Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, October 28, 2015

ဟိုတုန်းက တို့တွေအလွန်ချစ်သည်..


ညွှန်း==> ဘလော့ဂါများအားလုံး ဖဘမှာ အကြောင်းအမျိုးမျိုးကြောင့် ငြင်းကြခုန်ကြရင်း မခေါ်နိုင် မပြောနိုင်ဖြစ်ကုန်တဲ့ မိတ်ဆွေတွေ တွေ့ရတိုင်း အရင်တစ်ချိန်က ဘဝတွေကို ပြန်သတိရမိတယ်။ မခေါ်နိုင်မပြောနိုင် ဖြစ်တဲ့ထဲမယ် ကိုယ်တို့မပါပေမယ့် ခုနောက်ပိုင်း အဲဒီလိုတွေ များလာကြတယ်။ ကျနော်ကိုယ့်ကိုယ်ကို စာရေးသူတစ်ယောက်လို့ မသတ်မှတ်ပါ။ ဒါပေမယ့် Blogger တစ်ယောက်လို့တော့ သတ်မှတ်ထားမိတယ်။ ဘလော့တောင် ခေတ်သုန်းခါနီး ၂၀၁၀ လောက်မှ ရေးခဲ့တာဆိုတော့ ကိုယ့်စီနီယာတွေက အများစုပါ။ ကိုယ့်ထက် နောက်မှ ရေးတဲ့သူ တော်တော်နည်းသွားပြီ။
အဲဒီတုန်းက အွန်လိုင်းဟာ တော်တော်ပျော်စရာကောင်းခဲ့တယ်။ ဘလော့လုပ်ဖို့ အကြံပေးတာက မဂျက်(စံပယ်ချိုဘလော့) နဲ့ ချောကလက်ကျူးပစ်လေးဘလော့က ညီလေးရဲကိုပါ။ စရေးဖြစ်တဲ့အချိန်ကတည်းက ရသဘလော့ဂါတွေ သိပ်စည်းလုံးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြတယ်။ Facebook ဆိုတာ သုံးတော့ သုံးနေကြပေမယ့် တွင်တွင်ကျယ်ကျယ် အခုလို Multipurpose ရည်ရွယ်ချက် ပေါင်းစုံနဲ့ သုံးနေကြတဲ့ခေတ်မဟုတ်ဘူးလေ။ အဲဒီတုန်းက မကန်ဒီ၊ မမိစံ၊ မပစ်၊ သူကြီးမင်း၊ နွေလ၊ အစ်မမဒမ်ကိုးတို့လင်မယား၊ မဂျက်နဲ့ ကိုလွင်ပြင်တို့လင်မယား၊ မကျူတီ၊ အန်တီတင့်၊ ကိုမောင်တစ်လုံး၊ ကိုမောင်နှစ်လုံး။ ဦးအိကု၊ ဘုန်းဘုန်းတောက်၊ မခင်ဦးမေ၊ မချော(အစိမ်းရောင်လွင်ပြင်)၊ ကိုအလင်းသစ်၊ သူငယ်ချင်း နေမင်းဇွဲမာန်၊ ကိုရင်ဆူး၊ အစ်မ မြတ်ကြည်၊ အစ်မစနိုး၊ မမိုးငွေ့၊ ကိုမိုးဇက်၊ လက်ဝဲ၊ မချစ်စံအိမ်၊ သူငယ်ချင်း ဇင်လေး တို့ အုပ်စုကြီးတော်တော်တောင့်ခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း သံယောဇဉ်တော်တော်ရှိခဲ့ကြတယ်..။
ကျနော်နေမကောင်းရင်လည်း မကျူတီတို့၊ အစ်မမဒမ်ကိုးတို့ ၊ မပစ်တို့ တကူးတက ဖုန်းတွေဆက်ပြီး အားပေးခဲ့ကြတယ်..။ ရုရှားမှာတုန်းက အစ်မကျူတီ မုန့်ဟင်းခါးထုပ်တွေရယ်၊ အကြော်ထုပ်တွေရယ် ပို့ပေးတုန်းက မျက်ရည်ကျတဲ့အထိ ဝမ်းသာ ကြည်နူးဖူးတယ်။ အဲဒီလိုပဲ အစ်မကျူတီ ပျောက်သွားတုန်းကလည်း နီးစပ်ရာတွေနဲ့ ရအောင်ဆက်သွယ်ပြီး တကူးတက အိုဗာဆီ ကောလ်တွေ ခေါ် မရရအောင် ဆက်သွယ်ပြီး အားပေးခဲ့ကြရဖူးတယ်..။
အဲဒီတုန်းက အတုအယောင်ခံစားချက်တွေမရှိဘူး.။ စိတ်ထဲမှာ တကယ်ကို ကိုယ့်ဆွေမျိုးတွေ၊ ကိုယ့်မောင်နှမ အရင်းတွေလိုပဲ ထင်နေခဲ့မိတာ။ အစ်မမဒမ်ကိုး နဲ့ စတွေ့တော့ မန်းလေးမှာ အစ်မတို့လင်မယားလာလည်တယ်။ စတွေ့တွေ့ချင်းကတည်းက အကြာကြီး အပြင်မှာ ရင်းနှီးလာသလို ကိုယ့်အစ်မလို၊ ကိုယ့်အစ်ကိုလို ခံစားရပြီး ပျော်ခဲ့တယ်။ ရန်ကုန်မှာ ကိုရင်ဆူးတို့ လင်မယားနဲ့တွေ့တော့လည်း အဲဒီလိုပဲ။ ဇင်လေးနဲ့ အန်တီတင့်ကို သွားတွေ့တော့လည်း ကိုယ့်အမေကို ပြန်တွေ့ရသလို ဝမ်းသာမိတယ်။ အစ်မမဒမ်ကိုးဆိုင်မှာ အစ်မမြတ်ကြည်နဲ့ တွေ့တော့ အိပ်ရာက နိုးလာခါစ အပြင်မှာ တစ်ခါမှ မတွေ့ဖူးပဲနဲ့.. အစ်မကို မြင်တော့ "ဟာ အစ်မမြတ်ကြည် ကြီး " ဆိုပြီး တော်တော် ပျော်သွားတာ။
ကျနော်၂၀၁၄ မှာပဲ ပြန်လာတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ဘလော့ဂါ မောင်နှမတွေ တော်တော်များများ ပြည်တော်ပြန်ဝင်လာကြတယ်။ အပြင်မှာလည်း တော်တော် များများနဲ့ ဆုံဖြစ်လိုက်တယ်။
ခေတ်ကလည်းပြောင်းသွားတယ်။ ဘလော့ဂါတွေလည်း Blogging သိပ်မလုပ်ကြတော့ဘူး။ အင်တာနက်လိုင်းမကောင်းတာ နောက် မြန်မာပြည်မှာ Stress ပိုများတာ၊ နောက်တစ်ခုက ဒီ Facebook ကြီး အရမ်းတွင်ကျယ်လာတာကြောင့်လည်း ပါတယ်။ ဘလော့ကို သစ္စာရှိတာ မကန်ဒီတို့၊ တီတင့်တို့ပဲရှိတော့တယ်။
တကယ်ကြီး ရင်ထဲက ပြောရရင် အားလုံးနဲ့ ဆုံချင်မိတယ်။ မကန်ဒီတို့ မိစံ တို့ မပစ်တို့ မကျူတီ တို့နဲ့ မဆုံဖြစ်သေးဘူး.။ မကန်ဒီဆို ခဏခဏဆူတယ်။ မိစံက စကားတတ်တယ်။ သွားယှဉ်ပြောလို့မရဘူး..။ မပစ်ကတော့ သူစိတ်ညစ်တိုင်း သူ့အကြောင်းတွေ ရင်ဖွင့်တတ်တယ်။ မကျူတီကတော့ စိတ်ညစ်လည်း တိတ်တိတ်ညစ်တယ်။ သူကတော့ ကြောက်ရတယ်။ ရင်ဖွင့်လေ့မရှိတော့ ပိုဆိုးတယ်။ ခဏခဏ စိတ်ပူရတယ်..။
ခေါင်းစဉ်ကိုတော့ ဟိုတုန်းက တို့တွေ အလွန်ချစ်သည် လို့ ရေးထားတယ်။ ဒါပေမယ့် ခုထိလည်း ချစ်နေတုန်းပါပဲ။ နေရာတွေ ဝေးနေပေမယ့် စိတ်ချင်း ရင်ဘတ်ချင်းတော့ နီးနေတုန်းပါပဲ လို့..။

အားလုံးကို လွမ်းနေတဲ့...
မောင်ငယ်
ငမိုး



Tuesday, October 27, 2015

ခုတလော (၇)

(၁)
လောလောလတ်လတ် စိတ်ထဲမှာ Stress နည်းနည်းများနေတယ်လို့ထင်တယ်။ သူငယ်ချင်းတွေနဲ့ စာအုပ်တစ်အုပ်စီစဉ်ထားသေးတယ်။ အဲဒါက အကြွေးတစ်ပုဒ်ကျန်သေးတယ်။ လကခမဂ္ဂဇင်းကို ဗျာ ၁၊ ထု ၁ ၊ ဆောင်း ၁၊ စာမူပို့ထားသေးတယ်။ အရင်ကလောက် စိတ်ညစ်စရာ သိပ်မရှိဘူး။ သူ့ Flow လေးနဲ့သူ သွားနေတုန်းပဲ။ သီချင်းလည်း မဆိုချင်ဘူး.။ စာရေးဖို့လည်း အတွေးမပေါက်ဘူး။ "ငြိမ်း" ဆက်ဆွဲမလို့ဟာကို စိတ်ပေါက်စရာတွေ မြင်မြင်လာတော့ အီမိုးရှင်းနောက် စာရေးချင်စိတ်က ညပ်ပါသွားတာတွေများတယ်။ ခုတလော ဘာသာရေးရော၊ နိုင်ငံရေးရော အရင်က မရေးဖြစ်တာတွေပါ ရေးဖြစ်နေတယ်။ မထင်မှတ်ဘဲ ဒီနေ့ တရားတစ်ပုဒ် နာရတယ်။ တစ်ခုခုဆီကို အပြေးနှင်တော့မယ် ကိုယ့်စိတ်ကိုယ် ဘရိတ်အုပ်လိုက်သလိုခံစားရတယ်။ ကိုးကွယ်ရာ ဘာသာနဲ့ ပတ်သတ်လို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရပါဦးမယ်။
(၂)
ဟိုးတစ်နေ့က နေပြည်တော် Junction မှာ "ကောင်းကျိုးကိုယ်၌တည်စေမင်း" သွားကြည့်တယ်။ လူတော်တော်ပါးတယ်။ အယောက် နှစ်ဆယ် အစိတ် အလွန်ဆုံးပဲ။ ရုပ်ရှင်မစခင် နိုင်ငံတော်သီချင်းဖွင့်တော့ တစ်ရုံလုံးမတ်တတ်ရပ်ကြပေမယ့် တတိယတန်း မှာ အဖော်မပါ ဘာမပါ တစ်ယောက်တည်း ဒူးထောင်ပေါင်ကားထိုင်နေတဲ့ ဆံပင်အညိုနဲ့ မမလေးတစ်ယောက်က ခပ်တည်တည်ပဲ။ မတ်တတ်ရပ်တဲ့သူတွေကိုတောင် လှည့်ကြည့် လိုက်သေးတယ်။ ပြီးတော့ ဆက်ထိုင်နေတယ်။ အတူပါလာတဲ့ သူငယ်ချင်းက "ငါကွာ ရေသန့်ဘူးနဲ့ ထုချင်တာ လက်ကိုယားနေတာပဲ" တဲ့။ အဲဒီလို မြင်ရတော့ စိတ်ထဲမယ် မကောင်းဘူး.။ လက်ရှိအစိုးရကို ဆန့်ကျင်နေရင်တောင် နိုင်ငံတော်သီချင်းကိုတော့ အလေးထားသင့်တယ်၊ ရိုသေသင့်တယ်လို့ ထင်တာပဲ။ မရှိတာထက် မသိတာခက် ဆိုတာမျိုးဖြစ်နေတယ်။ နောက် ရုပ်ရှင်က ကြည့်နေရင်း တစ်ဝက်လောက်မှာ ဆလိုက်ထိုးထားတာ ရပ်သွားပြီး ပိတ်ကားမှာ ဘာမှ မပေါ်တော့ဘူး။ ဘယ်သူမှလည်း ထ မပြောကြဘူး။ ဘာဖြစ်တာလဲ ဘာညာ ပွစိပွစိနဲ့ အမှောင်ထဲမှာ မဆိုင်သလိုထိုင်နေကြတယ်။ ကိုယ်ကပဲ မနေနိုင်တာနဲ့ ငပွလုပ်ပြီး ရုံရှေ့က ကောင်မလေး သွားခေါ်မှ ပြာယီးပြာယာ လူခေါ်ပြီးလုပ်ပေးမှ ပြန်ကောင်းသွားတယ်။ မှတ်မှတ်ရရ အဲဒီနေ့ကတော့ စံပဲ။ ခုံက ၅၊၆၊၇၊၈ လေးခုံ။ လူမလာခင်က ၄၊၅၊၆၊၇ မှာထိုင်နေတာ။ ကျနော်က ၅ မှာ။ လူလာတော့ ၄ က သူငယ်ချင်းက ၈ ကိုရွှေ့ပေးတယ်။ စောစောက သူ့ပေါင်ပေါ်မှာ အမှိုက်ထုပ်တင်ထားပြီး နေကြာစေ့အမှိုက်တွေ ကျနော်က သူ့အိတ်ထဲ ထည့်နေတာ။ နောက် သူပြောင်းသွားတာကို သတိမထားမိလိုက်ပဲ။ ဘေးနားက အတွဲနဲ့လာတဲ့ အစ်ကိုတစ်ယောက်ရဲ့ ပေါင်ပေါ်က အထုပ်ထဲကို စားထားတဲ့ နေကြာစေ့အခွံတွေ ထည့်ထည့်နေတာ။(အမှိုက်ထုပ်ရောဟုတ်ရဲ့လားမသိဘူး)။ ဟိုလူကလည်းကျနော့်ကို အားနာလို့လားမသိဘူး။ ဘာမှ မပြောဘူး။ နောက် ရေငတ်လာလို့ ရေဘူး လှမ်းတောင်းမှ ကိုယ့်လူမဟုတ်မှန်းသိတယ်။ အဲဒီကျမှ အားနာလိုက်ရသေးတယ်။
(၃)
တလောက အင်းလေးသွားတယ်။ ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ဗင်းနစ်လို လှေတွေနဲ့ သွားတာ သိပ်သဘောကျနေတာ။ ရေလမ်းတွေခွဲထားတာ ဘာဘာညာညာပေါ့။ တော်တော်လေးသဘောကျနေပေမယ့် တစ်ခုပဲ။ ဖောင်တော်ဦး ဘုရားမှာ ခိုစာရောင်းတဲ့ အမယ်အိုကြီးတွေ တော်တော်လေးကို ရုပ်ပျက်တယ်။ အကျီင်္ကို ဆွဲတယ်။ သွားမယ့်လမ်းကို ပိတ်တယ်။ ငိုမတတ်၊ ခြေထောက်ဖက်မတတ် တောင်းပန်ပြီးတော့ ကိုရောင်းတယ်။ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် သိပ်တရားလွန်လာတော့ ဘာဆက်လုပ်ရမလဲမသိဘူး။ အော်လည်း မအော်ရက်ဘူး။ ပါလာတဲ့ သူငယ်ချင်း ငြိမ်းဇော်ဦးက "ခင်ဗျားတို့ တော်တော်လွန်နေပြီ" ဘာညာ နဲ့ အော်လိုက်မှ ထွက်သွားကြတယ်။ ဘာပဲပြောပြောတော်တော်လေးသင်ခန်းစာ ရလိုက်တယ်။ အဲဒီနေ့မှာပဲ ကြောင်လေးတွေ ခုန်တဲ့ ငါးဖယ်ချောင် ဘုန်းကြီးကျောင်းမှာ ဖုန်းမေ့ကျန်ခဲ့တယ်။ ဘုန်းကြီးက နောက်က စက်လှေနဲ့ လိုက်ပေးတယ်။ အဖြူတွေနဲ့တွေ့ တော့ ပြင်သစ်က ကောင်မလေးရော၊ စပိန်က ချာတိတ်ရောက ကျနော့်ကို "မင်းကရော ဘယ်နိုင်ငံကလာတာလဲ" လို့ မေးတယ်။ ကိုယ့်ကိုယ်ကိုတော့ နိုင်ငံခြားသားရုပ်ပေါက်တယ်လို့ မထင်မိပါဘူး။ သွားလေရာပါတဲ့ ကျောပိုးအိတ်နဲ့ DSLR လွယ်ထားလို့ဖြစ်မယ်လို့ တွေးမိတယ်။
(၄)
ရွေးကောက်ပွဲလည်းနီးလာပြီ။ အစက ပယ်မဲ လုပ်မယ်စိတ်ကူးထားသေးတယ်။ နောက်တော့ ကိုယ်စိတ်ချရမယ်ထင်တဲ့ ပါတီတစ်ခုခုကို မဲပေးလိုက်မယ်လို့ပဲ စိတ်ကူးထားလိုက်တယ်။ နိုင်ငံရေးနဲ့ ပတ်သတ်ရင် လူကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်ထားတယ်။ မြင်ရတွေ့ရတာတွေကတော့ စိတ်မချမ်းသာစရာတွေများတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့သူလည်း အစိုးရနဲ့ ဆန့်ကျင်ရင် သူရဲကောင်းဖြစ်သွားတာပဲ။ မြှောက်ပေးတော့ အုံလိုက်ကျင်းလိုက်၊ ဟိုက အဲဒါတွေသာယာပြီး စွတ်လွှတ်တော့ အရေးယူခံရတော့ ဘယ်သူမှ မကောင်းဘူး။ တစ်ခါတစ်ခါ(ကိုယ်အပါအဝင်) နိုင်ငံရေးဆိုတဲ့ စာလုံးအကြီးကြီးအောက်မှာ လုပ်နေတဲ့အကွက်တွေက နှစ်ဖက်စလုံး ကလေးသိပ်ဆန်တာပဲ လို့ မြင်မိတယ်။
(၅)
စားပွဲပေါ်က ရှန်ပိန်ခွက်နှုတ်ခမ်းမှာ
အပြုံးတုတွေပေကျံခဲ့တယ်...
ခွက်ချင်းတိုက်တဲ့အသံနဲ့
ကားလမ်းမပေါ်က ဂျိုင်းထောက်သံ
"ဂွပ်" ကနဲ အတူတူကျတယ်...
ဘဝဟာ ခါးသထက်ခါးလို့...
ဘဝဟာ မှောင်သထက်မှောင်လို့
ဘဝဟာ နိမ့်သထက်နိမ့်လို့...
စံပယ်ပန်းလေးအားပေးပါဦးလားအစ်ကို...
ကားတံခါးခပ်ဟဟထဲက ခြေဆုံးခေါင်းဆုံးကြည့်လိုက်သလား...
မပူပါနဲ့ ကျနော့်မှာ ခင်ဗျားကြည့်စရာ ခြေဆုံးခေါင်းဆုံးအပြည့်မရှိပါဘူး...
ကျနော်မနေ့က သူရဲကောင်း...
ကျနော်ဒီနေ့ ဒုက္ခိတဒုက္ခသည်
ကျနော်မနေ့က စစ်ပွဲရဲ့ နတ်ဘုရား..
ကျနော်ဒီနေ့ ဘဝစစ်ပွဲမှာ မြုပ်လုလု ပုလင်းလွတ်တစ်လုံး..
ကျနော်မနေ့က တောင်ကြီးဖဝါးအောက်လို့ ကြွေးကျော်ခဲ့တယ်...
ကျနော်ဒီနေ့ အဲဒီတောင်ကြီးတစ်နေရာမှာ ဖဝါးတစ်ခုလုံး မြှုပ်နှံခဲ့ရ...
ခံယူချက်အတွက် သေနတ်ကိုင်ခဲ့တဲ့လက်တွေဟာ...
စားဝတ်နေရေးအတွက် လက်ထဲအခြားပစ္စည်းတွေနဲ့ အစားထိုးခံခဲ့ရ...
စံပယ်ပန်းကုံး၊ ဘုရားစာအုပ်၊ ဂျိုင်းထောက်၊ ဒန်ဖလားအစုတ်....နောက်ပြီး.. နောက်ပြီး...
စစ်ပွဲအချို့ပြီးသွားတယ်...
စစ်ပြန်နှစ်ဦး လမ်းပေါ်မှာငြိမ်းချမ်းစွာ ပြန်လည်တွေ့ဆုံကြတယ်...
တစ်ဦးက ငြိမ်းချမ်းရေးလို့ စာကပ်ထားတဲ့ ကားအနက်ကြီးနဲ့...
တစ်ဦးက ငြိမ်းချမ်းရေးလို့ စာကပ်မထားတဲ့ ခြေတုအဟောင်းကြီးနဲ့...
ဘဝဟာ ခါးသထက်ခါးလို့...
ဘဝဟာ မှောင်သထက်မှောင်လို့
ဘဝဟာ နိမ့်သထက်နိမ့်လို့...
ကျနော်တို့ဟာ ညီအစ်ကိုတွေပါပဲ...
ခြောက်ကပ်ကပ်ရယ်မောသံတွေနဲ့အတူ ခွက်တွေမြှောက်လိုက်ကြတယ်...
သူတို့ခွက်ထဲမှာ သွေးတွေ...
ကချင်သွေး၊ ဗမာသွေး၊ ရှမ်းသွေး၊ ပလောင်သွေး၊ ကရင်သွေး သွေးပေါင်းစုံရောထားတဲ့ သွေးတွေ..
ခွက်ချင်းတိုက်သံတွေ စိပ် စိပ် လာတဲ့အခါ...
ပလက်ဖောင်းပေါ်က စံပယ်ပန်းရောင်းတဲ့...
ရပ်ကွက်တွေထဲ ဘုရားစာအုပ်ရောင်းတဲ့...
လူစည်ကားရာ ခွက်တစ်လုံးနဲ့ တောင်းတဲ့...
နိုင်ငံကိုအလင်းပေးခဲ့တဲ့ ကြွေလွင့်ပြီးသော ကြယ် အဟောင်းတွေ များများလာခဲ့တယ်...။
(၆)
ဟိုးတစ်နေ့က မော်လမြိုင်သွားချင်တယ်တင်လို့ သူငယ်ချင်းဇင်လေး Mya Yeik Zin က ဗိုက်ဘာကနေ လာအစ်နေတယ်။ ဘယ်မော်လမြိုင်သူမှ မတွေ့ဘူး။ အလိုလိုနေရင်းကို သွားချင်နေတာ။ ကိုယ်ကတောင်ပေါ်သားလေ။ ကမ်းရိုးတန်းနဲ့ အောက်ပြည်အောက်ရွာ က တော်တော်လှတဲ့ဒေသရဲ့ ပတ်ဝန်းကျင်၊ ဓလေ့၊ အစားအသောက်၊ ယဉ်ကျေးမှုတွေကို မြည်းစမ်းချင်တာ သဘာဝပဲ မဟုတ်လား။ အခန်းထဲမှာလည်း မြန်မာပြည် သိန်းတန် သီချင်းကို ကေကေတီ ပြန်ဆိုတဲ့ ရွှေမြိုင်မှာပဲ နေတော့မယ် ကို အမြဲဖွင့်နေမိတယ်။
(၇)
သီချင်းတစ်ပုဒ်ကို အစအဆုံး ကိုယ့်ဖာသာ ကာဗာလုပ်ကြည့်တာ ပါရမီနည်းတာရော၊ ရမ်း လုပ်ရတာရောကြောင့် တော်တော်ကြာသွားတယ်။ အထူးသဖြင့် Bass တီးတာ တော်တော် ဒုက္ခရောက်တယ်။ ဟော်လိုဂစ်တာနဲ့ကြောင့်လည်း ဟုတ်တယ်။ နောက် ကိုယ့်မှာလည်း အလေ့အကျင့်မရှိဘူးလေ။ တစ်လွှာချင်းစီသွင်းလိုက်တယ်။ အဲဒီ အသက်၄၀ တစ်ပုဒ်လုံးကို Audacity မှာ အစအဆုံးလုပ်ထားတာ။
(၈)
လိုင်းတွေကျတယ်။ ခုတလော လိုင်းတွေသိပ်သိပ်ကျတယ်...
(၉)
နှောင်
=-=-=-=-=
သံတိုင်တံခါး
ပိတ်နှောင်ထားလည်း
ရင်အားခတ်နှိပ်
တော်လှန်စိတ်ကို
ဖိသိပ်မချုပ်နိုင်ပါတကား။
ဤကား ဓမ္မ
အဓမ္မဟု
ခွဲပြညွှန်းဆို
ဖော်ထုတ်လိုလည်း
ထိုထိုလောက
အဓမ္မကွယ်
ဓမ္မပယ်၍
ရှောင်ဖယ်သိမြင်
အမှန်ထင်၏။
စင်စစ်ငါ့အား
အကြားကိုပိတ်
နှုတ်ဆိတ်နေစေ
ဖယ်သွေမျက်ကွင်း
နှောင်ကြိုးတင်းလည်း
တစ်စင်းအာရုံ
စိတ်အစုံသည်
ဘယ်ပုံဓမ္မ
အဓမ္မဟု
ခွဲပြလင်းစင်
အမှန်မြင်သည်
ငါလျှင်ရှင်ကျိုးနပ်ပြီတည်း..။
MTOL®
27-10-2015
11:30 PM.



 

My Blog List