Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, December 27, 2015

ကိုယ့်အာရုံဟာ မြို့ကြီးပြကြီးမဆန်ဘူး၊ ရွက်ကြွေကလေးရဲ့ ခိုးခိုးခစ်ခစ်ရယ်သံနဲ့အတူ


လွင့်ပါးတာချင်းအတူတူ
ငါ့မှာသာ လူလူသူသူ အကျမတော်ခဲ့..
ရွက်ကြွေကလေးရယ်...
လေတိုက်တဲ့အခိုက်မှာတောင်
ကိုယ့်မှာ အဆန်ခရီးကို ဖြစ်လို့...
အရာရာတိုင်းကို ညည်းတွားခဲ့ရလေတယ်..။

ဂယောင်ခြောက်ခြားညနက်တွေမှာ
ကိုယ်ဟာ ကိုယ့်အရိပ်ကိုယ် ခေါင်းအုံးအိပ်လို့...
အိပ်မှုံစုံမွှားမနက်တွေမှာ
ကိုယ်ဟာ ကိုယ့်မျက်ရည်နဲ့ကိုယ် မျက်နှာသစ်လို့..
ဘာရယ်ညာရယ်မဟုတ်...
ဖြစ်မှုပျက်မှုတွေကို
ဖြစ်တတ်ကြောင်းပျက်တတ်ကြောင်း နားလည်ခဲ့ရုံပါပဲ...။

သန်းခေါင်သန်းလွဲအိပ်မက်ဟာ ကိုယ့်ခေါင်းပေါ်တည့်တည့်ကျတယ်...
အဲဒီဇာတ်လမ်းမှာ မအိမ်ကံမရှိဘူး၊ မင်းလူမရှိဘူး၊ နွေဦးကံ့ကော်မရှိဘူး...
သူက သီချင်းကြိုက်ပေမယ့် ဂစ်တာသံမခံနိုင်တဲ့သူ...
ကိုယ်က ဝတ္ထုဖတ်ပေမယ့် ဇာတ်ပေါင်းခန်းမကြိုက်သူ...
တူတာချင်းစပ်ဆက်ရင်တော့
လွဲနေတာချင်းတော့ ကိုယ်တို့တူခဲ့ကြပါတယ်...။

ရွက်ကြွေကလေးရေ...
မင်းဟာအကြွေလှသလို အကျလည်းတော်သကွယ့်...
ငါကတော့ အကြွေပြင်းသလို အဆင်းလည်းချာသကွယ့်...
သံသရာဟာလည်ရိုးမှန်ရင်...
ရွက်ကြွေကလေးရဲ့ အနားတစ်လျှောက်
ပွတ်တိုက်လွင့်ပါးမယ့် သဲကလေးတစ်ပွင့်လောက်
ဖြစ်စေဖို့ဆုတောင်းမိပါရဲ့...။
ဆောင်းဦးမို့ကြွေရင်လည်း
မင်းပျော်ပါစေ...
နွေဦးမို့ကြွေရင်လည်း
မင်းပျော်ပါစေ...
မင်းသာ ပျော်ပါစေလေ...။

~မိုးသက်ဦးလွင်~

 ၂၇-၁၂-၂၀၁၅



 

My Blog List