Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, October 28, 2015

ဟိုတုန်းက တို့တွေအလွန်ချစ်သည်..


ညွှန်း==> ဘလော့ဂါများအားလုံး ဖဘမှာ အကြောင်းအမျိုးမျိုးကြောင့် ငြင်းကြခုန်ကြရင်း မခေါ်နိုင် မပြောနိုင်ဖြစ်ကုန်တဲ့ မိတ်ဆွေတွေ တွေ့ရတိုင်း အရင်တစ်ချိန်က ဘဝတွေကို ပြန်သတိရမိတယ်။ မခေါ်နိုင်မပြောနိုင် ဖြစ်တဲ့ထဲမယ် ကိုယ်တို့မပါပေမယ့် ခုနောက်ပိုင်း အဲဒီလိုတွေ များလာကြတယ်။ ကျနော်ကိုယ့်ကိုယ်ကို စာရေးသူတစ်ယောက်လို့ မသတ်မှတ်ပါ။ ဒါပေမယ့် Blogger တစ်ယောက်လို့တော့ သတ်မှတ်ထားမိတယ်။ ဘလော့တောင် ခေတ်သုန်းခါနီး ၂၀၁၀ လောက်မှ ရေးခဲ့တာဆိုတော့ ကိုယ့်စီနီယာတွေက အများစုပါ။ ကိုယ့်ထက် နောက်မှ ရေးတဲ့သူ တော်တော်နည်းသွားပြီ။
အဲဒီတုန်းက အွန်လိုင်းဟာ တော်တော်ပျော်စရာကောင်းခဲ့တယ်။ ဘလော့လုပ်ဖို့ အကြံပေးတာက မဂျက်(စံပယ်ချိုဘလော့) နဲ့ ချောကလက်ကျူးပစ်လေးဘလော့က ညီလေးရဲကိုပါ။ စရေးဖြစ်တဲ့အချိန်ကတည်းက ရသဘလော့ဂါတွေ သိပ်စည်းလုံးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြတယ်။ Facebook ဆိုတာ သုံးတော့ သုံးနေကြပေမယ့် တွင်တွင်ကျယ်ကျယ် အခုလို Multipurpose ရည်ရွယ်ချက် ပေါင်းစုံနဲ့ သုံးနေကြတဲ့ခေတ်မဟုတ်ဘူးလေ။ အဲဒီတုန်းက မကန်ဒီ၊ မမိစံ၊ မပစ်၊ သူကြီးမင်း၊ နွေလ၊ အစ်မမဒမ်ကိုးတို့လင်မယား၊ မဂျက်နဲ့ ကိုလွင်ပြင်တို့လင်မယား၊ မကျူတီ၊ အန်တီတင့်၊ ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံး။ ဦးအိကု၊ ဘုန်းဘုန်းတောက်၊ မခင်ဦးမေ၊ မချော(အစိမ်းရောင်လွင်ပြင်)၊ ကိုအလင်းသစ်၊ သူငယ်ချင်း နေမင်းဇွဲမာန်၊ ကိုရင်ဆူး၊ အစ်မ မြတ်ကြည်၊ အစ်မစနိုး၊ မမိုးငွေ့၊ ကိုမိုးဇက်၊ လက်ဝဲ၊ မချစ်စံအိမ်၊ သူငယ်ချင်း ဇင်လေး တို့ အုပ်စုကြီးတော်တော်တောင့်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း သံယောဇဉ်တော်တော်ရှိခဲ့ကြတယ်..။
ကျနော်နေမကောင်းရင်လည်း မကျူတီတို့၊ အစ်မမဒမ်ကိုးတို့ ၊ မပစ်တို့ တကူးတက ဖုန်းတွေဆက်ပြီး အားပေးခဲ့ကြတယ်..။ ရုရှားမှာတုန်းက အစ်မကျူတီ မုန့်ဟင်းခါးထုပ်တွေရယ်၊ အကြော်ထုပ်တွေရယ် ပို့ပေးတုန်းက မျက်ရည်ကျတဲ့အထိ ဝမ်းသာ ကြည်နူးဖူးတယ်။ အဲဒီလိုပဲ အစ်မကျူတီ ပျောက်သွားတုန်းကလည်း နီးစပ်ရာတွေနဲ့ ရအောင်ဆက်သွယ်ပြီး တကူးတက အိုဗာဆီ ကောလ်တွေ ခေါ် မရရအောင် ဆက်သွယ်ပြီး အားပေးခဲ့ကြရဖူးတယ်..။
အဲဒီတုန်းက အတုအယောင်ခံစားချက်တွေမရှိဘူး.။ စိတ်ထဲမှာ တကယ်ကို ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မောင်နှမ အရင်းတွေလိုပဲ ထင်နေခဲ့မိတာ။ အစ်မမဒမ်ကိုး နဲ့ စတွေ့တော့ မန်းလေးမှာ အစ်မတို့လင်မယားလာလည်တယ်။ စတွေ့တွေ့ချင်းကတည်းက အကြာကြီး အပြင်မှာ ရင်းနှီးလာသလို ကိုယ့်အစ်မလို၊ ကိုယ့်အစ်ကိုလို ခံစားရပြီး ပျော်ခဲ့တယ်။ ရန်ကုန်မှာ ကိုရင်ဆူးတို့ လင်မယားနဲ့တွေ့တော့လည်း အဲဒီလိုပဲ။ ဇင်လေးနဲ့ အန်တီတင့်ကို သွားတွေ့တော့လည်း ကိုယ့်အမေကို ပြန်တွေ့ရသလို ဝမ်းသာမိတယ်။ အစ်မမဒမ်ကိုးဆိုင်မှာ အစ်မမြတ်ကြည်နဲ့ တွေ့တော့ အိပ်ရာက နိုးလာခါစ အပြင်မှာ တစ်ခါမှ မတွေ့ဖူးပဲနဲ့.. အစ်မကို မြင်တော့ "ဟာ အစ်မမြတ်ကြည် ကြီး " ဆိုပြီး တော်တော် ပျော်သွားတာ။
ကျနော်၂၀၁၄ မှာပဲ ပြန်လာတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ဘလော့ဂါ မောင်နှမတွေ တော်တော်များများ ပြည်တော်ပြန်ဝင်လာကြတယ်။ အပြင်မှာလည်း တော်တော် များများနဲ့ ဆုံဖြစ်လိုက်တယ်။
ခေတ်ကလည်းပြောင်းသွားတယ်။ ဘလော့ဂါတွေလည်း Blogging သိပ်မလုပ်ကြတော့ဘူး။ အင်တာနက်လိုင်းမကောင်းတာ နောက် မြန်မာပြည်မှာ Stress ပိုများတာ၊ နောက်တစ်ခုက ဒီ Facebook ကြီး အရမ်းတွင်ကျယ်လာတာကြောင့်လည်း ပါတယ်။ ဘလော့ကို သစ္စာရှိတာ မကန်ဒီတို့၊ တီတင့်တို့ပဲရှိတော့တယ်။
တကယ်ကြီး ရင်ထဲက ပြောရရင် အားလုံးနဲ့ ဆုံချင်မိတယ်။ မကန်ဒီတို့ မိစံ တို့ မပစ်တို့ မကျူတီ တို့နဲ့ မဆုံဖြစ်သေးဘူး.။ မကန်ဒီဆို ခဏခဏဆူတယ်။ မိစံက စကားတတ်တယ်။ သွားယှဉ်ပြောလို့မရဘူး..။ မပစ်ကတော့ သူစိတ်ညစ်တိုင်း သူ့အကြောင်းတွေ ရင်ဖွင့်တတ်တယ်။ မကျူတီကတော့ စိတ်ညစ်လည်း တိတ်တိတ်ညစ်တယ်။ သူကတော့ ကြောက်ရတယ်။ ရင်ဖွင့်လေ့မရှိတော့ ပိုဆိုးတယ်။ ခဏခဏ စိတ်ပူရတယ်..။
ခေါင်းစဉ်ကိုတော့ ဟိုတုန်းက တို့တွေ အလွန်ချစ်သည် လို့ ရေးထားတယ်။ ဒါပေမယ့် ခုထိလည်း ချစ်နေတုန်းပါပဲ။ နေရာတွေ ဝေးနေပေမယ့် စိတ်ချင်း ရင်ဘတ်ချင်းတော့ နီးနေတုန်းပါပဲ လို့..။

အားလုံးကို လွမ်းနေတဲ့...
မောင်ငယ်
ငမိုး



ရေးသားသူ : မိုးသက် // 9:36 AM
အမျိုးအစား:

1 comments:

  1. ငါလည်းသတိရတယ် မိုးသက်..
    ဒီတခါပြန်လာတဲ့ အချိန်မှာ နင်နဲ့ရအောင်တွေ့မယ်လို့
    အမကတိပေးတယ်..
    နင်လည်း ဒေါ်စိန်စိန်တင်ပြောပြလို့ သိမှာပါ ငါ့အကြောင်းတွေ ။
    အခုနောက်ပိုင်းကတော့ အရင်ကခင်ခဲ့တဲ့သူတွေနဲ့လည်း တရင်းတနှီးမရှိကြတော့တာ
    များတယ်...လူတိုင်းပါဘဲ... ပိုနီးလာကြတာနဲ့ အမျှ တဖြည်းဖြည်း
    ဝေးးးး သွားကြတယ်ဟာ...
    ဟိုးးအရင် အချိန်ကိုတော့ ငါလည်းအမြဲသတိရမိတယ်..
    ငါ့ကွန်ပြူတာကလည်း ဟိုး လပိုင်းက သူ့ ဘာသူUpdate တက်လာတယ်..
    အဲတာလည်းပြီးရော font က.. "ျ " တွေဆို ကြားထဲရောက်ရောက်သွားရောဟာ..
    ငသတ် "် " ကလည်း စာတလုံးစာနောက်ပြန်ဆုတ်ပြီးပေါ်တယ်..
    စာရေးရတာဘယ်လိုမှကိုအဆင်မပြေ တော့ဘူး..
    အဲတာနဲ့ဘဲ ငါလည်း ဘလော့နဲ့ ဝေးးး သွားပြန်ရော..
    နင့်ဖုန်းနံပါတ်လေး ငါ အမမဒမ်စီက တောင်းထားတယ်..

    ငါလည်းတော်တော်စိတ်ညစ်တယ် မိုးးသက်ရယ်...
    လျှောက်နေတဲ့ လမ်းမှန်ရဲ့လား မတွေးတတ်တော့ဘူး...


    အမပစ်ပစ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List