Thursday, August 8, 2024

Some random stories (Unknown Episode - 5)

 

photo - AI


မှတ်မှတ်ရရ အဲ့ဒီညက ကျနော်တို့အခန်းက ခေါင်ရည် Conversation ကို လာ Join တဲ့ အပေါ်လွှာက အသိမိန်းကလေးတွေရှိလို့ စီးကရက်သမားတွေက ကော်ရစ်ဒါမှာ ထွက်သောက်ကြတယ်။ ကျနော့် Mild 7 ဘူးလေးကိုလည်း ကော်ရစ်ဒါက ရွက်လှပန်းအိုးဘေးမှာ သောက်ချင်တဲ့လူ ယူသောက်လို့ရအောင် တင်ထားတယ်။ အဲ့ဒီလိုပဲ စီးကရက်ထွက်သောက်လိုက်၊ အခန်းထဲပြန်ဝင်ပြီး သီချင်းဆိုလိုက် စကားပြောလိုက်နဲ့။
ငယ်ငယ်က ညနေက ကိစ္စကို အစာကြေဟန်မတူဘူး။ ရီဝေဝေစကားဝိုင်းဟာ ပျော်စရာလို့ ထင်ရပေမယ့် ကျနော်က ကျနော့်ဘဝရဲ့ အလွဲတွေအကြောင်း ပြန်ပြောတိုင်း တခြားလူတွေရယ်ကြရင်တောင် သူက မရယ်ဘူး။ ဖုန်းကို ငုံ့ပြီးပွတ်နေတယ်။ တခြားအစ်ကိုတွေ၊ အစ်မတွေ စကားပြောမှ သူက တစ်ချက်တစ်ချက် ဝင်ဝင်ထောက်တတ်တယ်။ ကျနော် စကားပြောတိုင်း သူက မျက်နှာလွှဲထားတယ်။ သူစိတ်မကြည်ဘူးဆိုတဲ့ သဘောပေါ့။
တခြားလူတွေ ရိပ်မိသွားမလားမသိပေမယ့် ကျနော်က ကျနော်တို့ နှစ်ယောက်ပဲ သိတဲ့ အဓိပ္ပာယ် ၂ မျိုး ရတဲ့ Dirty Joke တစ်ခုကို ပြောတယ်။ အဓိပ္ပာယ် ၂ ခွထဲက တခြားအဓိပ္ပာယ်က ထင်သလောက်မရယ်ရပေမယ့် အားနာပါးနာရယ်ပေးတဲ့လူတွေ ကြောင့် ထင်သလောက်တော့ embarrassed မဖြစ်ဘူးပေါ့။ ငယ်ငယ်က ခေါင်းငုံ့နေရာက လန့်သွားတဲ့ မျက်နှာနဲ့ ကျနော့် မျက်နှာကို ဖျတ်ကနဲလှမ်းကြည့်တယ်။ ပြီးတော့ လက်ကို မမြင်အောင်ဝှက်ပြီး လက်ခလယ်ထောင်ပြတယ်။ သူ့ပါးစပ်ပေါက်သေးသေးလေးက နှုတ်ခမ်းကို ကိုက်ပြလိုက်သေးတယ်။
၁၁ လောက်ကျတော့ Conversation က နည်းနည်း ငြိမ်သွားပြီ။ မိန်းကလေးအများစုက သူတို့အထပ်ကို ပြန်တက်သွားတယ်။ သောက်တတ်တဲ့ ၁ ယောက် ၂ ယောက်ပဲ ကျန်တယ်။ ပုံမှန်ဆို တော်တော်သောက်နိုင်တဲ့ ငယ်ငယ်က ဟုတ်တိပတ်တိ မသောက်ဘဲ ယောင်ပေပေလုပ်ရင်းကျန်နေခဲ့ပြီး Toilet ဖက်ခဏထွက်သွားတယ်။
ခဏကြာတော့ ခေါင်ရည်ကုန်သွားလို့ လစ်မစ်မကိုက်သေးတဲ့လူတွေက ဘီယာ ဆင်းဝယ်ကြတယ်။ အထဲမှာ ဖင်အပေါ့ဆုံး ချာတိတ် ၂ ယောက်က ပိုက်ဆံပေးတာတောင် မယူဘဲ ဆင်းသွားတယ်။ အခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျနော်လည်း စကားပြောစရာလူမရှိတဲ့ အဆုံး၊ ဂစ်တာခဏကိုင်တယ်။ ညဖက် တခြားလူတွေ အိပ်ချင်နေမစိုးလို့ Strumming မတီးဖြစ်ဘဲ ကြိုးတွေ လျှောက်တီးပြီး ပြန်ချထားလိုက်တယ်။ ပြီးတော့ ကော်ရစ်ဒါထွက်ပြီး စီးကရက်တစ်လိပ်ကို ညှိတယ်။
ရန်ကုန်ရဲ့ ညက အသက်ဝင်လှုပ်ရှားနေတုန်းပဲ။ ည ၁၁ နာရီဆိုတာ ရန်ကုန်မှာ အစောကြီးပဲဆိုပါတော့။ ကမ်းနားလမ်းဖက်မှာ ကွန်တိန်နာတွေ လီဗာနင်းပြီးရုန်းတဲ့ အသံတွေကို လှမ်းကြားနေရတယ်။
ရပ်နေရာက ခဏညောင်းလာလို့ ကော်ရစ်ဒါမှာပဲ ထိုင်တယ်။ ပြီးတော့ မီးရောင်တွေကြားမှာ မထင်မရှားလေးပေါ်နေတဲ့ လတစ်ခြမ်းပဲ့ကလေးကို မြင်ရတယ်။ မာကျူရီမီးလုံးတွေရဲ့ အလင်းရောင်က သိပ်စူးနေတဲ့အချိန် ရန်ကုန်မြို့ကြီးထဲမှာ ကိုယ့်လို မထင်မရှား လရောင်ကို တစ်ချိန်တည်းမှာ ကြည့်နေတဲ့လူ ဘယ်နှယောက်များရှိပါ့မလဲ။
တွေးနေရင်းနဲ့ စီးကရက်ကို ပြာချွေပြီး နှုတ်ခမ်းမှာထိခါနီး ဖြုတ်ကနဲ ဆွဲလုခံလိုက်ရတာကို သတိရတယ်။ အဲ့ဒီခံစားချက်ကို သဘောပေါက်မယ်ထင်ပါတယ်.။ ခန္ဓာကိုယ်က တောင်းဆိုနေတဲ့ နီကိုတင်းက ကိုယ်ထဲကို စီးဝင်လက်စ Streaming က အချိန်မတန်ခင်ပြတ်တောက်သွားတဲ့ အချိန် မအီမလည်၊ မတင်မကျ ဖြစ်သွားတဲ့ ခံစားချက်မျိုး။ စိတ်က ထင့်ကနဲဖြစ်သွားပေမယ့် ကျနော်သောက်လက်စ စီးကရက်ကို ယူပြီး ဖွာနေတဲ့ ငယ်ငယ့်ကို မြင်တော့ စိတ်က ပြေသွားတယ်။
ငယ်ငယ်က ဘေးမှာဝင်ထိုင်တယ်။ ၂ ဖွာလောက် ဖွာပြီး ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တဲ့ စီးကရက်ကို ပန်းအိုးရဲ့ မြေကြီးနဲ့ ထိုးပြီး သတ်နေတယ်။ ပြီးတော့ လက်က ကိုင်ထားတယ်။ သူ့ကို ကြည့်ရတာ အဝေးတစ်နေရာက တိုက်တွေ မီးရောင်တွေကို ကြည့်နေပုံပါပဲ။ ကျနော့်လို လရောင်ကို ရှာနေတဲ့ မျက်လုံးမျိုးတော့ မဟုတ်ဘူး။
"နင်ငါ့ကို စိတ်ကောက်နေတုန်းပဲလား"
ကျနော့် အမေးကို ငယ်ငယ် ပြန်မဖြေဘူး။ သူကြိုက်တဲ့ ကော်ဖီခါးခါးတွေ သောက်နေကျအချိန်လို ခေါင်းလေးကို ဆတ်ဆတ်ဆတ်ဆတ် တုန်ပြီး တစ်ခုခု ကို စဉ်းစားနေတဲ့ မျက်ဝန်းမျိုးနဲ့။ ကျနော် သဘောကျခဲ့ရတဲ့ အရုပ်မလို မျက်တောင်လေးတွေ။
"နင်က တကယ့် ကလေးပဲ သိလား..."
ကျနော့်ရဲ့ မရင့်ကျက်မှု၊ မသိသားဆိုးဝါးမှုတွေအပေါ် စိတ်ပျက်ရတိုင်း သူပြောနေကျ စကားကိုပဲ ပြောတယ်။ ပြီးတော့ ပြန်ငြိမ်သွားပြန်တယ်။
ခဏကြာတော့ ကျနော် ငယ်ငယ့်လက်ထဲက မပစ်ရသေးတဲ့ စီးကရက်အတိုကို ယူလိုက်တယ်။ ဓာတ်လှေကားရှေ့က အမှိုက်ပုံးထဲ သွားထည့်ဖို့ မတ်တတ်ရပ်တဲ့အချိန် ကျနော့်ကို ငယ်ငယ်က မထနိုင်အောင် ပခုံးကို ဖိပြီး ခို ထားတယ်။ ကျနော် ရယ်ပြီး မတ်တတ်ရပ်လိုက်တဲ့အချိန် သူ့ပါ ထရပ်တယ်။ ပြီးတော့ ကျနော့်ကို နံရံမှာ တွန်းကပ်ပြီး နမ်းတယ်။

ပုံမှန်အားဖြင့် မိန်းကလေးနဲ့ ယောက်ျားလေး နမ်းကြရင် မိန်းကလေးက နံရံဖက်က မဟုတ်လား။ အမြဲလွဲနေကျ စုံတွဲတစ်တွဲရဲ့ အဲ့ဒီလို ပြောင်းတိပြောင်းပြန်ဖြစ်နေတဲ့ အမှတ်ရစရာ အနမ်းက ချိုမြိန်ပေမယ့် အချိန်အကြာကြီးတော့ မခံခဲ့ပါဘူး။
ဓာတ်လှေကားပွင့်လာသံနဲ့အတူ ဘီယာသွားဝယ်တဲ့အဖွဲ့တွေ ပြန်ရောက်လာတော့ ငယ်ငယ်က အကုန်လုံးကို နှုတ်ဆက်ပြီး မိန်းကလေးတွေတည်းတဲ့ အလွှာကို ပြန်တက်သွားတော့တာပဲ။

မိုးသက်ဦးလွင်
စက်တင်ဘာ ၂၊ ၂၀၂၃




Sunday, July 28, 2024

Some random stories (Unkown Episode - 4)

 

 Photo:AI


ဇာတ်လမ်းအစက ကျောင်းအုပ်ဆရာမကြီးက ကော်ရစ်ဒါကနေ Round တိုင်း ပြတင်းပေါက်နဲ့ စာသင်ခုံတန်းရှည်တွေရဲ့ ကြားက မျက်ကွယ်နေရာမှာ ကျောင်းသားတွေ ဝင်ဝင်အိပ်လို့ အတန်းဖွဲ့စည်းပုံကိုပြောင်းပစ်လိုက်တဲ့ ကိစ္စပဲ။

အရင်တုန်းက အတန်းထဲကိုဝင်လိုက်ရင် ဘယ်ဖက်အခြမ်းမှာ မိန်းကလေးတွေရှိမယ်။ ညာဖက် အခြမ်းမှာ ယောက်ျားလေးတန်းရှိမယ်။ အလယ်မှာ လျှောက်လမ်းပေါ့။ ယောက်ျားလေးတန်းက ကော်ရစ်ဒါနဲ့ ကပ်နေတဲ့အတွက် ကော်ရစ်ဒါနဲ့ ကပ်နေတဲ့ နံရံနဲ့ ခုံတန်းကြားထဲ ဝင်ဝင်အိပ်ကြတာ။ ဒါကို ဆရာမကြီးက သဘောမကျလို့ ပြောင်းလိုက်တဲ့ ပုံစံက လျှောက်လမ်းကို ဘယ်နဲ့ ညာမှာထားလိုက်တယ်ပြီး ယောက်ျားလေး Column ရော မိန်းကလေး Column ရောကို အလယ်မှာ ကပ်ချလိုက်တာ။
အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့ နဂိုတုန်းက ယောက်ျားလေးတန်းရဲ့ ညာဖက်အစွန်ဆုံးကျနော်က မိန်းကလေးတန်းရဲ့ ဘယ်ဖက်အစွန်ဆုံး သိင်္ဂီနဲ့ ခုံချင်း ဆက်သွားတော့တာပေါ့။
ကျနော်တို့ ဆယ်တန်းတုန်းက စည်းကမ်းတစ်ခုရှိတယ်။ အဲ့ဒါက အတန်းထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေး စာမေးတာကလွဲရင် အပို အလာပ သာလာပ စကားမပြောရတာပဲ။ အတန်းပိုင်ဆရာမက အပျိုကြီးဆိုတော့ ဒါတွေ ဘယ်နားလည်ပါ့မလဲလို့ ကျောင်းသားအချင်းချင်း အတင်းပြောတာကို တစ်ယောက်ယောက်ဖွပုံရပါတယ်။ ကြိမ်စကြာနဲ့ ခပ်စပ်စပ်လေး အဆော်ခံထိသွားတော့ အခန်းထဲက ဆရာမကို ဒလန်လုပ်နေတဲ့လူကို ရှာကြသေးတယ်။ မတွေ့ခဲ့ပါဘူး။ မိန်းကလေးရှေ့ဆုံးတန်းက စာကြိုးစားသလောက် ဆိုရှယ်အင်မတန်ညံ့တဲ့ မွတ်စလင်မလေးဟန်နီထွန်းလား။ ဆရာမ အချစ်တော် ခွေးပုလေး သီဟန်ကျော်လား၊ ဒါမှမဟုတ် နောက်ဆုံးတန်းက မော်နီတာဝိတ်ပေါ မင်းကိုနိုင်လား ဘယ်သူမှ သေချာမသိဘူး။ ဒါပေမယ့် မိန်းကလေးနဲ့ ယောက်ျားလေး ပြုံးပြုံးရွှင်ရွှင်နဲ့ ဖလာ့တ္တင်း လုပ်ပြီး စကားပြောပြီဆိုတာနဲ့ ဆရာမက တစ်နည်းနည်းနဲ့ သိသွားပြီး ကွန်ဆာဗေးတစ်အလုံးတွေနဲ့ရော အာဏာရှင်ကြိမ်လုံးနဲ့ပါ နှစ်ပါးသွားရဖို့ သေချာတယ်။
အဲ့ဒီတော့ အရင်တုန်းက ကျနော်တို့လေပေါအုပ်စုနဲ့ ဟိုဖက်က သာလိကာ သိင်္ဂီတို့ အုပ်စုဟာ စကားပြောချင်ရင် စာအုပ်ကလေး ဟိုဖက်သည်ဖက် ကမ်းပြီး ပြောကြရတာ။ စာအုပ်နောက်ထဲမှာ စာတိုလေးတွေရေးရင်းနဲ့ပေါ့။ ဒီနေ့ခေတ်လိုပြောရရင် လက်ကမ်း Messenger လေးတွေပဲဆိုပါစို့။ "နင်ဒီနေ့ ဝတ်ထားတာ လှတယ်နော်" "အံမယ် နင်ကလည်း အပိုတွေလုပ်ပြန်ပြီ" "ကဲကုလပ်စ်တွေ ခက်တယ်ဟာ..." "နင်ဆံပင်ညှပ်လိုက်တာလား" စတဲ့ အတိုအစလေးတွေပေါ့။ ဒါပေမယ့် ကိုယ်တို့မှာ ဘာအရောင်အဆင်းမှ မရှိ၊ ပကတိ သူငယ်ချင်း သံယောဇဉ် သက်သက်လေးတွေပဲရှိတာမျိုး။
ဒါပေမယ့် အထက်က ဆိုခဲ့သည့်အတိုင်း သူနဲ့ကိုယ်က ကြားမှာ ခြားနေတဲ့လျှောက်လမ်းမရှိတော့ဘူး။ ကျောင်းဆင်းရင် ဆုတ်ပစ်ရမယ့် စာတိုလေးတွေရှိတဲ့ ဗလာစာအုပ်တွေ ကမ်းနေစရာမလိုတော့ဘူး။ သူဟာ ကိုယ့်ဘေးမှာ၊ ကိုယ်ကလည်း သူ့ဘေးမှာ။ အဲ့ဒီတော့ ကိုယ်တွေရဲ့ chit-chat conversation တွေဟာ အသွင်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဆယ်တန်းကျောင်းသားတွေအတွက် မထူးဆန်းတဲ့ ခုံပေါ်မှောက်အိပ်တဲ့ ပုံစံမျိုးပေါ့။ သူရော ကိုယ်ရော မှောက်အိပ်နေတာ။ အခန်းထဲက ဘယ်သူမှန်းမသိတဲ့ ဒလန်ထီး/ဒလန်မ က ကိုယ်တွေ စကားပြောနေမှန်းမသိအောင်ပေါ့။ ဒါပေမယ့် တစ်ယောက်ရဲ့ ထွက်သက်နွေးနွေးလေးတွေကို တစ်ယောက်က ခံစားနေရတဲ့ နီးကပ်မှုမျိုးမှာ ကျနော်တို့ နှစ်ယောက်အတွက် တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ကြားလာရဖို့အတွက် အချိန်တွေ အများကြီးမလိုခဲ့ပါဘူး။

ကျနော်တို့ရဲ့ ချစ်ပုံပြင်လေးဟာ လှသလောက် ကြာရှည်မခံခဲ့တဲ့ ပန်းလေးတွေလိုပါပဲ။ ပန်းကလေးတွေဟာ အချိန်တန်ရင် ညှိုးရမယ့် ကြွေရမယ်။ ဒါပါပဲ။ ကျနော်တို့ ကြည့်မရတဲ့ ခွေးပုလေးသီဟန်ကျော် ဟာ ကျနော့်အပိုင်လို ကျနော်တွက်ထားခဲ့တဲ့ နှာခေါင်းချွန်မလေးသိင်္ဂီဝင်းရဲ့ ခုံပေါ်ကို ပန်းတစ်ပွင့်လာတင်တာကို တွေ့လိုက်ရတဲ့ မနက်က ကျနော်ဟာ ရည်းစားလူလု အူနု ကျွဲခတ် ဖြစ်နေခဲ့တာကို မှတ်မိတယ်။ ဆောင့်ဆွဲလိုက်လို့ ပြုတ်ထွက်သွားတဲ့ ရင်ဘတ်ကြယ်သီးဟာ အတန်းထဲက Seating plan တစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်သွားမယ်လို့ ဘယ်သူမှ ကြိုမထင်ထားခဲ့ဘူး။ ဒါပေမယ့်လည်း ကျနော်က သိင်္ဂီ့ကို ကျနော့်အိတ်ကပ်ကလေးထဲကနေရာလေးတစ်ခုမှာ ငြိမ်ငြိမ်လေးရှိနေမယ့် စံပယ်ဖြူပွင့်လေးလို ထင်ခဲ့တာလည်း နုံအမှုတစ်ခုလို့ဆိုရမလား။
ဝိုးတိုးဝါးတား အာရုံထဲမှာ အီကိုခန်းက ဂစ်တာတီးတတ်တဲ့ကောင်က စုံညီပွဲတော်ကာလကြီး ကျောင်းမှာ ဂစ်တာယူလာပြီး တီးနေတာကို သတိရတယ်..။ ဂီတကို ဝါသနာပါလို့ ကိုယ့်စာသင်ခန်းထဲက‌နေ အီကိုခန်းထဲထိ သွားပြီး "အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ။ အရင်လိုဆက်ချစ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင် အတိတ်တွေကျန်ခဲ့ပြီ" ကို အော်ဆိုနေတဲ့ ရူးနှမ်းနှမ်းချာတိတ်တစ်ယောက်ကို မြင်တယ်။ ဟိုအားကစားပွဲ၊ ဒီဆုပေးပွဲတွေနဲ့ ကျောင်းသားတွေရော၊ ဆရာ/ဆရာမတွေရော အလုပ်တွေရှုပ်နေတဲ့အချိန် Library ထဲမှာ ခွေးပုလေးနဲ့ သိင်္ဂီနဲ့ နှစ်ယောက်တည်းရှိနေခဲ့တာကိုတော့ ကျနော်အပါအဝင် ဘယ်သူမှ မသိခဲ့ပါဘူး။

မိုးသက်ဦးလွင်
Aug 1, 2023



Saturday, June 1, 2024

Some Random Stories (Unknown episode - 3)

 

                                                Photo Generated By DALL-E (AI)

ဇန်နဝါရီရဲ့ မနက်ခင်းက ဒီဇင်ဘာရနံ့မပြယ်သေးဘူး။ တောင်ပေါ်မြို့ကလေးရဲ့ မြို့သစ် ခေါ်တဲ့ရပ်ကွက်ကလေးဟာ ဝိုးတို့ဝါးတား ဆောင်းအိပ်မက်ထဲက နိုးထအသက်ဝင်ခါစပေါ့။

ဆိုင်ကယ်ကို ကတ္တရာလမ်းပခုံးဘေးက မြေနီပေါင်ကလေးပေါ်မှာ ဆိုင်ဖက်ကို ခေါင်းတည်ပြီးရပ်လိုက်တယ်။ ကျနော်တို့ ဝင်လိုက်တဲ့ ဆိုင်ကလေးဟာ ဆင်ခြေဖုံးရပ်ကွက်ကလေးရဲ့ ရှမ်းခေါက်ဆွဲဆိုင်သေးသေးလေး။ ဆိုင်ရဲ့ရှေ့မှာ အောင်ဘာလေ ထီဆိုင်နဲ့ တွဲဖွင့်ထားပြီး ထီဆိုင်ကောင်တာဟာ ခေါက်ဆွဲဆိုင်ရဲ့ အရှေ့ကို ကွယ်ထားတယ်။ မြင်ကွင်းက ရှုပ်သလိုဖြစ်နေမလားမသိပေမယ့် ပြောရရင် စားပွဲဝိုင်းတွေဟာ ထီကောင်တာရဲ့ နောက်ကျောဖက် ထီရောင်းတဲ့ဖက် အခြမ်းကနေ မြင်နေရတာ။

"ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးနဲ့ ၂ ပွဲ"

ကိုရန်မျိုးအောင်က ပါးစပ်က မှာလိုက်ရင်း ရေနွေးကြမ်းခွက်တွေကို ရေနွေးနဲ့ ကျင်း ပစ်နေတယ်။

ခဏကြာတော့ ရှမ်းခေါက်ဆွဲပူပူနွေးနွေးနဲ့ ဝက်ခေါက်ကြော်ထုပ်တွေ လာချတယ်။ ညီအစ်ကိုနှစ်ယောက် ရှမ်းခေါက်ဆွဲစားနေရင်းနဲ့ လမ်းမပေါ်က လမ်းသွားလမ်းလာတွေကို ငေးနေတယ်။

ဆိုင်ကယ်တစ်စင်းအသံကြားတော့ လမ်းတစ်ဖက်ခြမ်းကို သတိပြုမိတော့ အသက် ၇၀ ဝန်းကျင် အဘိုးအဘွားစုံတွဲဟာ တရုတ်ဆိုင်ကယ်ခပ်ဟောင်းဟောင်းကို လမ်းဟိုဖက်အခြမ်းမှာ ရပ်ထားခဲ့ပြီး လမ်းဒီဖက်ကို ကူးလာတယ်။ ပြီးတော့ ထီကောင်တာရှေ့မှာရပ်ပြီး အုပ်လိုက်၊ အတွဲလိုက်ချိတ်ထားတဲ့ ထီလက်မှတ်တွေကို လာကြည့်နေတယ်။

"၃ စောင်တွဲရှိလား"

ထီရောင်းတဲ့ ကလေးက ထီကောင်တာ ထောင့်နားက ခပ်ကြဲကြဲ ထီလက်မှတ်တွေကို လက်ညှိုးထိုးပြတဲ့အချိန် ထီလက်မှတ်ကို ရွေးနေတဲ့ အဘိုးအိုရဲ့ မျက်လုံးတွေကို မြင်ရတာ ဘယ်လိုပြောရမလဲ... ပြောပြရသိပ်ခက်တယ်။ ကျနော်တို့ဆိုင်အတွင်းဖက်ကလှမ်းကြည့်ရင် ထီရွေးနေတဲ့ သူ့မျက်နှာကို ရှေ့တည့်တည့် မျက်နှာချင်းဆိုင်အနေအထားကနေ ထီလက်မှတ်အတန်းတွေကို ဖြတ်ပြီး ရှင်းရှင်းလင်းလင်း မြင်နေရတာ။ အဘိုးအိုဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ပျောက်ဆုံးသွားတဲ့ သားတစ်ယောက်ကို ရှာနေတဲ့ မျက်လုံးမျိုးနဲ့ သူ့အိပ်မက်ထဲက ပေါက်မဲထီလက်မှတ်ကို ရှာနေတာ။ တကယ်တော့ ထီရောင်းတယ်ဆိုတာ အိပ်မက်တွေကိုရောင်းနေတာပဲ မဟုတ်လား။ တတိယအရွယ်စုံတွဲတစ်တွဲရဲ့ အိပ်မက်ဟာ ဘာတွေဖြစ်နေမလဲ? သူတို့ ဘာတွေတွေးနေမလဲ ကျနော် ဆက်မတွေးနိုင်ခဲ့ဘူး။

----------------------------------------------------------------

မြို့ကလေးရဲ့ လူအစည်ကားဆုံး မီးပွိုင့်လို့ ခေါ်ရမလား၊ အဲ့ဒီမှာ မြို့ခံတွေအားထားရာ ဆေးဆိုင်အကြီးကြီးတစ်ဆိုင်ပေါ့ကျနော် အဲ့ဒီရှေ့မှာ ဆိုင်ကယ်ကိုရပ်တယ်။ ရှေ့မှာ ဝယ်သူ သုံးလေးယောက်ရှိနေတဲ့အတွက် လူအနည်းငယ်ရှင်းတဲ့ ကောင်တာ ထောင့်နားကို သွားပြီး တန်းစီတယ်။ ကျနော့်ရှေ့မှာ မိန်းကလေးတစ်ယောက်ပဲရှိတယ်။ နောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ အမျိုးသမီးငယ်ကို စာနာနားလည်သောအားဖြင့် အနားသိပ်ကပ်နေဖို့ မသင့်တော်ဘူးထင်တဲ့အတွက် ကျနော် နောက်အနည်းငယ်ခွာနေလိုက်တယ်။ အဲ့ဒီမိန်းကလေးဟာ အေးမြတဲ့ ဆောင်းရာသီနဲ့ မလိုက်ဖက်တဲ့ ပေါင်အလည်လောက် စကတ်ကို ဝတ်ထားတယ်၊ ပြီးတော့ သူ့ဖာသာအေးပြီး ခြေဖျားကို ထောက်လိုက်၊ ပြန်ချလိုက် နဲ့ ခုန်ဆွဆွအနေအထားလုပ်နေတာကို မှတ်မိတယ်။ သူ့မျက်နှာမှာ အဲ့ဒီကာလက သာမန်လူတွေ တပ်လေ့တပ်ထမရှိတဲ့ ခွဲစိတ်ခန်းသုံး Mask တစ်ခု တပ်ထားတယ်။

"--- တစ်ကဒ်လောက်"

သူလက်ညှိုးတစ်ချောင်းထောင်ပြီးမှာတယ်။ ဆေးဆိုင်က အမျိုးသမီးက ဆေးကောင်တာ အောက်ဆုံးထပ်က Lydia (အရေးပေါ်သန္ဓေတားဆေး) တစ်ကဒ်ကို ထုတ်လိုက်တယ်။ ကြွတ်ကြွတ်အိတ် အနက်ထဲ ထည့်ဖို့လုပ်တော့ ဝယ်သူ မိန်းကလေးက ဒီတိုင်းပဲပေးပါ ဆိုပြီး အင်္ကျီအိပ်ကပ်ထဲထည့်တယ်။ နောက် ငွေရှင်းပြီး Counter ရှေ့က ခွာတယ်။ ကျနော်ရှေ့တိုးခါနီးမှ ဘေးက တစ်ယောက်က မြန်မာပြည်ထုံးစံအတိုင်း ဖြတ်ဝင်လာတယ်။ သက်ပြင်းချလိုက်ပြီး အမှတ်မထင် နောက်လှည့်ကြည့်တော့ လမ်းတစ်ဖက်ခြမ်းက Honda Fit Shuttle ကားလေးထဲကို စောစောက စကတ်တိုနဲ့ မိန်းကလေးဝင်သွားတယ်။

စိတ်ထဲမှာ "ငါသူ့ကို Judge လုပ်မိနေသလား" လို့ပြန်တွေးမိတယ်။

ကျနော် Optica တစ်ဘူးဝယ်ပြီး ပြန်ထွက်လာတော့ Honda Fit Shuttle ကားလေးမရှိတော့ဘူး။ စောစောက စကတ်တိုနဲ့ မိန်းကလေးကတော့ဟိုးဖက် လမ်းဘေးက ပရိဘောဂဆိုင်ရှေ့မှာ တစ်စုံတစ်ယောက်ကို စောင့်နေပုံရတယ်။ သူဘာတွေတွေးနေလဲ၊ ဘာလဲ ဆိုတာ ကျနော်ဆက်တွေးချင်စိတ်မရှိတော့ဘူး။

----------------------------------------------------------

တချို့လူတွေက အိပ်မက်တွေကိုရောင်းနေကြတယ်။ တချို့က အိပ်မက်တွေဝယ်တယ်။ တချို့က အိပ်မက်တွေနောက် တစ်ကောက်ကောက်လိုက်နေကြတယ်။ လူတိုင်းဟာ ကိုယ်ရှင်သန်ရာနည်းလမ်း ဘဝနေနည်းအတိုင်း ကိုယ့်အိပ်မက်ကိုယ် ပုံဖော်နေကြသူချင်းမို့ သာသည်နာသည် ကောင်းသည် ဆိုးသည် အကဲဖြတ်ဝေဖန်ဖို့တော့ မသင့်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဘဝမှာ အိပ်မက်တွေရှိခဲ့ဖူးမယ်။ ပျက်စီးခဲ့ဖူးမယ်။ လက်လျှော့ခဲ့ရဖူးမယ်။ လူတိုင်းဟာ ကိုယ့်အိပ်မက်ကလေးကိုယ် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကိုယ့်လမ်းနဲ့ကိုယ် ရုန်းကန်လျှောက်လှမ်းနေကြရတယ်ဆိုတာ နားလည်လိုက်ရုံပါပဲ။

မိုးသက်ဦးလွင်

(၆-၁-၂၀၁၈) တနင်္ဂနွေနေ့






All react



 

My Blog List