Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, January 18, 2015

ခုတလော(၅)

(၁)
ဒီနေ့ ဆိုင်ကယ်စီးနေရင်းနဲ့ လမ်းမှာဆိုင်ကယ်တွန်းလာတဲ့ စုံတွဲတစ်တွဲတွေ့တယ်.။ နေပြည်တော်လမ်း ဆိုတော့ သိတဲ့အတိုင်း တစ်နေရာနဲ့ တစ်နေရာက အဝေးကြီးတွေမဟုတ်လား.။ ဆိုင်ကယ်ရပ်ပေးပြီး.. ကိုယ့်ပါးစပ်က လွှတ်ကနဲ ထွက်သွားတာက "မင်္ဂလာပါအစ်ကို" တဲ့.။ ကိုယ့်ကိုယ်ကိုယ်တောင် ပြုံးမိသွား တယ်.။ သူတို့ကို အကူအညီပေးမလို့ပါ.။ ဆီပြတ်သွားတာလား အစ်ကိုဆိုတော့. မဟုတ်ဘူးအစ်ကို ဘီးပေါက်သွားလို့ပါဗျာ. တဲ့.။ ဆီပြတ်သွားတယ်ဆိုရင် ကိုယ်က တော်တော်ဝေးသေးတဲ့ လမ်းထောင့်က ဆိုင်တစ်ဆိုင်ဆိုင်မှာ ဘူးနဲ့ ဝယ်ပေးမလို့ပါ.။ ဘီးပေါက်သွားတာဆိုတော့လည်းကိုယ်လည်း မကူညီနိုင်ဘူးပေါ့.။ အကျိုးအကြောင်းပြောပြတော့ ကျေးဇူးတင်ပါတယ် လို့ သူက ပြန်ပြောတယ်.။ လမ်းမှာတစ်လမ်းလုံး စဉ်းစားမိတာက နိုင်ငံခြားမှာနေတုန်းက ဘယ်သူမဆို မိသားစုချင်းတောင် မနက်ခင်းလင်းရင် Доброе утро! (ကောင်းသောနံနက်ပါ) Здресвтвуйте! စသဖြင့် နှုတ်ဆက်ကြတယ်.။ အင်္ဂလိပ်တွေ၊ အမေရိကန်တွေလည်း တွေ့ရင် အချင်းချင်းနှုတ်ဆက်တယ်.။ ကျွန်တော်တို့ နိုင်ငံမှာ မင်္ဂလာပါဆိုတဲ့စကားက ဆိုင်က အရောင်းဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ၊ မှာသာအများဆုံးတွေ့နေရပြီး အပြင်လောကမှာ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်တဲ့အခါ မင်္ဂလာပါ ဆိုတဲ့ စကားမရှိသလောက်ပျောက်သွားပြီ.။ ခုနက ကျွန်တော် ယောင်ပြီး နှုတ်ဆက်မိတဲ့အခါ ဟိုလူက ပြုံးစေ့စေ့ ဖြစ်သွားတာတောင် သတိထားမိတယ်.။ စိတ်ထဲမှာ မင်္ဂလာပါ ဆိုတဲ့ Campaign လေးတစ်ခု လုပ်ရင်ကောင်းမလားလို့တောင် စဉ်းစားမိတယ်.။ မြန်မာလူမျိုးမှန်ရင် တွေ့တဲ့အခါ မင်္ဂလာပါ လို့ နှုတ်ဆက်ပါဆိုတဲ့ တီရှပ်လေးတွေ ထုတ်မယ်.။  ယဉ်ယဉ်နှောင်း တို့ ကိုကိုးအိမ် တို့ နဲ့ တိုင်ပင်ဦးမယ်. လို့ စိတ်ကူးနေမိပါတယ်.။ ကိုယ့်ကိုလည်း Popping တွေလုပ်နေတယ်ထင်မှာလည်း စိုးရပါတယ်.။ ပိုဆိုးတာက ရွေးကောက်ပွဲကို အာရုံလွှဲချင်တာ ဘာဘာညာညာတွေ ခေါင်းစဉ်တပ်မှာအဆိုးဆုံးပေါ့.။ ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ မင်္ဂလာပါဆိုတဲ့ Campaign လေးလုပ်ကို လုပ်မယ်လို့ စိတ်ကူးထားမိတယ်.။


(၂)
ဘဝဟာ တစ်ချို့ကိစ္စတွေလောက်ပဲ စိတ်ကူးယဉ်ဆန်တာကောင်းတယ်...။ ပွင့်ပွင့်လင်းလင်းရှိတာ ဟာ လူတွေရဲ့ စိတ်ကူးတွေ၊ ရင်ဘတ်တွေကို နီးကပ်စေပြီး ပိုမိုနွေးထွေးမှုကိုရမယ်.။ မလိုအပ်ပဲ လျှို့ဝှက်တတ်တာဟာ ကိုယ့်ကို သူများပေးတဲ့သံသယတွေပဲ ပိုရလိမ့်မယ်.။

(၃)
" မ ဖက်လိုက်ပြီး မိုက်ဖက်ပါသွားတဲ့အခါ...
၅၂၈ ရင်ခွင်မှာ စုံကန်တဲ့ခြေရာတွေချည်း "
ညက အိပ်မက်ထဲမှာ အမေဆုံးသွားသတဲ့..။ အိပ်မက်ပေမယ့် လန့်နိုးလာတဲ့အခါ မျက်ရည်တွေ အပြင်မှာပါကျနေတယ်..။ အမေ့ဆီဖုန်းဆက်တော့ အမေကတောင် စိတ်ပူနေသေးတယ်..။ သင်္ခါရမှန်းသိပေမယ့် အမေဆိုတာ သားသမီးတွေရင်ထဲမှာ ဘယ်တော့မှ မသေတဲ့သူပဲလေ.။ ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက်တော်တော်၊ ကိုယ့်အဖေထက်တော့ ဦးစားမပေးနိုင်ဘူးလေ.။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ကောင်းကောင်း ကိုယ့်အမေထက် ပိုစရာအကြောင်းမရှိဘူး..။ ဒါဟာ လူပီသတဲ့ လူတစ်ယောက်ရဲ့ သဘာဝလို့ပဲ ထင်မိပါတယ်.။ သဘာဝထက်ထူးရင် အစွန်းရောက်နေပြီလို့သာမှတ်ပေတော့...။

(၄)
ခုတလော တရုတ် Brand Xiaomi တွေခေတ်စားနေတယ်.။ ညွှန်းချက်တွေကတော့ လန်ထွက်နေတာပဲ.။ အိုင်ဖုန်းကိုယ်ထည်နဲ့ Samsung ဖုန်းကို သုံးရသလိုပဲတဲ့.။ တစ်ချို့ကလည်း ဆမ်ဆောင်းထက်ပိုကောင်းသတဲ့.။ တစ်ချို့ကဆိုရင် ကိုင်ဖူးသမျှ Android တွေထဲမှာ အတန်ဆုံးနဲ့ အကောင်းဆုံးပဲတဲ့.။ Official site ထဲဝင်ကြည့်လိုက်တော့ Mi pad တို့ဘာတို့ပါ တွေ့တယ်.။ ကိုယ်လည်း အရင်ဆိုနီဖုန်းလေးတုန်းက MI ကထုတ်တဲ့ Miui custom firmware လေး တင်သုံးကြည့်ဖူးတယ်.။ အဲဒီကတည်းက ကာလာရော UI ကိုရောကို သဘောကျနေတာ.။ လျှော့တွက်လို့ မရတဲ့ထဲမှာ ရှောင်မီလည်းပါလာတယ်.။ အရင်က ဖုန်းဝယ်မယ်ဆို ပြေးပြေးကြည့်နေကျ.။ GSM mania တို့ဘာတို့မှာတောင်မှ လူကြည့်အများဆုံး Rating မှာ နံပတ် ၁ ဖြစ်နေတယ်.။ ဝယ်မယ်လို့ စဉ်းစားထားတဲ့ထဲမှာပါတယ်။

(၅)
ရန်ကုန်နောက်တစ်ခေါက်သွားစရာပေါ်လာတယ် .။ အလုပ်ကိစ္စနဲ့ပါ.။ ပထမအခေါက်တုန်းက မတွေ့လိုက်ရတဲ့ အပေါင်းအသင်းတွေကို ဦးစားပေးပြီးတွေ့ဖို့ စီစဉ်ထားတယ်.။ ကျွန်တော်က အစစ်အမှန်ကို ရှာတာပါ.။ facebook ကို ကိုယ့်ဓာတ်ပုံ၊ ကိုယ့်နာမည်နဲ့ သုံးပြီး တွေ့တဲ့သူတိုင်းအပေါ် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးဆက်ဆံတဲ့အခါ ကိုယ့်အတွက် မိတ်ဆွေစစ်တွေ ပေါ်လာတာပါပဲ..။ အပြင်မှာတွေ့တော့လည်း တကယ့် မောင်နှမ အရင်းတွေလို၊ မိတ်ရင်းဆွေရင်းတွေလိုပဲ.။ ပွင့်လင်းမှုဟာ လိပ်ပြာသန့်ခြင်းကို ပေးသတဲ့.။ လိပ်ပြာသန့်ခြင်းဟာ အနူးညံ့ဆုံးသော ခေါင်းအုံးပါတဲ့.။ လိပ်ပြာသန့်တဲ့အခါ အနှစ်ခြိုက်ဆုံးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ရတာပေါ့.။ ကိုယ့်ကိုယ် ခြောက်လှန့်မယ့် အရာ မရှိတော့ဘူးပေါ့..။

(၆)
Stress အရမ်းမိနေတဲ့ ဆရာဝန် ညီမလေးတစ်ယောက်က ဖုန်းဆက်ပြီး ငိုတယ်.။ ဒါတောင် သူနိုင်ငံခြားမှာမဟုတ်ဘူး ပြည်တွင်းမှာပဲ.။ အလုပ်ကိစ္စတွေ သိပ်များနေတဲ့အချိန်မှာ၊ အပြင်လောကနဲ့ ထိတွေ့မှုနည်းလာတဲ့အခါ Stress တွေ သိပ်များလာတတ်တယ်။ စိတ်ကျရောဂါလည်း ဖြစ်လာတတ်ယ်.။ Depression ဝင်ပြီး ကိုယ့်ဘဝကိုယ် အဓိပ္ပာယ်မရှိသလို ခံစားရတယ်.။ အထူးသဖြင့် ခံစားမှုအားကြီးတဲ့ အီမိုးရှင်းသမားတွေ အဖြစ်များတယ်.။ ကျွန်တော်ဖတ်ဖူးသမျှကတော့ Stress များလာရင်..။
(၁) အလုပ်ကိုဖြေလျှော့ပါ.။ ဖြစ်နိုင်ရင် ခွင့်ယူပြီး အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ခရီးတိုတစ်ခုထွက်ပါ.။
(၂) သူငယ်ချင်းများနဲ့ တွေ့ဆုံပါ.။ shopping ထွက်တာမျိုးဟာ Stress ကျစေပါတယ်.။
(၃) လေ့ကျင့်ခန်း ခပ်ပြင်းပြင်းလေး လုပ်ပါ.။ ချွေးထွက်လာတဲ့အခါ စိတ်တင်းကြပ်မှုကို ပြေလျော့စေပါတယ်.။ အထူးအကြံပြုတဲ့အားကစားဟာ ရေကူးခြင်းဖြစ်ပါတယ်.။ ရေကူးခြင်းဟာ Stress ကျစေပါသတဲ့.။
(၄) အထက်ပါအခြေအနေတွေ မပေးရင် အိမ်ကို သန့်ရှင်းရေးလုပ်ပါ တဲ့.။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့.။ သန့်ရှင်းတောက်ပြောင်သွားတဲ့ အိမ်ခန်းဟာ စိတ်ကို ကြည်လင်ပြီး Stress ကို လျော့ကျစေပါသတဲ့။
(၅) ယုံကြည်ကိုးကွယ်ရာ ဘုရားကို ဝတ်ပြုရှိခိုးပါ.။ ရှိခိုးပြီးတဲ့အခါ မိမိယုံကြည်ရာ ဘုရားကို အာရုံပြုပြီး စိတ်ကြည်တဲ့အထိ ဆိတ်ငြိမ်စွာ ထိုင်ပါ.။ သက်တောင့်သက်သာအနေအထားရှိပါစေ..။
ကျွန်တော်ဖတ်ဖူးသလောက် Stress ကျစေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်.။

ဒီလောက်ပဲ...တော်ပြီ..။
~MT~



Saturday, January 17, 2015

အရုပ်နည်းနည်းစာများများ

အဖုံးကမသပ်မရပ်နဲ့ဆိုတော့
သွေးစက်စက်ကျနေတာတောင် စိတ်ဝင်စားမခံရဘူး...
တစ်ချက်နှစ်ချက်လှန်ကြည့်သူတွေ ထားခဲ့ကြပေါင်းမနည်း
တန်ဖိုးတင်ကြည့်ပြီး မဲ့ရွဲ့ပြန်သွားသူတွေလည်းမရှား
အပျင်းပြေတောင် စာမဖတ်တဲ့သူ ငြီးငွေ့တာဘာဆန်းသလဲ...
ကိုယ်ဟာ အရုပ်နည်းနည်းစာများများကောင်ပါ...
ထွက်ခွာသူ အားလုံးရဲ့နောက်ကျောပြင်တွေကို
သော့ချိတ်လေးတစ်ခု ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ငေးကြည့်လို့....။


~မိုးသက်~



Saturday, January 10, 2015

သော့ချိတ်



သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်..
သော့ချိတ်ဟာ သော့မှာမချိတ်ပဲ. သံယောဇဉ်မှာချိတ်တယ်. မင်းလမ်းမုန့်တီမှာချိတ်တယ် နွေဦးကံ့ကော်မှာချိတ်တယ်... အင်းယားညနေစောင်းတွေမှာချိတ်တယ် ... ရွှေတိဂုံတောင်ဖက်မုခ်က နှင်းဆီဖြူဖြူတွေမှာချိတ်တယ်...
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...
အသည်းနှလုံးပုံလို့ ဆိုပေမယ့် အသည်းနှလုံးပုံမဟုတ်တာ သူရောကိုယ်ပါသိတယ်..။
အသည်းနဲ့ နှလုံး မတူဘူးဆိုတာလည်း သူရောကိုယ်ပါသိတယ်..။ 
ရင်ခုန်သံနဲ့ အနီးဆုံးအိပ်ကပ်မှာထားတဲ့ သော့ချိတ်က အင်္ကျီကိုဖောက်တယ်..
အရေပြားကိုဖောက်တယ်..။ အဆီပြင်ကိုဖောက်တယ်.။ အသားစိုင်ကိုဖောက်တယ်.။ ကြွက်သားမျှင်တွေကိုဖောက်တယ်.။ နံရိုးခွေကိုဖောက်တယ်.။ နှလုံးသားအထိ ပေါက်တယ်.။
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...။
မရေမတွက်နိုင်တဲ့ Miss calls တွေဟာ သော့ချိတ်ကို မျှော်တယ်.။ Reply ပြန်မလာတဲ့ မက်ဆေ့ခ်ျတွေဟာ သော့ချိတ်ကို မျှော်တယ်.။ ဒုတိယမ္ပိ အင်းယားညနေစောင်းဟာ Spy ရနံ့သင်းသင်းနဲ့ သော့ချိတ်ကိုမျှော်တယ်.။ ဒုတိယမ္ပိနွေဦးကံ့ကော်ဟာ တမင်တကာ နှင်ထုတ်မှုအမူအယာတွေကြားကသော့ချိတ်ကိုမျှော်တယ်..။ ရွှေတိဂုံဘုရားတောင်ဘက်မုခ်က နှင်းဆီဖြူတွေဟာ ဟန်ဆောင်နေမှန်းသိသိလျက်နဲ့ သော့ချိတ်ကိုမျှော်တယ်..။ 
အဖက်မတန်ခြင်း၊ အရေးမထားခြင်း၊ စိတ်ကုန်ငြီးငွေ့ခြင်းတွေဟာ သော့ချိတ်ကို ပြန်ခေါ်မလာတော့ဘူး...။ 
သေချာတယ်... ကျွန်တော်ရခဲ့တာ သော့ချိတ်အတုပဲ...
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...။

~မိုးသက်~



Tuesday, January 6, 2015

ခုတလော (၄)

(၁)
၂၆ ရက်နေ့ည နေပြည်တော်-မန္တလေး ကားလက်မှတ်ဖြတ်တော့ နောက်ကျသွားတာနဲ့ ကားလိုက်ရှာရင်း တစ်ခါမှ မစီးဖူးတဲ့ ဇာနည်ဘွား နဲ့ စီးဖြစ်တယ်.။ ကားပေါ်မတက်ခင် စောင့်နေရင်းနဲ့ ကိုယ်နဲ့အတူ စီးမယ့် ခရီးသည်လေးငါးယောက်က ကားဂိတ်ရှေ့မှာ မူးပြီးဆူညံနေတော့ အနှောက်အယှက်ဖြစ်မိတယ်.။ ကားစစီး တော့ကိုယ့်နံပတ်က ၁၄ ။ ဘယ်ဖက်အခြမ်းပြတင်းဘေးက ခုံပါ.။ ကားထွက်ပြီးသိပ်မကြာခင် ပုဂံကားကနေ ပြောင်းလာတဲ့ခရီးသည်တစ်ယောက် က အလယ်ခုံပဲ ရလို့ ပြဿနာရှာတယ်.။ ကားလိုင်းက Service သိပ်မကောင်းပေမယ့် ကားသမားနဲ့ ဝန်ထမ်းတွေက ဆက်ဆံရေးမဆိုးပါဘူး.။ အတော်တောင်းပန်ပြီး အဆင်ပြေအောင်လုပ်ပေးတာတွေ့ရတယ်။ နောက်ထပ်တကယ့် ပြဿနာက ကားစထွက်ကတည်းက နောက်နားက လူ ၂ ယောက် က ဆေးလိပ်သောက်တဲ့ ကိစ္စပါ.။ အဲကွန်းကားစီးပြီး ဆေးလိပ်သောက်တာ ဘယ်လောက်စုတ်ပဲ့လဲဗျာ.။ လူက ပြောချင်ပေမယ့် ထိန်းထားရတယ်.။ ကားစပယ်ယာက သတိပေး ပါတယ်။ ၃ ခါလောက် ပြောပြီးတဲ့အချိန်မှာ ကျွန်တော့်နောက်ခုံက အမျိုးသမီးကြီးက ဆေးလိပ်နံ့တွေ သူမခံနိုင်တော့ လို့ပါ လို့ ပြောပြီး ငိုတယ်.။ ကျွန်တော်စိတ်မထိန်းနိုင်တော့လို့.. "ကားဆရာ ဆေးလိပ် သောက်တဲ့ ခုံက လူတွေရဲ့ မှတ်ပုံတင်နံပတ်၊ နာမည် ကျွန်တော့်ကို လာပေး.. ကျွန်တော် တရားစွဲမယ်.." လို့ ထပြောလိုက်မှ နည်းနည်း ငြိမ်သွားတယ်.။ ကျွန်တော် ထပြောလိုက်တဲ့အချိန် နောက်က ပွစိပွစိ အသံ ကြားရလို့ လှည့်ကြည့်လိုက်တော့ ဆေးလိပ်သောက်ပြီး ပွစိပွစိပြောရင်းကားကြမ်းခင်းနဲ့ မီးသတ်နေတဲ့ တစ်ယောက်က စစ်ဂျာကင်နဲ့.။ နောက်တစ်ယောက်က သူ့ဘေးက..။ ကျွန်တော် လှည့်ကြည့်လိုက်မှ ငြိမ်သွားတယ်.။
ကျွန်တော် ပြန်ထိုင်တော့ ကျွန်တော့်ဘေးက တပ်ကုန်းကတပ်လာတဲ့ ကုလားလေးက "အစ်ကို ဓားနဲ့ ထိုးခံနေရမယ်နော်" တဲ့.။ ဓားနဲ့ ထိုးလည်း မတတ်နိုင်တော့ဘူး.။ ကိုယ့်မှာ တာဝန်မကင်းဘူး လို့ ခံစားရလို့ ထပြောတာပဲ.။ မိတ္ထီလာမှာနားတော့ ဒေါသက မပြေသေးဘူး.။ စောစောက စစ်ဂျာကင်နဲ့လူဆီသွားပြီး "ခင်ဗျားတပ်ကလား.." လို့ သွားမေးတော့. "မဟုတ်ပါဘူးဗျာ..ဘာဖြစ်လို့လဲ"  လို့ ပြေပြေလည်လည် ပြန်မေးတယ်.။ သူ့ဂျာကင်က Issue ထုတ်ပေးတာတော့ မဟုတ်ဘူး.။ ဂုတ်မှာ ဇစ်နဲ့ ဟာမျိုး..။ "ခင်ဗျား ဆေးလိပ်မသောက်နဲ့လေဗျာ ကားထဲမှာ အမျိုးသမီးတွေရော၊ အသက်ကြီးတဲ့သူတွေရော၊ ကလေးတွေရော ရှိနေတာ နားမလည်ဘူးလား.." ဆိုမှ.. " ငါမနေနိုင်လို့ပါကွာ.." တဲ့.။ သူမဟုတ်တဲ့ မျက်နှာထားမျိုးနဲ့ ပြေပြေလည်လည်ပြန်ပြောတော့ နည်းနည်းတော့ စိတ်ပြေသွားတယ်.။ တမင်လုပ်တာမဟုတ်ပဲ တကယ်ကို မသိတတ်တာ လို့ ပဲ သတ်မှတ်လိုက်မိတယ်..။ 

(၂)
ဟိုးနေ့က နတ်မောက်သွားတဲ့ လမ်းအကြောင်းရေးတယ်လေ..။ အဲဒီမှာ ထူးခြားတာတစ်ခုတွေ့တယ်.။ အပြန်နေ့ခင်းဖက် လင်းလင်းချင်းချင်းမှာ ပြန်လာမှ တွေ့တာပါ.။ မကွေးတိုင်းဒေသကြီးမှ နှုတ်ခွန်းဆက်သ ပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးအထိ လမ်းတွေ စုတ်ပြတ်နေပြီး၊ မန္တလေးတိုင်းဒေသကြီးမှ ကြိုဆိုပါ၏ ဆိုတဲ့ နေရာက စလို့ လမ်းတွေ ကောင်းလာတာပဲ.။ တကယ့်ကို တိတိရိရိကြီးနော်.။ ဆိုင်းဘုတ်လေးယှဉ်ထားတဲ့ နေရာက လမ်းကောင်းနဲ့ လမ်းဆိုးဆက်ကြောင်းကြီးပေါ့..။ ဘာတွေကွာသွားလဲမသိ.။ တိုင်းဒေသကြီး စည်ပင်တွေ ကွာလို့ နေမပေါ့လို့ပဲ တွေးလိုက်မိတယ်.။

(၃)
"ခွေးလှေးခုန်လို့ ဖုန်မထ" တို့ "ပျက်စီးနဲ့ ဖျက်ဆီး" တို့ က ခဏခဏ ပြောလွန်းလို့ အီနေပြီ.။ လက်ရေးမှာ ခဏခဏ မှားတာက ရ နဲ့ ၇ သိပ်မှားတာပဲ.။ ရကောက်ကို အဆန်ပါမှ ဖတ်ရတာ အရသာရှိသလို ခံစားရတယ်.။ ရကောက်ကို ၇ နဲ့ ရေးရင် ပေါက်ကရ ဥပမာတွေထွက်လာတတ်တယ်.။ မြန်မာစာဆရာ တစ်ယောက် ပြောဖူးတဲ့ ဥပမာကို သတိရတယ်.။ 
ကလေးနေမကောင်းလို့ ဖအေက တိုင်းရင်းဆေးခန်းသွားပြတော့ တိုင်းရင်းဆေးဆရာက ဆေးပေးပြီး ဆေးညွှန်းရေးပေးလိုက်တယ်.။ "ဤဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ်ေ၇ွးစေ့ခန့် သောက်ပါ " ဆိုပြီးတော့.။ ရွေးစေ့ကိုေ၇ွးစေ့ လို့ ရေးတော့ ကလေးအဖေက ဂွေးစေ့ လို့ ဖတ်လိုက်တယ်.။ ကံကောင်း တာက ဆေးတော့ မတိုက်မိဘူး.။ ဆရာ့ဆီ ပြန်လာမေးတယ်.။ "ဆရာ့ဆေးညွှန်းထဲက ဂွေးစေ့က ကျွန်တော့်ဂွေးစေ့လား ကလေးဂွေးစေ့လား" တဲ့။
အဲဒီလို ပေါက်ကရဥပမာတွေ အများကြီးရှိတယ်.။ တပ်မတော်ဗိုလ်ရွေးအဖွဲ့ (OTT) ကို တပ်မတော် ဗိုလ်ဂွေးအဖွဲ့လို့ ဖတ်မိတာမျိုးတွေပေါ့..။ 

(၄)
ဒီတစ်ခေါက်ရန်ကုန်သွားရတာ တော်တော်အကျိုးရှိသွားတယ်။ မဂ္ဂဇင်းတိုက်က အယ်ဒီတာတွေနဲ့ တွေ့ဖြစ်တယ်.။ ဂျာနယ်က အယ်ဒီတာတွေနဲ့လည်းတွေ့ဖြစ်တယ်.။ အကောင်းဆုံးကတော့ ကဗျာဆရာ တွေနဲ့ တွေ့ပြီး စကားတွေ အများကြီးပြောဖြစ်တာပဲ.။ မရည်ရွယ်ပဲ ကိုတီဇက် အိမ်မှာ ကဗျာဆရာတွေ ဆုံတုန်း ကဗျာရွတ်ကြတော့.ကိုလူဘုန်းက သူ့ရဲ့ မီဒီယာမလေးမိုးသံစဉ်(သို့)ငါတို့ရဲ့ မျှော်လင့်ချက် ရောင်ခြည် ကဗျာကို ရွတ်ရင်းနဲ့ ငိုတော့ ကိုသုလင်းဝေကြီး ကလည်း ငို၊ ကိုယ်ကလည်း မျက်ရည်မဆည် နိုင်။ အနုပညာမှာ ယူနီဖောင်းတွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစည်းအရုံးတွေ မရှိပါလား ဆိုတာ တွေးမိတယ်။

(၅)
ကျွန်တော် မြန်မာပြည်ပြန်ရောက်ကတည်းက မုန့်ဟင်းခါးစစ်စစ်ကို မန်းလေးရောက်မှ စားခဲ့ရတယ်.။ ရန်ကုန်မှာလည်း ကျနော်နေတဲ့ နေရာနားက ဆိုင်က မုန့်ဟင်းခါးဖက် အခြောက်ကို ပြုတ်တဲ့ဟာမျိုး၊ နေပြည်တော်ရောက်တော့လည်း ရုံးကဆိုင်မှာ ရောင်းတာက မုန့်ဟင်းခါးဖက်အခြောက်ကို ပြုတ်တဲ့ဟာမျိုး ။ ၂၇ ရက်နေ့မနက် မန်းလေးရောက်တော့ သိပ်စောနေတာနဲ့ ဘူတာကြီးအောက်က ဆိုင်မှာ မုန့်ဟင်းခါး စားတော့ လျှာပေါ်တင်သွားတဲ့အချိန် ညှစ်မုန့်ဖက်စိမ်းရဲ့ အနံ့ကို တန်းသိလိုက်တယ်.။ စားလို့ကောင်း လိုက်တာ.။ တကယ်ပါ. ။ အစားအသောက်နဲ့ပတ်သတ်ပြီး သိပ်ပြီးဇီဇာကြောင်ရွေးချယ်လေ့မရှိပေမယ့် အဲဒီမုန့်ဟင်းခါး ကိုတော့ တကယ်ကို အရသာခံပြီး စားဖြစ်ခဲ့တယ် ..။

တော်ပြီ..။
(MT)



 

My Blog List