Sunday, July 28, 2024

Some random stories (Unkown Episode - 4)

 

 Photo:AI


ဇာတ်လမ်းအစက ကျောင်းအုပ်ဆရာမကြီးက ကော်ရစ်ဒါကနေ Round တိုင်း ပြတင်းပေါက်နဲ့ စာသင်ခုံတန်းရှည်တွေရဲ့ ကြားက မျက်ကွယ်နေရာမှာ ကျောင်းသားတွေ ဝင်ဝင်အိပ်လို့ အတန်းဖွဲ့စည်းပုံကိုပြောင်းပစ်လိုက်တဲ့ ကိစ္စပဲ။

အရင်တုန်းက အတန်းထဲကိုဝင်လိုက်ရင် ဘယ်ဖက်အခြမ်းမှာ မိန်းကလေးတွေရှိမယ်။ ညာဖက် အခြမ်းမှာ ယောက်ျားလေးတန်းရှိမယ်။ အလယ်မှာ လျှောက်လမ်းပေါ့။ ယောက်ျားလေးတန်းက ကော်ရစ်ဒါနဲ့ ကပ်နေတဲ့အတွက် ကော်ရစ်ဒါနဲ့ ကပ်နေတဲ့ နံရံနဲ့ ခုံတန်းကြားထဲ ဝင်ဝင်အိပ်ကြတာ။ ဒါကို ဆရာမကြီးက သဘောမကျလို့ ပြောင်းလိုက်တဲ့ ပုံစံက လျှောက်လမ်းကို ဘယ်နဲ့ ညာမှာထားလိုက်တယ်ပြီး ယောက်ျားလေး Column ရော မိန်းကလေး Column ရောကို အလယ်မှာ ကပ်ချလိုက်တာ။
အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ နဂိုတုန်းက ယောက်ျားလေးတန်းရဲ့ ညာဖက်အစွန်ဆုံးကျနော်က မိန်းကလေးတန်းရဲ့ ဘယ်ဖက်အစွန်ဆုံး သိင်္ဂီနဲ့ ခုံချင်း ဆက်သွားတော့တာပေါ့။
ကျနော်တို့ ဆယ်တန်းတုန်းက စည်းကမ်းတစ်ခုရှိတယ်။ အဲ့ဒါက အတန်းထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေး စာမေးတာကလွဲရင် အပို အလာပ သာလာပ စကားမပြောရတာပဲ။ အတန်းပိုင်ဆရာမက အပျိုကြီးဆိုတော့ ဒါတွေ ဘယ်နားလည်ပါ့မလဲလို့ ကျောင်းသားအချင်းချင်း အတင်းပြောတာကို တစ်ယောက်ယောက်ဖွပုံရပါတယ်။ ကြိမ်စကြာနဲ့ ခပ်စပ်စပ်လေး အဆော်ခံထိသွားတော့ အခန်းထဲက ဆရာမကို ဒလန်လုပ်နေတဲ့လူကို ရှာကြသေးတယ်။ မတွေ့ခဲ့ပါဘူး။ မိန်းကလေးရှေ့ဆုံးတန်းက စာကြိုးစားသလောက် ဆိုရှယ်အင်မတန်ညံ့တဲ့ မွတ်စလင်မလေးဟန်နီထွန်းလား။ ဆရာမ အချစ်တော် ခွေးပုလေး သီဟန်ကျော်လား၊ ဒါမှမဟုတ် နောက်ဆုံးတန်းက မော်နီတာဝိတ်ပေါ မင်းကိုနိုင်လား ဘယ်သူမှ သေချာမသိဘူး။ ဒါပေမယ့် မိန်းကလေးနဲ့ ယောက်ျားလေး ပြုံးပြုံးရွှင်ရွှင်နဲ့ ဖလာ့တ္တင်း လုပ်ပြီး စကားပြောပြီဆိုတာနဲ့ ဆရာမက တစ်နည်းနည်းနဲ့ သိသွားပြီး ကွန်ဆာဗေးတစ်အလုံးတွေနဲ့ရော အာဏာရှင်ကြိမ်လုံးနဲ့ပါ နှစ်ပါးသွားရဖို့ သေချာတယ်။
အဲ့ဒီတော့ အရင်တုန်းက ကျနော်တို့လေပေါအုပ်စုနဲ့ ဟိုဖက်က သာလိကာ သိင်္ဂီတို့ အုပ်စုဟာ စကားပြောချင်ရင် စာအုပ်ကလေး ဟိုဖက်သည်ဖက် ကမ်းပြီး ပြောကြရတာ။ စာအုပ်နောက်ထဲမှာ စာတိုလေးတွေရေးရင်းနဲ့ပေါ့။ ဒီနေ့ခေတ်လိုပြောရရင် လက်ကမ်း Messenger လေးတွေပဲဆိုပါစို့။ "နင်ဒီနေ့ ဝတ်ထားတာ လှတယ်နော်" "အံမယ် နင်ကလည်း အပိုတွေလုပ်ပြန်ပြီ" "ကဲကုလပ်စ်တွေ ခက်တယ်ဟာ..." "နင်ဆံပင်ညှပ်လိုက်တာလား" စတဲ့ အတိုအစလေးတွေပေါ့။ ဒါပေမယ့် ကိုယ်တို့မှာ ဘာအရောင်အဆင်းမှ မရှိ၊ ပကတိ သူငယ်ချင်း သံယောဇဉ် သက်သက်လေးတွေပဲရှိတာမျိုး။
ဒါပေမယ့် အထက်က ဆိုခဲ့သည့်အတိုင်း သူနဲ့ကိုယ်က ကြားမှာ ခြားနေတဲ့လျှောက်လမ်းမရှိတော့ဘူး။ ကျောင်းဆင်းရင် ဆုတ်ပစ်ရမယ့် စာတိုလေးတွေရှိတဲ့ ဗလာစာအုပ်တွေ ကမ်းနေစရာမလိုတော့ဘူး။ သူဟာ ကိုယ့်ဘေးမှာ၊ ကိုယ်ကလည်း သူ့ဘေးမှာ။ အဲ့ဒီတော့ ကိုယ်တွေရဲ့ chit-chat conversation တွေဟာ အသွင်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဆယ်တန်းကျောင်းသားတွေအတွက် မထူးဆန်းတဲ့ ခုံပေါ်မှောက်အိပ်တဲ့ ပုံစံမျိုးပေါ့။ သူရော ကိုယ်ရော မှောက်အိပ်နေတာ။ အခန်းထဲက ဘယ်သူမှန်းမသိတဲ့ ဒလန်ထီး/ဒလန်မ က ကိုယ်တွေ စကားပြောနေမှန်းမသိအောင်ပေါ့။ ဒါပေမယ့် တစ်ယောက်ရဲ့ ထွက်သက်နွေးနွေးလေးတွေကို တစ်ယောက်က ခံစားနေရတဲ့ နီးကပ်မှုမျိုးမှာ ကျနော်တို့ နှစ်ယောက်အတွက် တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ကြားလာရဖို့အတွက် အချိန်တွေ အများကြီးမလိုခဲ့ပါဘူး။

ကျနော်တို့ရဲ့ ချစ်ပုံပြင်လေးဟာ လှသလောက် ကြာရှည်မခံခဲ့တဲ့ ပန်းလေးတွေလိုပါပဲ။ ပန်းကလေးတွေဟာ အချိန်တန်ရင် ညှိုးရမယ့် ကြွေရမယ်။ ဒါပါပဲ။ ကျနော်တို့ ကြည့်မရတဲ့ ခွေးပုလေးသီဟန်ကျော် ဟာ ကျနော့်အပိုင်လို ကျနော်တွက်ထားခဲ့တဲ့ နှာခေါင်းချွန်မလေးသိင်္ဂီဝင်းရဲ့ ခုံပေါ်ကို ပန်းတစ်ပွင့်လာတင်တာကို တွေ့လိုက်ရတဲ့ မနက်က ကျနော်ဟာ ရည်းစားလူလု အူနု ကျွဲခတ် ဖြစ်နေခဲ့တာကို မှတ်မိတယ်။ ဆောင့်ဆွဲလိုက်လို့ ပြုတ်ထွက်သွားတဲ့ ရင်ဘတ်ကြယ်သီးဟာ အတန်းထဲက Seating plan တစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားမယ်လို့ ဘယ်သူမှ ကြိုမထင်ထားခဲ့ဘူး။ ဒါပေမယ့်လည်း ကျနော်က သိင်္ဂီ့ကို ကျနော့်အိတ်ကပ်ကလေးထဲကနေရာလေးတစ်ခုမှာ ငြိမ်ငြိမ်လေးရှိနေမယ့် စံပယ်ဖြူပွင့်လေးလို ထင်ခဲ့တာလည်း နုံအမှုတစ်ခုလို့ဆိုရမလား။
ဝိုးတိုးဝါးတား အာရုံထဲမှာ အီကိုခန်းက ဂစ်တာတီးတတ်တဲ့ကောင်က စုံညီပွဲတော်ကာလကြီး ကျောင်းမှာ ဂစ်တာယူလာပြီး တီးနေတာကို သတိရတယ်..။ ဂီတကို ဝါသနာပါလို့ ကိုယ့်စာသင်ခန်းထဲက‌နေ အီကိုခန်းထဲထိ သွားပြီး "အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ။ အရင်လိုဆက်ချစ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင် အတိတ်တွေကျန်ခဲ့ပြီ" ကို အော်ဆိုနေတဲ့ ရူးနှမ်းနှမ်းချာတိတ်တစ်ယောက်ကို မြင်တယ်။ ဟိုအားကစားပွဲ၊ ဒီဆုပေးပွဲတွေနဲ့ ကျောင်းသားတွေရော၊ ဆရာ/ဆရာမတွေရော အလုပ်တွေရှုပ်နေတဲ့အချိန် Library ထဲမှာ ခွေးပုလေးနဲ့ သိင်္ဂီနဲ့ နှစ်ယောက်တည်းရှိနေခဲ့တာကိုတော့ ကျနော်အပါအဝင် ဘယ်သူမှ မသိခဲ့ပါဘူး။

မိုးသက်ဦးလွင်
Aug 1, 2023



 

My Blog List