Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Monday, August 24, 2015

အင်းယားပုံပြင်

Photo: Ultimate Magazine

အင်း
ယားသည် ဆိတ်ငြိမ်စွာတည်ရှိသည်..။ အင်းယားကန်ဘောင်တွင် ဆူညံနေသော ဂစ်တာဝိုင်းများ၊  သောက်စားမူးယစ်နေသော လူငယ်များ၊ တီတီတာတာ ကြည်နူးကြသော ချစ်သူစုံတွဲများသည် အင်းယား၏ တည်ငြိမ်မှုကို အနှောက်အယှက်မပေးနိုင်၊ ဣနြေ္ဒကြီးသော အင်းယားကန်ကို ဆူပူရှုပ်ထွေးသော အနားသတ်ဖြင့် ဘောင်ခတ်ထားသည်လား မပြောတတ်.။ တည်ငြိမ်မှုနှင့် လှုပ်ရှားတက်ကြွမှု ယှဉ်တွဲနေသော နေရာဟုပင်ခေါ်ရမည်လား.. ဝေခွဲဆုံးဖြတ်ခြင်းမပြုနိုင်။ ထိုစဉ် လေညင်းတစ်ချက်အဝေ့ကြောင့် တည်ငြိမ် နေသော ရေပြင်သည် လှိုင်းကြက်ခွပ်ကလေးများထ၍ လှုပ်ရှားသွားရသည်..။ ကျွန်တော့်ရင်ထဲမှာလည်း အလားတူ အတွေးဂယက်များ ထသွားရသည်.။ လှိုင်းကြက်ခွပ်များ ကမ်းခြေ မြေကာနံရံအစပ် ကျောက်တုံးများသို့ ဦးတိုက် ပျောက်ကွယ်သွားသော်လည်း အတွေးစများကအမျှင်မပြတ် ကောင်းစွာမကုန်စင်တတ်သေး.။ ထိုအချိန်၊ ထိုနေရာတွင် မြဲခဲ့ဖူးသောတွဲလက်တစ်စုံကို သတိရမိလိုက်သည်။ သို့သော် ထိုအတွေးကားကြာကြာမခံ.။  တစ်စုံတစ်ခုသော လက်နက် စူးချွန်ဖြင့် ရင်ဝကိုထိုးနှက်သလိုပင် ရုတ်ချည်းနာကျင်ကာ အယောင်ယောင်အမှားမှားဖြင့် မအိပ်စက်ပါဘဲ အိပ်မက်မှ လန့်နိုးရသူလိုဖြစ်ရပြန်သည်..။ စိတ်ကျရောဂါနှင့် ဆက်စပ်ကောင်း ဆက်စပ်မည်ဖြစ်သော သက်ပြင်းရှည် များကို အခါခါ ချရခြင်းသည် ပူလောင်သောအရာများကို ရင်တွင်းမှ မှုတ်ထုတ်ပစ်နိုင်သည်လား ကျွန်တော်မသိ.။ သေချာသည်ကတော့ ကျွန်တော့်ရင်ထဲက ငြိမ်းချမ်းရာသည် အဘယ်အရပ်ဆီသို့ လွင့်စင် ပျံထွက်ပြေးသည်မသိ..။ ပျောက်ချင်းမလှ ပျောက်ချက်သားကောင်းနေသည်။ ရံဖန်ရံခါပင် အလုပ်ကိစ္စ တစ်စုံတစ်ခုကို စိတ်နှစ်မိသည့်အခါတိုင်း ကျွန်တော့် စိတ်အစုံက ကန်ရေပြင်ကဲ့သို့ ငြိမ်သက်သွားလေ့ရှိသော်လည်း အပေါ်သို့ ကပ်ကြည့်တတ်သည့် မျက်ဝန်းများ၊ စံပယ်တင်မှဲ့ကလေးပါသော မေးဖျားကလေးနှင့် အမြဲပြုံးရန်ကြိုးစားဟန်ရှိသည့် နှုတ်ခမ်းပါးလေးများကို မြင်ယောင် သည့်အခါတွင် ကျွန်တော့် စိတ်တွင်း လှိုင်းဂယက်ထန်၍ မောဟိုက်ခြင်းအဖြစ်သို့ ပြန်ရောက်ရပြန်သည်..။ ကျွန်တော့် မျက်ဝန်းအိမ်မှ ပူနွေးစွတ်စိုမှုအချို့ကို သွေးဆောင်ဖျားယောင်းတတ်သည့် ထိုခံစားချက်မျိုးသည် နေဝင်ဆည်းဆာချိန်မျိုး၊ ညဦးယံအချိန်မျိုးတွင် မဖိတ်ခေါ်ပဲ ဝင်လာတတ်လေသည်.။
            “အစ်ကို မီးတစ်တို့လောက်…”
            အတွေးစ ပြတ်တောက်သွားသည်..။ လှည့်ကြည့်တော့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်…။
            “မင်းအသက်ဘယ်လောက်လဲ. ငါ့ညီ…”
            “ဘာလုပ်မလို့လဲ.. ၁၅ နှစ်..”
            မေးရင်းတစ်ခါတည်းပြန်ဖြေသည်.။
            “၁၈ နှစ်ပြည့်မှ ဆေးလိပ်သောက်.. သွားတော့..”
            နားမလည်နိုင်စွာ ပွစိပွစိ ပြောရင်းထွက်သွားသည့်နောက်တွင် မပီဝိုးတဝါး ဆဲဆိုလိုက်သံများ ပါသလား မသေချာ။ ပါလျှင်လည်း မတတ်နိုင်…။ တံတားဖြူမှတ်တိုင် က အတွဲတွေတက်လာတာတွေ့သည်.။ တစ်ချို့က ပခုံးဖက်၊ တစ်ချို့က လက်ချိတ်၊ တစ်ချို့က …
            လွန်ခဲ့သောနှစ်ကုန်ရက်များက ကျွန်တော်တို့ အတူရှိခဲ့ဖူးကြသည်..။ တစ်ခုသော ညနေခင်း၏ ညီအစ်ကို မသိတစ်သိ အချိန်မျိုးမှာ လောကကြီးကို မေ့မျောရင်း ချစ်ဖွယ်သောစကားတို့ကို တီတီတာတာဆိုဖူးခဲ့ကြသည်.။ ဘဝနှစ်ခု ပေါင်းစပ်ခြင်းအတွက် ကတိကဝတ်များအပြန်အလှန်ပြုခဲ့ဖူးကြသည်.။
            ဘယ်နှကြိမ်မြောက်ဟု ရေတွက်ရန်ခက်ခဲသော သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး နောက်ကျိကျိ အတွေးစများကိုမောင်းထုတ်လိုက်သည်..။ နာရီကိုကြည့်မိတော့ ၇ နာရီထိုးလုပြီ..။ ပတ်ဝန်းကျင်က မှောင်ရီပျိုးစအချိန်သာ ရှိသေးသည်..။ နွေညများတိုလှချည့်.။ ထို တိုတောင်းသောညတာကို ဖြတ်ကျော်ရသည်ကပင် ကျွန်တော့်အတွက် ဝေဒနာ တစ်ခုမဟုတ်ပါလား…။ မှောင်ရီပျိုးစအချိန်တိုင်း တစ်စုံတစ်ရာကို သတိရတတ်မိသည့် ကိုယ့်ကိုယ်ကိုယ် ပြန်နောင်တရ မိပြန်သည်.။
            ဖုတ်ဖက်ခါပြီး မတ်တတ်ရပ်လိုက်တော့ ခပ်လှမ်းလှမ်းက ပူးကပ်နေသည့် စုံတွဲက မလုံမလဲ ပြန်ကြည့်သည်…။ မသိကျိုးကျွန်ပြုလိုက်ပြီးအင်းယားလမ်းဖက် ထွက်လာခဲ့သည်..။ နေမင်းကြီးကတော့ ပြည်လမ်းမပေါ်က ဖြတ်မြင်ရသည် တိုက်တာခေါင်မိုးတွေကြား ငိုက်မြည်းရင်း အိပ်စက်ဖို့ပြင်နေပြီ..။ ရန်ကုန်ညနေခင်းကတော့ တက်ကြွနေဆဲ၊ လန်းဆန်း နေဆဲ..။
အင်းယားလမ်းပေါ်မှ တက္ကစီတစ်စီးငှားလိုက်သည်..။ ဈေးဆစ်မိလိုက်သလား သတိမထားမိ…။ ကျွန်တော်က ကိုယ့်အတွေးနှင့်ကိုယ် အရာရာကို အလိုအလျောက်လိုက်ပါလုပ်ဆောင်မိနေဆဲ…။ စိတ်နှင့်ကိုယ်ကတော့ မကပ်..။
            “ခုလိုအချိန်လည်း ကားကကြပ်တုန်းပဲဗျာ…”
            တက္ကစီသမားလေးက မမေးပါဘဲလျက် ဆိုလာသည်..။ ခေါင်းညိတ်လိုက်မိလား မညိတ်လိုက်မိလား ကိုယ့်ကိုယ် ကိုယ် ဝေခွဲမရ..။ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ရှေ့တွင် ကား ဟွန်း ၂ ချက် တီးသေးလား သတိမထားမိ.။ လမ်းတစ်လျှောက် မီးပွိုင့် မှာကားပိတ်နေသော်လည်း စိတ်က အလျင်စလိုမဖြစ်မိ…။ အိမ်ကို ပြန်ရောက်ရောက်ချင်း လုံခြည်နှင့် တီရှပ်လဲပြီး ဝရန်တာမှာထိုင်နေမိသည်…။
            “အပြင်က စားလာသေးလား…”
            ခေါင်းညိတ်ပြလိုက်ပေမယ့် ကျွန်တော်အပြင်က ဘာမှ စားမလာပါ..။ စားချင်စိတ်မရှိတာလည်းပါသည်…။
            “အပြင်က စားမလာနဲ့လို့ သေချာမှာလိုက်တဲ့ဟာကို.. ဒီကောင်လေးဟာ…”
            အမေက မကျေမချမ်းဆိုသည်…။ စီးကရက်တစ်လိပ်ထုတ်ပြီး မီးညှိတော့ ဧည့်ခန်းထဲက ဗျစ်တောက်ဗျစ်တောက် အသံကြားရသည်.။ သို့သော် ဂရုမပြုမိ..။ တစ်လိပ်.. ပြီးတော့ နောက်တစ်လိပ်…။
            ညသည်မှောင်သထက်မှောင်လာလေသည်..။ လမ်းပေါ်က လူသွားလူလာများက ကျဲသထက်ကျဲပါးလာသည်.။ လူနေတိုက်ခန်းများ မီးပိတ်သွားကြသည်..။ ဘီယာဆိုင်အချို့သာ လင်းလင်းထင်းထင်းရှိသေးသည်..။ ကျွန်တော်ကတော့ အတွေးများနှင့် ချာချာလည်နေဆဲ..။
            ညသည် တိတ်ဆိတ်စွာ ငိုကျွေးတတ်ပါသလား..။ ဆီးနှင်းပေါက်တို့က ည၏ မျက်ရည်များ ဖြစ်သင့်သည်ဟု တစ်ဖက်သတ် ယုံကြည်သင့်သည်ဆိုပါလျှင် ည၏ငိုကျွေးမှုတို့သည် မည်သည့် အကြောင်းတရား ပေါ်မှာ မှီတည် လေ့ရှိပါသနည်း..။ မည်သူ့ကြောင့် ငိုကျွေးရသည် ထင်ပါသနည်း.။ ညအနေဖြင့် ငိုကျွေးသည်ဖြစ်စေ မငိုကျွေးသည်ဖြစ်စေ. ကမ္ဘာတစ်ခြမ်းသော လူအားလုံးတို့အပေါ် တစ်ပြေးညီ မှောင်မိုက်ခြင်းပေးသည်ဟု ယူဆနိုင်မည်လား..။ Insomnia စွဲကပ်စပြုသော လူတစ်ယောက်အဖို့ ညဖက် မအိပ်နိုင်သည်ကလည်း မဆန်းကျယ်၊ ထို့အတူပင် ည ရောက်တိုင်း အိပ်စက်မရသော သူတစ်ယောက်အတွက် ညအခါ အကာလ ၏ ငိုကြွေးခြင်း ရယ်မောခြင်းကို သရုပ်ခွဲခြင်းမှာလည်း အပြစ်တည်းမဟုတ်..။ စင်စစ်မူ ညချမ်းအချိန်အခါသည် ညမအိပ်သော ကျွန်တော့်အဖို့ စိတ္တဇသက်သက် အတွေးပုံရိပ်များ ဖြင့် ခြောက်လှန့်ကြီးစိုး ငေးမော စေတတ်သော အပိုင်းအခြားတစ်ခုသက်သက်သာ ဖြစ်လေသည်...။
---------------------------------------------------------------------------------------------------------------------------------

           
အချိန်ကာလများတွင် ရနံ့ရှိခဲ့မည်ဆိုပါလျှင် အတိတ်သည် ဆွေးရနံ့သင်းသည်ဟု ဆိုရမည်ထင်သည်.။ ပျော်ရွှင် ဖွယ်ကောင်းသောအတိတ်တို့ သည်လည်းကောင်း၊ ကြေကွဲနာကျင်ဖွယ်ကောင်းသော အတိတ်တို့သည်လည်းကောင်း မတူ ညီသော ဆွတ်ပျံ့လွမ်းဆွတ်ခြင်းနှင့် ကြေကွဲလွမ်းဆွတ်ဖွယ် ရနံ့တို့ ဖုံးလွှမ်းသည်ဟု ဆိုရမည်လား..။
သူမကို စတွေ့ခဲ့သည့်နေ့က ကျွန်တော် အင်းယားကန်ဘောင်ပေါ်မှာရှိနေခဲ့သည်…။ ကျောင်းဆင်းချိန်ဖြစ်သည့် အတွက် ကန်ဘောင်ပေါ်မှာ သူသူကိုယ်ကိုယ် ကျောင်းပြန်လာသူတွေက မရှား..။ နယ်မှာကျောင်းပြီးခဲ့သည့် ကျွန်တော့် အဖို့ ရန်ကုန်တက္ကသိုလ်နှင့် အင်းယားနယ်မြေသည် မစိမ်းသောဧည့်သည်တစ်ဦးပမာ..။ ဆရာဇဝနမှအစ မင်းလူအဆုံး တက္ကသိုလ်နယ်မြေကို စာထဲမှာချစ်မြတ်နိုးခဲ့ရသည့်ကျွန်တော် ဒီပတ်ဝန်းကျင်ကို တွယ်တာနေတာမထူးဆန်း..။ ထူးဆန်းသည့် အဲဒီညနေကတော့ ကျွန်တော်တစ်ယောက်တည်း ကန်ဘောင်မှာရှိနေခဲ့တာပဲဖြစ်သည်..။
စီးပွားရေးတက္ကသိုလ်မဟာဘွဲ့ သင်တန်းသူတစ်ဦးဖြစ်သည့် သူမနှင့် အဲဒီညနေမှာ အမှတ်မထင်ဆုံဖြစ်ခဲ့ကြသည်။ Street Photography ကို စိတ်ဝင်စားသည့် ကျွန်တော် ဝါသနာအရ အမှတ်တမဲ့ရိုက်မိသည့် သူမပုံပါဝင်သော ဓာတ်ပုံတစ်ပုံက ကျွန်တော့်အိပ်ပျက်ညများအစ ဖြစ်လာသည်။ ထို့နောက် အင်းယားကန်ဘောင်အောက် လမ်းဘေးက အုတ်ခုံသည် သူမကို နေ့စဉ်စောင့်ကြည့်ငေးမောရာ ဖြစ်လာခဲ့သည်.။
ကြာတော့ မျက်မှန်းတန်းမိလာသည်.။ မြန်မာဇာတ်ကားများထဲကလို လိုက်စကားပြောဖို့အထိတော့ မစဉ်းစားမိ.။ သူလာရာလမ်းကို မျှော်ကြည့်ဖို့..။ ဧကရီဆန်ဆန်လှမ်းလာသည့် သူ့ခြေလှမ်းများကို အသက်မရှုပဲငေးမောဖို့..။ ပြီးတော့ သိပ်လှလွန်းတဲ့ သူ့မျက်နှာကို သက်ပြင်းလှိုက်လှိုက်တွေကြားက မော်ဖူးဖို့…။ ကျွန်တော့်နိစ္စဓူဝလုပ်ဆောင်မှုများက ထိုထက် မပိုခဲ့.။ မျက်လုံးချင်း စကားပြောမိသည်ဆိုရုံမျှ..။ သူနှင့်အကြည့်ချင်းဆုံလိုက်တိုင်း မျက်လွှာကို ကပြာကယာချမိရုံမျှ..။ သူမ ရောက်မလာသည့်ရက်(သို့မဟုတ်) ကျွန်တော်မလာနိုင်သည့်ရက်တိုင်း နေမထိ ထိုင်မသာ ဖြစ်ရုံမျှသာ…။ တစ်ခါတစ်ရံ သူမနှင့်အတူ သူမ သူငယ်ချင်းများပါလာသည့်အခါ ကျွန်တော်နဲ့ အကြည့်ချင်းမဆုံမိအောင် ကျွန်တော် စောင့်မျှော်ရာဘက်သို့ တစ်ချက်လေးမျှပင် စောင်းငဲ့မကြည့်သည့်အခါမျိုးနှင့် ကြုံရတတ်သည်.။ ထိုညနေ မျိုးသည် ကျွန်တော့်အဖို့ ဝမ်းနည်းစရာအတိ ဖြစ်သည်.။ ကိုယ့်ကို ဘယ်လိုသဘောထားသလဲကွယ်..။ ကိုယ်စောင့် ကြည့်နေတာ မသိဘူးလားကွယ်..။ မေးခွန်းများက ရေရာမှုမရှိ..။ သူ့နာမည်ကိုလည်း ကိုယ်မသိနိုင်၊ သူ့နာမည်ကိုလည်း သူမသိ.။ နယ်မှာကျောင်းတက်ခဲ့သော ကျွန်တော့်အဖို့ အကူအညီတောင်းစရာ ရင်းနှီးသော သူငယ်ချင်းလည်းမရှိ.။ ထိုညနေမျိုး ဆိုလျှင် အိမ်ကို စောစောစီးစီးပြန်ရောက်နေတတ်သည့် ညနေမျိုးဖြစ်လေသည်..။
သည်လိုနှင့် ရက်တွေပြောင်း၍ ပြက္ခဒိန်တွေ တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်လာခဲ့သည်..။ ကျွန်တော်ကတော့ မူလအတိုင်း နေမြဲအတိုင်း.။ သူမကို စောင့်ကြည့်နေရရုံ၊ အကြည့်ကလေးတစ်ချက်အတွက်နှင့် ကျေနပ်နေရရုံထက် မပိုခဲ့.။ ဝတ္ထုဇာတ်လမ်းများထဲကလို ဘေးက အကြံပေး၊ မြှောက်ပေးမည့် သူငယ်ချင်းတစ်ယောက်တစ်လေပင် ကျွန်တော့်မှာ မရှိဖူးသည်က ကံဆိုးခြင်းတစ်ခုဟုပင် ဆိုရမည်လား.။ ပြီးတော့ ကျွန်တော်သူ့ကို စွဲလမ်းနေတာသူသိပါ့မလား..။ သူသိနိုင် မလား.။ သူယုံကြည်ပါ့မလား.။
ရင်ခုန်လှုပ်ရှားဖွယ်အကောင်းဆုံးဟုထင်ရသောနေ့သည် ပြန်တွေးလိုက်တိုင်း မနေ့တစ်နေ့ကလိုပင် လတ်လတ် ဆတ်ဆတ်ရှိနေသေးသည်.။ ချိုမြိန်မှုဟု မဆိုနိုင်လျှင်ပင် တိမ်းမူးညွတ်နူးဖွယ်ခံစားချက်များနှင့် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်ကို မှတ်မိနေသည်.။ အဲဒီညနေက သူတစ်ယောက်တည်း ပြန်လာသည်.။ ဟိုးခပ်လှမ်းလှမ်း ကျွန်တော့်ဖက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး လာနေကျလမ်းအတိုင်းမလာပဲ ဆိုင်တန်းတွေဖက်ကို တက်သွားသည်.။ ကျွန်တော်ဘာရယ်မတွေးမိ.။ ထိုင်နေကျ အုတ်ခုံကနေ ထပြီး မပြေးရုံတမယ် ထွက်လာခဲ့မိသည်..။ ကျွန်တော် ဘာလုပ်မလို့လဲဆိုတာ ကိုယ်တိုင်အဖြေမရှိ..။ သူမကို တွေ့ခွင့်ရှိပါလျက်နှင့် မတွေ့လိုက်ရမှာ စိုးနေမိသည်..။ စုံတွဲတွေ ထိုင်ကြသည့် ကျောက်တုံးတွေနားမှာ မောလို့ ခဏမှန်မှန်လျှောက်သည်.။ လမ်းကွေ့ကလေးကို ကျော်သွားပြီး ကန်ဘောင်အပေါ်နားရောက်ခါနီး တော့ အကွေ့မှာ ရုတ်တရတ်တွေ့လိုက်ရသည်က သူမ.။
ဟုတ်သည်.။ သူမ ရပ်နေသည်.။ သူမက ကျွန်တော့်ဖက်ကို ကျောမပေးရုံတမယ်လှည့်ထားသည်.။ နောက်သို့ တည့်တည့်လည်း မဟုတ်.။ ဘေးတစ်စောင်းလည်းမဟုတ်သည့် ပုံစံမျိုး.။ သူမကအင်းယားကန်ဖက်ကို မျက်နှာမူထား သည်.။ မျက်လုံးများက ဝေခွဲမရသည့်အမူအယာမျိုး.။ မထင်မှတ်သည့်နေရာမှာတွေ့လိုက်ရသည့် ကျွန်တော်ကတော့ လမ်းကျဉ်းလေးအလယ်တည့်တည့်နေရာမှာ ကြက်သေသေကာ ရပ်တန့်နေမိသည်..။ သူမကို စကားပြောရမည်လား.။ ဘယ်က စပြောရမလဲ..။ အနီးကပ်မြင်ရ၍လားမသိ.။ မိမိထက် တည်ငြိမ်နေသည့် သူမက ခါတိုင်းရက်တွေထက် ပိုလှနေသည်.။ ရင်ဖုံးအကျီင်္မို့ ကျော့ရှင်း သောလည်တိုင်ပေါ်က အကြောစိမ်းကလေးများကိုပင် မြင်လိုက်ရသည်.။ သို့သော် ကျွန်တော် ကြာကြာမကြည့်ရဲ..။ အဲဒီလောက်ထိ သတ္တိမရှိ.။ သို့သော် မြင်မိသည့် စက္ကန့်ပိုင်းအတွင်းတွင် သူမ၏ အလှတရား ကို ကောက်ချက်ချ မိပြီ..။
ကျွန်တော် ဘာစပြောရမလဲ..။ ဘယ်လို စပြောရမှာလဲ.။ ပျော့ညံ့ညံ့ယောက်ျားတစ်ယောက်လား..။ အခွင့်အရေး က နှစ်ခါမရဘူးဆိုတာသေချာသည်.။ သူမ၏ ဝတ်ပုံစားပုံက သိပ်ပြီး ဧကရီဆန်သည်.။ ပိုထူးသည်ကသူမ၏ အလှ..။ အဲဒါတွေက ကျွန်တော့်ကိုရှေ့ဆက်မတိုးဝံ့အောင် တားထားပြန်သည်.။ ဖြစ်ပျက်နေသည်က စက္ကန့်ပိုင်းအချိန်ကလေး .။ ထိုစက္ကန့်ပိုင်းအချိန်ကလေးအတွင်းမှာပင် ကျွန်တော့်စိတ်ထဲက ဒွိဟစိတ်များက အားပြိုင်နေဆဲ…။
“ဒီမှာဗျ.. ဒီမှာ…”
စကားသံ ထွက်သွားပြီးမှ နောင်တရသလိုလို ဖြစ်သွားသည်..။
“ကျွန်တော်….”
“တို့ သိပါတယ်.. ရှင်..တို့ကို နေ့တိုင်းစောင့်ကြည့်နေတာကို…”
“ကျွန်တော်…”
“…”
သူမ သက်ပြင်းချသည်.။ ဘာဆက်ပြောရမလဲ ဝေခွဲမရသည့်ပုံ..။ ကျွန်တော်ကလည်း ဘာဆက်ပြောရမှန်းမသိ.။
“ဟုတ်ကဲ့… အနှောက်အယှက်ဖြစ်ခဲ့ရင် ကျွန်တော်တောင်းပန်ပါတယ်…”
“ဟုတ်ကဲ့ ရပါတယ်… တောင်းပန်ဖို့မလိုပါဘူး..”
အနှောက်အယှက်မဖြစ်ပါဘူးဟု မဆို..။ အနှောက်အယှက်ဖြစ်ပါသည်ဟုလည်း မဆို.။ ကိုယ့်ကိုဘယ်လို သဘောထားသလဲ…။ စိတ်ထဲက နောက်တစ်ကြိမ် မေးမိပြန်သည်…။ အဲဒီအချိန် ရင်ထဲမှာ လှိုင်းတံပိုးများ ခက်ထန် နေသည်.။
“ကျွန်တော်…”
သူမက သက်ပြင်းတစ်ခုကို ဖြည်းညင်းစွာချသည်.။ ထွက်သွားမည့်အမူအယာပြသည်.။ အောက်ဖက်သို့ ပြန်ဆင်းမည့် လမ်းကျဉ်းကလေး၏ အလယ်ခေါင်က ကျွန်တော် လမ်းဖယ်ပေးသည်.။ သူမက ကျွန်တော် ဖယ်ပေးသည့် လမ်းကမသွား..။ ကန်ဘောင်အပေါ် လမ်းပေါ် တက်မည့်ဟန်ပြုသည်…။
“ကျွန်တော် အတူတူလိုက်လျှောက်လို့ရမလား…”
ဘယ်လိုလူလဲ..ဆိုသည့်အကြည့်ဖြင့် တစ်ချက်ပြန်ကြည့်သည်.။ မည်သို့သော စကားတစ်ခွန်းမျှမဆိုပဲ မျက်စောင်း တစ်ချက်ထိုးလိုက်သည်.။ ကျွန်တော့်ရင်တစ်ခုလုံး ဗြောင်းဆန်သွားရသည်..။
ထိုနေ့ကစ၍ ကျွန်တော့်ဘဝရက်စွဲများ ပျော်စရာအတိပြီးလေသည်.။ သူမ ကျောင်းပြန်လာသည့်အခါတိုင်း ကျွန်တော် စောင့်ကြိုနေတတ်သည်.။ ရက်သတ္တပတ်များကျော်လွန်ပြီးသည့်အခါ သံယောဇဉ်ကြိုးသည် ထင်ထား သည်ထက် တင်းနေခဲ့သည်..။ နေကောင်းလား.။ ရာသီဥတုပူတယ်နော်..။ မြေနီကုန်းမှာ ကားကြပ်လွန်းလို့.. စသည့် စကားများမှအစပြု၍ . ကျန်းမာရေးဂရုစိုက်ပါနော်..။ မနေ့က မ, မလာပေမယ့် ကျွန်တော် တစ်ညနေလုံးထိုင်စောင့်နေခဲ့ တာ.။ မနေ့က ရှင့်ကို အိပ်မက်မက်တယ်.။ ဘုရားမှာ ရှင့်မွေးနံထောင့်မှာ ဆုတောင်းခဲ့သေးတယ်..။ စီးကရက်တွေ လျှော့သောက်ပါ.. ဆိုတာမျိုးအထိ.။
            နောက်တော့ ထိုကန်ဘောင်မှာပဲ သူမကို ချစ်ခွင့်ပန်ဖြစ်ခဲ့သည်..။ ရင်ခုန်သံချင်းထပ်တူကျသူမို့ သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ချစ်သူ ဖြစ်ခဲ့ကြသည်.။ “မ” “ရှင်” ဆိုတဲ့အသုံးအနှုန်းတွေကို “ခိုင်” နဲ့ “မောင်” အဖြစ် နှစ်ဦးသဘောတူ ပြောင်းလဲလိုက်ကြသည်.။
            သို့နှင့် အင်းယားသည် ကျွန်တော်တို့ နှစ်ဦး၏ ကမ္ဘာဖြစ်လာခဲ့သည်..။ ရန်ကုန်မြို့ အခြားလည်စရာပတ်စရာတွေ ထက် နှစ်ဦးစလုံး၏ အချစ်သင်္ကေတဆန်ဆန်ဖြစ်နေသည့် အင်းယားကန်ဘောင်..။ ဒီနေရာမှာပဲ သူမကို စတွေ့ခဲ့သည်.။ ဒီနေရာမှာပဲ သူမကို ချစ်ခွင့်ပန်ခဲ့သည်.။ ဒီနေရာမှာပဲ သူ့ပါးလေးများကို တိုးတိုးတိတ်တိတ်နမ်းရှိုက်ခွင့်ရခဲ့သည်.။
            “ခိုင်တို့ ကျောင်းနဲ့ ဒီကန်ဘောင်နဲ့က တော်တော်လမ်းလျှောက်ရတယ်နော်… ခိုင်တို့ ကျောင်းရှေ့မှာလည်း ဖယ်ရီကားဂိတ် ရှိတာပဲ ဘာလို့ ဒီဖက်အထိ လမ်းလျှောက်လာတာလဲ.. မောင်အရင်က စောင့်စောင့်ကြည့်နေလို့လား...”
            “အယ်. ဝေးပါသေးရဲ့ မောင်ရယ်…ခိုင်က အညောင်းပြေအညာပြေ လမ်းလျှောက်တာ.. သီးခြားအားကစား လုပ်ရသက်သာ တာပေါ့.။ Gym ဆိုတာလည်း ခိုင်တို့ အတန်းမှာ ပုံမှန်ဝင်နိုင်ဖို့မလွယ်ဘူးလေ… ပြီးတော့..”
            “ပြီးတော့ မောင်ရှိတယ်မဟုတ်လား…”
            ကျွန်တော်က နှာခေါင်းရှုံ့လျက် ဆိုးနွဲ့လိုသောအမူအယာဖြင့်ဆိုတော့…
            “ကဲ.. မောင်ကလည်း စကားမဆုံးခင် ဖြတ်ဖြတ်မပြောပါနဲ့.. ခိုင်ပြောတာက အင်းယားမှာလမ်းလျှောက်ရတာ ခိုင်သဘောကျတယ်…နောက်…”
            “နောက်… ဆက်ပြောလေ ခိုင်..”
            အမှတ်မထင် တည်ကြည်သွားသော သူမမျက်နှာကို ကျွန်တော် အံ့အားသင့်စွာကြည့်မိလိုက်သည်..။ အလို.. သူမ မှာ အင်းယားနဲ့ ပတ်သတ်ပြီး ဒဏ်ရာဟောင်းတစ်ခုရှိနှင့်နေလေပြီ…။ ဖွေးနုသန့်စင်သော ပါးပြင်နှစ်ဖက်သို့ စီးလုလု မျက်ရည်ကို သူမ ကျွန်တော် မမြင်အောင် ထိန်းလိုက်သည်ကို ကျွန်တော်မြင်ဖြစ်အောင်မြင်လိုက်မိသည်..။
            “ခိုင်တို့ ပြန်ကြစို့မောင်…”
            “မပြန်နိုင်ဘူး ခိုင်…။ မောင်သိချင်တာ မသိရမချင်း မောင်မပြန်နိုင်ဘူး..ခိုင်ဘာလို့ ငိုသလဲ..။ ခိုင့်မှာ မောင်မသိတဲ့ အချက်တွေများရှိနေသလား.။ မောင့်ကို သိခွင့်ပေးပါ.. ”
            “မောင်မပြန်ရင်လည်း ခိုင့်ဖာသာ ပြန်မယ်…”
            “ခိုင်…”
            မထင်မှတ်ပဲ မာသွားသော ကျွန်တော့်အသံကြောင့်ခိုင်လန့်သွားသည်.။ သူ့လက်ကို လှမ်းဆွဲလိုက်သော ကျွန်တော့်လက်က မရည်ရွယ်ပါပဲ တင်းကြပ်သွားသည်လား..။ နာကျင်သွားဟန် တူသည့်ခိုင်က သူ့လက်ကို လျှော့ချ လိုက်သည်.။ ကျွန်တော်လည်း ခိုင့်လက်ကို လွှတ်ချလိုက်သည်..။
            “မောင် ခိုင့်ကို ချစ်ခဲ့တာ.. ခိုင့်မှာ ရည်းစားမရှိဖူးဘူး ထင်လို့ ချစ်ခဲ့တာလားမောင်…”
            မျက်ရည်စီးကြောင်းနှစ်ခုသည် မြစ်နှစ်သွယ်ကဲ့သို့ စီးသည်...။ ခိုင်ငိုနေသည်..။ ဟုတ်သည် ခိုင်ငိုနေသည်..။ ကျွန်တော့်ကို လွန်ဆန်ဝံ့ဟန်မတူ.။ သူထွက်မသွားသေး..။ ကျွန်တော်သူ့မျက်နှာကို ပြန်ကြည့်လိုက်သည်..။ မျက်ရည်များကြားမှ သူ့အကြည့်က အသနားခံဟန်၊ တောင်းပန်တိုးလျှိုးဟန်၊ အရှုံးပေးဟန် အရိပ်အယောင်တွေ မြင်နေရသည်..။
            “ခိုင်ရယ်…”
            ယခုမူ သိမ့်၍ သိမ့်၍ ငိုနေသော ခိုင့် ခန္ဓာကိုယ်လေးသည် ကျွန်တော့်ရင်ခွင်ထဲတွင် အလိုက်သင့်ရှိနေပါပြီတည်း.။
---------------------------------------------------------------------------------------------------------------------------------


            “ ဘယ်လို ခိုင့်မှာ နှလုံးရောဂါ ရှိတယ်ဟုတ်လား…”
            “ဟုတ်တယ် မောင်လေး…ခိုင်ပြောပြပြီးဖြစ်မှာပါ..။ သူ့အရင်ရည်းစားလေ…။ အဲဒီကောင်လေးက ဆိုးတယ်.။ ပြဿနာခဏခဏ တက်တယ်.။ ခိုင်က အေးတယ်ကွယ်..။ ဟိုကောင်လေးက ရန်ခဏခဏ ဖြစ်တယ်.။ သေမလိုအထိ ပါဖြစ်ဖူးတယ်.။ ခိုင်က အဲဒီစိတ်တွေနဲ့ နေ့တိုင်းငိုခဲ့ရတယ်. မောင်လေး.။ နောက်တော့ သူ့မခံနိုင်တော့ဘူး..။ အဲဒီကောင်လေးလည်း ဆုံးသွားတယ်..။ အဲဒီမှာ ခိုင် Heart attack ရပြီး ဆေးရုံ တစ်လလောက် တက်လိုက်ရတယ် မောင်လေး…”
            ကျွန်တော့်မှာ ဘာမှ ဆက်ပြောရန်မရှိ…။ ခိုင်နဲ့ မတွေ့ရတာ တစ်ပတ်ကျော်နေပြီ..။ ဖုန်းလည်းစက်ပိတ်ထား သည်.။
            “သူလမ်းလျှောက်နေတယ်ဆိုတာ ဆရာဝန် Recommend ပေးထားလို့ လျှောက်နေတာမောင်လေး.။ သူ့ အခြေအနေ တိုးတက်လာတယ်လို့ ထင်ခဲ့ကြတယ်...။ ဒါပေမယ့်…”
            ထိုအမျိုးသမီးက သက်ပြင်းတစ်ချက်ချပြီးဆက်ပြောသည်..။
            “သူ သိပ်ကြာကြာမနေရတော့ဘူး မောင်လေး..။ အစ်မတို့ သူ့ကို လန်ဒန်ခေါ်သွားမယ်..ခွဲစိတ်ဖို့ပေါ့..။ ခွဲစိတ်မှု အောင်မြင်ရင်တော့သူပြန်လာနိုင်မယ်…သူ့ကိုတော့ အောင်မြင်ဖို့ များတယ်လို့ ပြောထားပေမယ့်…”
            ခိုင့်အစ်မဆိုသူ အမျိုးသမီးက ကျလာသော မျက်ရည်ကို သုတ်သည်..။
            “ မင်းအတွက်လည်း စိတ်မကောင်းပါဘူးကွယ်.။ တကယ်တော့ ခိုင်က ရည်းစားထားလို့ မရဘူးကွယ်..။ အစ်မတို့ သွားတော့မယ်မောင်လေး..”
            နှုတ်ဆက်သံမှာ ရှိုက်သံပါနေသည်…။ သူမ ပြီးဆုံးအောင်ပြောမသွားသော စကားက ဘာဆိုတာမောင် မရိပ်မိခဲ့ရင် ဘယ် လောက် ကောင်းလိုက်မလဲခိုင်ရယ်..။
            ခိုင်ရောက်မလာသောထိုညနေက အင်းယားကန်ဘောင်ပေါ် အရုပ်ကြိုးပြတ်ဒူးထောက်ကျသည်..။ မိမိ လေဆိပ် လိုက်မပို့သည်အခါ ခိုင်မျှော်နေမလား..။ ခိုင့်ရောဂါ ပိုဆိုးမလား..။ ခိုင့်ကို သူတို့တွေ ဘယ်လို ဝိုင်းလိမ်ညာပေးကြမလဲ။ ခိုင့်ကို ချစ်လှစွာသော ဆွေမျိုးများသည် ခိုင်ချစ်လှစွာသောကျွန်တော့်ထံ ဖုန်းတစ်ချက်ပင် မဆက်စေတော့ပြီလား.။ စင်စစ်ပင် ထိုနေ့သည် ကျွန်တော့်ချစ်လှစွာသောခိုင် ကျွန်တော်နှင့်အဝေးဆုံး မပြန်လမ်းသို့ ထွက်ခွာသောနေ့ပင် ဖြစ်လေ သည်.။  
----------------------------------------------------------------------------------------------------------------------------------


            ခိုင်သည် ကျွန်တော့်နှင့် တစ်မြေခြားသို့ မခွာခဲ့ပါလား…။ နိုင်ငံရပ်ခြားသို့ထွက်မသွားခဲ့ပါလား..။ ခိုင့်အတွက် ခံစားချက် အသစ် အဆန်း၊ နှလုံးရောဂါသည် တစ်ယောက်အတွက် အန္တရာယ်ရှိသော ရင်ခုန်လှုပ်ရှားမှုများကို ပေးခဲ့သူက ကျွန်တော်.။ ထိုအတွေးက ဖြေဖျောက်မရ…။ ခိုင်သာ ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့ ကမ္ဘာ..။ ကျွန်တော်က ကျွန်တော့်ကမ္ဘာကို ကိုယ်ပြန်ဖျက်သူပင်တည်း..။
            ခိုင်မသေဘူး..။ ခိုင်ပြန်လာမှာ..။ ကျွန်တော် ယုံကြည်နေသည်..။ ခိုင်ကတိပေးခဲ့သည်.။ ခိုင်ပြန်လာဦးမည်.။ အဲဒီနေ့ကို ကျွန်တော်စောင့်နေခဲ့သည်.။ ဒီနေရာ ဒီအဝန်းအဝိုင်းမှာပဲ ခိုင်ရှိနေတယ်.။ သူကျွန်တော့်ကိုရှာနေမလား.။ သူ ကျွန်တော့်ကို မြင်ပါ့မလား..။ အင်းယားကန်ဘောင်.. ပြီးတော့ သူလာနေကျ လမ်းလေး..။ ကျွန်တော်တို့ အတူ ထိုင်ခဲ့တဲ့နေရာ.။ သူ့ကို စကားစပြောခဲ့တဲ့ လမ်းကျဉ်းကလေး.။ နောက်….
            အင်းယားကန်ဘောင်သည် ညဥ့်နက်လာသည်နှင့်အမျှ လူကျဲပါးသွားသည်.။ ကျွန်တော်ကတော့ အုတ်ခုံလေးမှာ ထိုင်နေတုန်း…။
ညသည် တိတ်ဆိတ်စွာ ငိုကျွေးတတ်ပါသလား..။ ဆီးနှင်းပေါက်တို့က ည၏ မျက်ရည်များ ဖြစ်သင့်သည်ဟု တစ်ဖက်သတ် ယုံကြည်သင့်သည်ဆိုပါလျှင် ည၏ငိုကျွေးမှုတို့သည် မည်သည့် အကြောင်းတရား ပေါ်မှာ မှီတည် လေ့ရှိပါသနည်း..။ မည်သူ့ကြောင့် ငိုကျွေးရသည် ထင်ပါသနည်း.။ ညအနေဖြင့် ငိုကျွေးသည်ဖြစ်စေ မငိုကျွေးသည်ဖြစ်စေ. ကမ္ဘာတစ်ခြမ်းသော လူအားလုံးတို့အပေါ် တစ်ပြေးညီ မှောင်မိုက်ခြင်းပေးသည်ဟု ယူဆနိုင်မည်လား..။ စင်စစ်မူ ညချမ်းအချိန်အခါသည် ညမအိပ်သော ကျွန်တော့်အဖို့ စိတ္တဇသက်သက် အတွေးပုံရိပ်များ ဖြင့် ခြောက်လှန့်ကြီးစိုး ငေးမော စေတတ်သော အပိုင်းအခြားတစ်ခုသက်သက်သာ ဖြစ်လေသည်...။

မိုးသက်ဦးလွင်
၂၀၁၅ ခုနှစ် ဇွန်လ City မဂ္ဂဇင်း
           






ရေးသားသူ : မိုးသက် // 10:12 AM
အမျိုးအစား:

1 comments:

  1. တချို့နှလုံးရောဂါသည်တွေ ချစ်သူ(ရီးစား)ထားလို့ရတယ်
    ဟုတ်ပါတယ်တခါတလေ ညဆိုတာ တိတ်ဆိတ်စွာ ငိုကျွေးတတ်တယ်မိုးသက်ရေ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List