမကုန်ခင် သတင်းတွေထပ်တက်လာတော့ ကျနော်တို့ ထင်ထားတာထက် အခြေအနေပိုဆိုးရုံမက ဘဝတစ်သက်တာမှာ တစ်ခါမှ မကြုံဖူးလေသော ကြောက်စရာကပ်ဘေးကြီးကြောင့် မန္တလေးဟာ မြို့ပျက်ကြီးလို ဖြစ်သွားရကြောင်း သိရတော့တာပါပဲ။

