Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, March 6, 2015

ခုတလော(၆)

(၁) 
ဟိုတလောက ပဲခူးဖက်ကို ကိစ္စတစ်ခုနဲ့သွားရင်းနဲ့ အပြန်မှာ ကမ္ဘာကျော် ဆိုတဲ့ လိုင်းကားနဲ့ ပြန်လာခဲ့တယ်.။ ပဲခူးကနေ သင်္ကန်းကျွန်းဖက်ကို ပြန်တဲ့လမ်းပေါ့..။ ကျနော်က အပြင်ဖက်ခုံမှာ.။ ကျနော့်အတွင်းကလူထသွားတော့ ကျနော်က ပြတင်းပေါက်ဖက်မှာ ပြောင်းထိုင်လိုက်တယ်.။ လမ်းပေါ်က ခရီးဆောင်အိတ်ကိုလည်း ပေါင်ပေါ်တင်ထားလိုက်တယ်.။ ကျွန်တော့်ဘေးက လွတ်သွားတဲ့နေရာမှာ မိန်းမကြီးတစ်ယောက်လာထိုင်တယ်..။ ကျွန်တော်တို့ရှေ့ခုံမှာထိုင်နေတာ က ကုလား(ညီအစ်ကိုဖြစ်ပုံရတယ်) နှစ်ယောက်.။ မွတ်စလင်တော့မဟုတ်ဘူး..။ ဟိန္ဒူလိုလို မန်ဒရာစီလိုလို ရိုးရာအရ နားပေါက်ဖောက်တဲ့လူမျိုးတွေ.။ အင်းတိုင်အကျော် တောင်ဥက္ကလာ ဖက်မှာလူတွေအများကြီးတက်လာတယ်..။ အမျိုးသမီးကြီးတွေ၊ အသက်ခပ်ကြီးကြီး ပုဂ္ဂိုလ်တွေ၊ ကားပေါ်က ကိုကိုမမ တွေက သူဖယ်မလို ကိုယ်ဖယ်မလိုနဲ့ ဖယ်မပေးကြဘူး..။ အဲဒီအချိန်မှာ ခုနက ကုလားလေး နှစ်ယောက်ထဲက အပြင်မှာထိုင်တဲ့တစ်ယောက်က အမေကြီး ထိုင်ပါ ဆိုပြီး အဘွားကြီးတစ်ယောက်ကို ဖယ်နေရာဖယ်ပေးလိုက်တယ်..။ ကားပေါ်က ရွှေမြန်မာသန်သန်မာမာ ယောက်ျားရင့်မာကြီးတွေ လူငယ်လူရွယ်တွေကတော့ မဆိုင်သလိုပဲ..။ ကိုယ်ကိုယ်တိုင်တောင် စိတ်ထဲမသန့်သလို ဖြစ်မိလို့..။အဘွားကြီးတစ်ယောက်ယောက်ကို နေရာပေးဖို့ အန်တီ ဒီဖက်ကိုတိုးပါ ဆိုပြီး အထုပ်ကြီးအရင်အပြင်ပို့ပြီး ကိုယ်ထွက်လိုက်တော့ ကိုယ့်ခုံဘေးမှာ မတ်တတ်ရပ်ပြီး ဖုန်းပွတ်နေတဲ့ ချာတိတ်က ကိုယ့်ဖက်ကိုရွှေ့လို့ လွတ်သွားတဲ့အဘွားကြီးခုံကိုစွေ့ကနဲ ဝင်ထိုင်လိုက်တယ်..။ သူ့မျက်နှာကို တအံ့တသြကြည့်လိုက်တော့ ခပ်တည်တည် အကျောမာမာပဲ ကိုယ့်ကို ပြန်ကြည့်တယ်..။ ဘာပြောရမှန်းမသိဖြစ်သွားတာတော့တာအမှန်ပဲ..။ လူမျိုးဘာသာ ပျောက်မပျောက်တော့မသိဘူး။ အသည်းနှလုံးထဲက လူ့ကျင့်ဝတ်တွေ၊ ဂါရဝတရားတွေ ပျောက်ပျက်နေတာ ဘယ်လောက်ကြာနေပြီလဲ လို့တွေးမိတယ်...။ သီချင်းတွေထဲပါပါနေတဲ့ ကမ္ဘာ့အယဉ်ကျေးဆုံးတိုင်းပြည်ကြီးဆိုတာ စဉ်းစားပြီး သက်ပြင်းချမိပါတယ်..။
(၂) 
ဟိုးတစ်နေ့က ယဉ် ယဉ်နှောင်း ရေးတာဖတ်မိတော့ သတိရတယ်.။ မြန်မာနိုင်ငံမှာ လိင်တူအခွင့်အရေးပေးပါတယ်.။ မချိုးဖောက်ပါဘူးလို့ ဘယ်လိုပဲ ပြောနေပေမယ့် မြန်မာဗွီဒီယိုဇာတ်ကား ၁၀ ကားမှာ အခြောက်မပါတဲ့ကား ၁ ကား ၂ ကားပဲရှိမယ်ထင်တယ်.။ ပါလိုက်တဲ့ အခြောက်တိုင်းဟာလည်း ဟားစရာ၊ လှောင်စရာ၊ ရယ်စရာထက်မပိုဘူး.။ တကယ်တမ်း ဇာတ်ကားများဟာ နိုင်ငံရဲ့ ပုံရိပ်တွေအများကြီးပါတာပါပဲ...။ မြန်မာဇာတ်ကားတွေမှာ အရက်သောက်လာရင် လမ်းပေါ်မှာတွေ့တဲ့ မိန်းကလေးတိုင်းကို နှမချင်းမစာနာ ဆွဲလားရမ်းလားလုပ်တယ်.။ တွေ့တဲ့သူနဲ့ ရန်ဖြစ်တယ်.။ အရက်ဆိုင်မှာ ရန်ဖြစ်တယ်.။ ရန်ဖြစ်တိုင်းလည်း ဓားနဲ့ထိုးတယ်.။ ရုပ်ရှင်ဆိုတာ လူတွေရဲ့ စံပြပဲ..။ နိမိတ်ပုံပဲ.။ အဲဒီလိုတွေရိုက်လို့ အရက်ကိုရှောင်ကြမယ်များ ထင်နေလားမသိကြဘူး.။ နိုင်ငံခြားကားတွေမှာလည်း အရက်သောက်ခန်း အင်မတန်ပါတာပါပဲ.။ တစ်စိမ့်စိမ့်သောက်၊ အေးအေးဆေးဆေး စကားပြော ကြတာမျိုးတွေ ရိုက်ပြတော့ ဘာဖြစ်မှာမို့လို့လဲလို့ တွေးနေမိပါတယ်.။
(၃) 
ကျောင်းသားတွေကိစ္စကို လက်ပတ်နီနဲ့ ဗရုတ်သုတ်ခလူတွေကို ဖမ်းခိုင်းတာကိုတော့ အံ့သြမိပါတယ်.။ ဒါပေမယ့် အမြင်အရပြောရရင် ဒါဟာ အကြမ်းဖက်တာထက် အရင်တစ်ခါ EU က လေ့ကျင့်ပေးတဲ့အတိုင်းတုတ်နဲ့မရိုက်ပဲ ချုပ်ပြီးဖမ်းဆီးတာကို ပထမဆုံးအကြိမ် မြင်ရတာ ဖြစ်ပါတယ်.။ ဒါပေမယ့် ယူနီဖောင်းဝတ်တဲ့ In service ပုဂ္ဂိုလ်တွေကို ဖမ်းခိုင်းရင် ဒီလောက် ရုပ်မပျက်ဘူးလို့ မြင်မိတယ်..။ အနောက်တိုင်းက ဘောလုံးပွဲတွေမှာ ဝင်ပြေးတဲ့ ပရိသတ်ကို ဖမ်းရင်တောင် ခြေနဲ့ဖြစ်ဖြစ်ပြေးကန်ပြီး လဲမှ လက်ထိပ်ခတ်တာမျိုးကိုး..။ ဒါဟာလည်း ရာဇဝတ်မှုမှမဟုတ်ဘဲနော်.. smile emoticon ။
(၄) 
အပြင်မဂ္ဂဇင်းတစ်ခုကို စာမူပို့ဖို့ လုပ်နေသေးတယ်..။ ပရင့်ဖက်ကို ပြောင်းဖို့ အများကြီး အချိန်ပေးရဦးမယ်.။ လုပ်ချင်တာတွေက သိပ်များနေတယ်...။ စာသင်ဖို့လည်း စဉ်းစားထားတာ ရှိသေးတယ်.။ ဒါထက် ဘလော့ကိုလည်း ဖုန်ခါဖို့ကြံနေတုန်း ဒီစာရေးဖြစ်တာပါ..။ အစ်မတစ်ယောက်နဲ့ စကားပြောထားတဲ့ လုံးချင်းဝတ္ထုလည်း စာမျက်နှာ ၄၀ လောက်မှာ တန့်နေတယ်.။ ခရီးတွေပဲ ထွက်နေရတော့ ရှေ့သိပ်မသွားနိုင်ဘူးဖြစ်နေတယ်..။ ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ပုံပေါ်အောင်လုပ်ဖို့ရှိပါတယ်.။
(၅)
၂၀၁၅ မှာ နှစ်စကတည်းက စာအုပ်တွေ ပြန်ဝယ်ဖြစ်တယ်.။ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေ ပြန်ရှာဝယ်နေတယ်.။ စာအုပ်ဈေးတွေကလည်း ကောင်းချက်ဗျာ.။ အစက ၂ ရက် တစ်အုပ် ဖတ်မယ်လို့ ကြံထားရာကနေ တစ်ပတ် ၂ အုပ်ဖြစ်သွားတယ်.။ ဘာပဲဖြစ်ဖြစ် စာပြန်ဖတ်နေတာက ကိုယ့်အတွက်အများကြီးကျန်မယ်ထင်တာပါပဲ..။ စာပြန်ဖတ်နေပြီ..။ ဝိတ်ချ ဖို့လုပ်နေပြီ..။ ကြိုးခုန်တယ်.။ ဘယ်လီရိုက်တယ်..။ အရင်တစ်ခါ စိန်ဂေဟာကနေ အော်တာရှပ်လေးတစ်ထည် ဝယ်လာတယ်.။ ဆိုင်ကအရုပ်မှာ စွပ်ပြထားတုန်းက လန်းသလားမမေးနဲ့..။ ကိုယ်ကျပ်ကလေး၊ ဘော်ဒီဖစ် ကလေး.။ ကိုယ့်ကိုယ်ကိုယ်လည်း အဲဒီလိုလေးဖြစ်မယ်ထင်ပြီးဝတ်လိုက်တော့ ဗိုက်က နည်းနည်းကျပ်နေတယ်..။ ထိုင်ချလိုက်တော့ အပေါ်ဆုံး နှိပ်စေ့ နှစ်လုံး အောက်ဆုံးနှိပ်စေ့ တစ်လုံးပဲ ကျန်ပြီး ကျန်တာတွေ ပြုတ်ထွက်သွားတယ် frown emoticon ..။ အခုတော့အဲဒီအကျီင်္လေး တိုင်မှာချိတ် ထားပြီး အဲဒါလေးကြည့်ကြည့်ပြီး ငါတစ်နေ့နေ့ တော်ရမယ် ဆိုတဲ့ စိတ်နဲ့ ဝိတ်ချနေရတယ် grin emoticon ..။



ရေးသားသူ : မိုးသက် // 7:34 AM
အမျိုးအစား:

1 comments:

  1. အဲဒါပြောတာပေါ့ မောင်မိုးရာ။ အားလုံး ပြင်ရဦးမယ်ဆိုတာ။
    အနောက်ဖက်လို တိုးတက်ချင်တာဘဲ သိကြတာ။ အနောက်ဖက်လို ကွန်မွန်းဆင့်လေးတောင် မရှိမှတော့ မလွယ်သေးပါဘူး။

    သနားတတ်ကြပါတယ်။ စာနာတတ်ကြပါတယ်။ ကြင်နာတတ်ကြပါတယ်။ ဒါပေမဲ့ တခဏလေးပါ။
    ကြာရှည်မခံပါဘူး။ အဆိုးဆုံးက သူတစ်ပါး အားနည်းချက်ကို ဟားတာပါဘဲ။

    စာဆက်ရေးပါ မောင်မိုး။
    မျက်စိထဲ ပုံပေါ်အောင် စာနဲ့ ဖော်ပြတတ်တဲ့သူက လက်ချိုးရေတွက်လို့ ရလို့ပါ။

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List