Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, December 3, 2014

ခုတစ်လော (၃)

(၁)
ဝရန်တာလို လဟာပြင်မဟုတ်တဲ့ အခန်းလေးထဲမှာဟော်လိုဂစ်တာလေးတစ်လုံးကို တိတ်တိတ်ကလေး တီးနေချင်တယ်..။ ဘယ်သူမှ ကြားစရာမလိုဘူး..။ ကိုယ်ကိုယ့်ကိုယ် ရည်ညွှန်းတဲ့ သီချင်းတစ်ပုဒ်ပေါ့..။ တိုးတိုးလေးပေမယ့် အသံတွေ တိမ်သွားတဲ့အထိ ရင်ဘတ်ထဲမှာ အော်ဆို ချင်တယ်.။ စိတ်ကြည်လင်နေတဲ့အခါ ဂစ်တာတီးလို့ သိပ်ကောင်းတယ်..။ စိတ်ရှုပ်နေရင် Tempo မထိန်းနိုင်ဘူး.။ Swim တွေ ဆူလွန်းတယ်.။ ကြိုးတွေခါလွန်းတယ်.။ Picking တွေ မငြိမ်ဘူး.။ ဂျပ်ဂျပ် သံတွေပါနေတတ်တယ်.။
(၂)
ဂျူးရေးပြီး ကိုငှက်ဖတ်တဲ့ "မြရဲ့လ" ကို အလွတ်ရမတတ်နားထောင်ဖြစ်တယ်.။ တစ်ခါတစ်လေ အဲဒီထဲကအတိုင်း ကိုယ့်မှတ်ဉာဏ်တွေပျောက်သွားစေချင်တဲ့ မျှော်လင့်ချက်တစ်ခုနဲ့ လ ကို စိုက်ကြည့်ဖြစ်နေတယ်။ ထူးတော့ထူးမလာပါဘူး..။ ကိုယ်က ဂျူးဝတ္ထုတွေဖတ်တာရှားပါတယ်.။ ကိုငှက်အစွဲနဲ့ နားထောင်ရင်းကနေ ကြိုက်သွားခဲ့တာ..။ ရင်ကိုထိတဲ့ ဝတ္ထုတစ်ပုဒ်ပေါ့..။
https://soundcloud.com/kko246/ju-mya-yae-la-htooeainthin-1
(၃)
Propaganda, Persuasion & Deception ဆိုတဲ့စာအုပ်တစ်အုပ်ဒေါင်းလုပ်ချထားတယ်.။ အားရင် ဖတ်မယ်ဆိုပြီးခဲထား ပေမယ့် foreword ကိုတောင် အတော်ဖတ်ယူရတယ်.။ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ Terms တွေက မြန်မာလိုတောင် အတော်စဉ်းစားနေရတယ်.။ (ကိုယ်ည့ံတာလည်း တစ်ဝက်လောက် ပါမှာပေါ့)။ ကိုယ်ကတော့ ဝါဒဖြန့်ဖို့မဟုတ်ပါဘူး.။ သဘောတရားတွေ သိထားချင်လို့ထက် မပိုပါဘူး.။
(၄)
ဥပဒေကြမ်းတွေ ပြဌာန်းလိုက်ပြီလို့ ဖတ်ရတယ်.။ အစောကတည်းက ကိုယ်သဘောမကျခဲ့တဲ့ ဥပဒေတွေမို့ စိတ်ထဲတော့ကသိ ကအောက်ဖြစ်တယ်.။ လွတ်လပ်စွာနဲ့ ငြိမ်းချမ်းစွာ ကွဲလွဲချင် ပါတယ်.။ ကိုယ့််အသိထဲတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ဥပဒေထုတ်ပြီး ကာကွယ်ရတာမျိုးကို စိတ်ထဲသဘောမတွေ့ဘူး.။ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတာ ပိုမိုရှင်သန်ကြီးထွားအောင်၊ ရင့်သန်အောင်၊ အမြစ်တွယ်အောင် လုပ်မှပဲ တည်တ့ံမယ်လို့ ယူဆတယ်..။ ဓမ္မစကူးလ်ဖောင်ဒေး ရှင်းလိုဟာမျိုးလေးတွေကို သိပ်သဘောကျလို့ တပ်မှာတောင် အခွေတွေ ဝေခဲ့သေးတယ်.။
(၅)
ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း ရေးရင်းတန်းလန်း PC မှာသရဲခြောက်တဲ့ ကိစ္စ ရေးနေ တုန်း ရပ်နေတယ်.။ အရင် စကားပြောနဲ့ ရေးပြီးသားကို စကားပြေပြန်ပြောင်းရမှာမို့ ပျင်းနေတယ် နဲ့ တူပါရဲ့..။ လောလောဆယ် ပရင့်ဖက်ကို ကူးဖို့ ကြံနေတယ်..။ ကိုယ့်လက်က ကချော်ကချွတ်မို့ အရှက်ကွဲမှာလဲ စိုးပါရဲ့.။ ဒါပေမယ့် ဘယ်မှာပဲရေးရေး လောလောဆယ်တော့ ကိုယ့်လက်က စာရေးဖို့ကို တွန့်ဆုတ်နေတာပြဿနာဖြစ်နေတယ်.။ အပြင်မသွားဖြစ်တော့ စိတ်ကူးမပေါ်တာလဲ ပါမှာပေါ့.။ အပြင်ကို တစ်ယောက်တည်း သွားတဲ့အခါတွေ၊ တစ်ယောက်တည်းဆိုင်ကယ် အဝေးကြီးစီးတဲ့အခါ မျိုးတွေမှာ စိတ်ကူးပေါ်တတ်တယ်.။ ၂ ယောက် ၃ ယောက်ဆို စကားများရင်းနဲ့တင် အတွေးကထွက်မလာဘူးဖြစ်သွားတယ်.။ တစ်လ တစ်ပုဒ်လောက်တော့ ပုံမှန်လေးရေးပို့ကြည့်မယ်လို့ စိတ်ကူးထားမိတယ်.။
(၆)
ထူးအိမ်သင်ရဲ့ အဖေ သီချင်းကို နားထောင်ရတယ်.။ အမေသီချင်းတွေပဲ နားထောင်ဖြစ်ပြီး အဖေသီချင်းနားထောင်တဲ့အခါ မျက်ရည်ဝဲတဲ့အထိ ခံစားရတယ်.။ သီချင်းနဲ့ သရုပ်ဆောင်တာ သိပ်ပြီး လိုက်ဖက်လွန်းလို့ပါ.။ အဲဒီ MTV တစ်ခေါက်ကြည့်ဖူးတယ်.။ တကယ့်လူကြမ်းအဖွဲ့က သရုပ်ဆောင်တစ်ယောက်ရဲ့ ဘဝကို တကယ်ရိုက်ထားတာလို့ ဆိုတယ်..။ ကိုယ့်စိတ်ထဲမှာလည်း Issues ရှိပြီးသားမို့လားမသိဘူး.။ ရင်ထဲကို တကယ်ထိခတ်သွားတယ်.။
https://www.youtube.com/watch?v=CQTWydw76z4
(၇)
အမျိုးတွေ စိတ်ပူမှာစိုးလို့ မပြောပဲ အခုမှ ပြောတာ..။ ဒီဖက်ကို ပြောင်းလာတဲ့နေ့က တပ်မှာ အရေးကြီးတဲ့ စာရွက်ကျန်ခဲ့လို့ မိုင်(၄၀)လောက်ဝေးတဲ့နေရာကို နောက်တစ်ခေါက်ပြန်ယူရတယ်.။ ကိုယ်က အလာကတည်းက ယူမယ် လို့ ပြောထားပါလျက်နဲ့ အရေးမကြီးလို့ MO ပဲ ယူသွားပါ ဆိုလို့ ယူသွားပြီး ပါမလာတော့ နောက်တစ်ခေါက် ပြန်ယူရတာပေါ့..။ ကိုယ့်ကိုယ်ကိုရော သူ့ကိုပါ စိတ်တိုပြီး တောင်တြွေကားကဖောက်ထားတဲ့ ဖြတ်လမ်းကအပြန်မှာ OTT မရောက်ခင်မှာ ကုန်းဆင်းအကြီးကြီးကိုမှ အောက်ခြေမှာ Angle ကျဉ်းကျဉ်းနဲ့ ကွေ့ခပ်ကြီးကြီးရှိတယ်.။ အဲဒီကုန်းဆင်းမှာ အရှိန်လွန်ပြီး ကွေ့အတိုင်းမကွေ့နိုင်ပဲ ဆိုင်ကယ်က လမ်းဘေးက ကပ်တုံးပေါ်အထိ တက်သွားတယ်.။ ကံကောင်းချင်တော့ ဆိုင်ကယ်ကကပ်တုံးအလွန်မြောင်းထဲမှာညပ်ပြီး ရပ်သွားတယ်.။ လူကလည်း အဲဒီနားက မြက်ဖုတ်တွေထဲမှာ အထူဆုံးနဲ့ အရှည်ဆုံးမြက်အုံထဲကို ဇက် နဲ့ ကျတယ်.။ ကိုယ့်ကိုယ်ကို သွားပြီ လို့ တွက်ထားပေမယ့် ဘုရား၊ တရား၊ သံဃာကျေးဇူးကြောင့် တံတောင်ဆစ်မယ် သေးသေးလေး ပွန်းသွားတာကလွဲရင် မြက်ရှရာနည်းနည်းလေးပဲရှိတယ်.။ ကိုယ့်နောက်က ကုန်းဆင်းကြီးကို လိုက်ဆင်းလာတဲ့ ကျောက်ခွဲစက်ကားမောင်းတဲ့သူက ကားရပ်ပြီး ချက်ချင်းပြေးထူတယ်.။ သွေးပူနေတာရော၊ လန့်သွားတာရောကြောင့် သွေးရူးသွေးတမ်းနဲ့ ပြန်ထ တယ်ထင်နေတာ.။ ကိုယ်ဘာမှ မဖြစ်ဘူးဆိုတာ သူမယုံဘူး ဖြစ်နေတယ်.။ ဆိုင်ကယ်ကတော့ ဘယ်ဖက် ခြေနင်းတုုံးကောက် သွားလို့ ကျွဲရှင်းအထိ မှေးစီးသွားပြီး ဟိုရောက်မှ ဝပ်ရှော့တစ်ခုဝင်ပြီး ပြန်ဖြောင့်ခဲ့ရတယ်.။ ကံသီလို့ဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဂန့်တော့မလို့..။ Shock အကြီးကြီး၊ သင်ခန်းစာအကြီးကြီး တော့ရသွားတယ်.။ စိတ်တိုနေတဲ့အခါမျိုး.။ Emotion သိပ်များနေတဲ့အခါမျိုးမှာ ဆိုင်ကယ် မမောင်းသင့်ဘူး ဆိုတာပေါ့.။
အိပ်ပြီ...
~MTOL~



ရေးသားသူ : မိုးသက် // 6:07 PM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List