Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, October 25, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း (၅)


 
ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း

            ညနေ တန်းစီကို ညနေ ၆ နာရီတွင် တစ်ခါစီသည်။ ထမင်းကျွေးသည့်စားရိပ်သာက ကုန်းအောက်မှာရှိသည်။ ရိပ်သာမှာမစားလိုသူများ ဝယ်စားနိုင်ရန် ဆိုင်တန်းများလည်းရှိသည်။ ကျွန်တော်တို့ သင်တန်းကို စားရိပ်သာတာဝန်ခံ မှာ ဗက သက်လွင်ဦးဖြစ်သည်။ တာဝန်ခံအပြင် ဗိုလ်ကြီးကတော်ကလည်း ရိပ်သာအတွက် ချက်ပြုတ်ပေးသည်ကို ထူးခြားစွာတွေ့ရသည်။ တစ်သက်လုံး တပ်ထဲမှာ ဆရာကြီးများချက်သည်ကိုသာ စားခဲ့ရသော ကျွန်တော်တို့အဖို့ အမျိုးသမီးချက်သည့်လက်ရာကို ထူးထူးခြားခြားစားရခြင်း ဖြစ်သည်။ စားရိပ်သာက ချက်ပြုတ်သည်များမှာ စားသောက်၍ ကောင်းမွန်အဆင်ပြေသည်။ ဗိုလ်လောင်းဘဝက စားခဲ့ရသကဲ့သို့ တစ်ခါတစ်ရံ မကျက်တစ်ကျက်ဖြစ် သည်များကို မကြုံခဲ့ရ။

            ညဖက် Surprise check တန်းစီမှ လန့်ရတော့သည်.။ မိမိတို့ တန်းခွဲမှူးက အလုပ်သင်(တေဇ) မှ ဗိုလ်မှူးတစ်ဦး (ထိုဗိုလ်မှူးမှာ သင်တန်းဖွင့်ပြီး ရက်အနည်းငယ်အကြာတွင် ပြောင်းရွှေ့သွားသဖြင့် မမှတ်မိ) နောက်တစ်ယောက်က ဗက မင်းဇော်ထွန်း(စတသ-၃၇) ဖြစ်သည်.။ ဗကမင်းဇော်ထွန်းက လူမှန်ဖြစ်သည်.။ တပ်မတော် တွင် တွေ့ရခဲသော ဆုပေး၊ ဒဏ်ပေးစနစ်ကို အမှန်အကန်ကျင့်သုံးသည်။ အပြစ်ဖောက်သူကို ပြင်းပြင်းထန်ထန်ဆုံးမသည်။ အပြစ်မဖောက်သူ၊ စိတ်ဓာတ်ရှိရှိနေထိုင်သူက ထိုသူအကျင့်အတိုင်း အားပေးချီးမြှောက်သည်။ ရှာမှရှားသော နောင်တော် တစ်ဦးဖြစ်သည်။

            ရောက်ရောက်ချင်းည Surprise check တွင် ကျွန်တော်တို့ အိပ်ဆောင်မှ သူငယ်ချင်းတစ်ယောက် နောက်ကျ တော့သည်။ ဗိုလ်ကြီးမင်းဇော်ထွန်း၏ လက်သံပြောင်မှုကို စတင်မြည်းစမ်းရတော့သည်။

            “နောက်ကျတဲ့ ဗိုလ်ကြီး ထွက်ခဲ့ပါဦး…”

            ဝူခုံးဟု အမည်ပြောင်ပေးထားသည့် ကျွန်တော်တို့ အပတ်စဉ်မှ သူငယ်ချင်းတစ်ယောက် Squad တွင်းမှ ထွက်သွားသည်။

            “ဗိုလ်ကြီး ရာသီဥတုက အေးတယ်နော်…”

            “ဟုတ်ကဲ့ခင်ဗျ”

            “ဒါဆို အင်္ကျီလေး ချွတ်ပြီး Craw လေးဆွဲလိုက်ပါဦး…”

            ဆောင်းမကျွတ်သေးသော ရာသီဥတု ချမ်းချမ်းစီးစီးမှာ Craw ဆွဲရတော့သည်.။ သိပ်မကြာပါ.။ ခဏကြာတော့ ထခိုင်းပြီး သတိပေးစကားဆိုသည်။

            “တန်းခွဲ(၁) ကဗိုလ်ကြီးတွေ အားလုံး နားထောင်ကြပါ..။ ကျွန်တော့်နာမည်က ဗိုလ်ကြီး မင်းဇော်ထွန်းပါ.။ စစ်တက္ကသိုလ် အပတ်စဉ် (၃၇) က ကျောင်းဆင်းပါတယ်…။ ဗိုလ်ကြီးတို့ ညဖက် အဆောင်မှာ အားလပ်နေတဲ့အခါ..။ ကျွန်တော်ကတော့ အလုပ်မရှိလို့ ပျင်းလှပါပြီ.. တို့..။ ကျွန်တော့်အချိန်တွေ သိပ်ပိုနေတာ ဘယ်မှာ သွားထားရမှာလဲ တို့ အော်မနေပါနဲ့.. Extra တွေ ရေးရပါလိမ့်မယ်…”

            တပ်စုမှူးသင်တန်း ရှေ့အပတ်စဉ်များက ဒီထက်ကြမ်းခဲ့သည်ဟု သိရသည်.။ သို့ရာတွင် ကျွန်တော်တို့ အပတ်စဉ် နှင့်မူ အလွန်ပင် ချစ်ကြည်လေးစားခဲ့သူ ဖြစ်ပါသည်.။ တန်းစီချိန်တွင် ၅ မိနစ်အတွင်းရောက်အောင် စီရသည်။ တန်းစီသည်ကို စိတ်တိုင်းကျတော့ စကားကို များများမပြော.။ လိုရင်းတိုရှင်းပြောပြီး ချက်ချင်း တန်းဖြုတ် သည်။ ဤသည်ကပင် သဘောကျစရာဖြစ်နေသည်.။ တန်းစီသည်၊ လူစုံကြောင်းသတင်းပို့သည်။ ပြောလိုသည်ကို အမြန်ဆုံး လိုရင်းပြောသည်။ အလွန်ဆုံးကြာ ၃ မိနစ်ထက်ပင်မကြာ။ ပြီးလျှင် တန်းဖြုတ်သည်.။ မိမိတို့ တန်းခွဲမှ တန်းဖြုတ်ပြီးပြီ.။ အခြားတန်းခွဲမှ တန်းစီနေတုန်း.။

            ထို့အပြင် ဆုပေးဒဏ်ပေးစနစ်ကိုလည်း အမှန်အကန် ကျင့်သုံးသည်.။ ဥပမာဆိုကြပါစို့..။ လူမှုဝန်ထမ်း Fatigue လုပ်သည့်အခါ ကိုးလိုးကန့်လန့် ဖြစ်၍ ဧရိယာများကြားမှ အကွက်တစ်ကွက်ကျန်နေခဲ့ပြီ ဆိုပါစို့..။ သူက မိမိဖာသာ Volunteer လုပ်မည့် လူ ငါးယောက်ခန့် မိမိသဘောနှင့် ထွက်လာစေသည်.။ မိမိသဘောဖြင့် မြက်ပေါက် မည့် ၅ ယောက် ကို နောက်ရက်မနက် PT ကင်းလွတ်ခွင့်ပေးလိုက်သေးသည်.။ ထိုသို့ဖြစ်သည်.။ သို့ဖြစ်၍ သူခိုင်းသည့် အလုပ်မှန်သမျှ စေတနာပါပါလုပ်ကြသည်.။ Fatigue လုပ်ရာတွင်လည်း ဧရိယာများပတ်ကြည့်နေရင်း သူ့အိတ်ထဲက Premium gold ဆေးလိပ်ဘူးကို ထုတ်၍ ဆေးလိပ်သောက်တတ်သူများကို ဝေတတ်သေးသည်…။ ရေခဲချောင်း၊ ရေခဲရေ ရောင်းသည့် ဈေးသည်များရောက်လာလျှင်လည်း ပုံးလုံးကျွတ်ဝယ်ယူ၍ အလုပ်လုပ်နေသူများကို တိုက်ကျွေး တတ်သေးသည်.။

            အပြစ်ဖောက်သူများကို ရေရေလည်လည်သမ တတ်သည့် ဗိုလ်ကြီးမင်းဇော်ထွန်းက ကျွန်တော်တို့ အပတ်စဉ် ကို နားလည်သဘောပေါက်လာသည်.။ ခြေလျင်တပ်စုမှူးသင်တန်း အမှတ်စဉ်(၁၈၀) သည် သူနည်းပြသက်တမ်း တစ်လျှောက်တွင် ကိုင်တွယ်၍ အကောင်းဆုံးပါဟု ရုံးကိစ္စဆောင်ရွက်သည့် ဗိုလ်ကြီး ရန်နောင်မြင့်(ဗသက-၉၅) က ဝန်ခံသည်.။ ကျွန်တော်တို့ အပတ်စဉ်ကလည်း တကယ့် မိုကြွသူတွေအများသားဖြစ်သည်.။ ညဖက်တပ်ပြင် မထွက်ရ အမိန့်ရှိသည်.။ ရောက်စက ကင်းပုန်းတွေဘာတွေနှင့် စောင့်ဖမ်းကြသည်.။ တကယ်က တပ်ပြင်ထွက်ဖို့ နေနေသာသာ သင်တန်းထဲက မောင်းထုတ်လျှင်ပင် ထွက်မည့်သူ ရှိမည်မဟုတ်.။ ကျွန်တော်တို့ အပတ်စဉ်က အရာရှိများ၏ အကြီးဆုံးပြစ်ဒဏ်မှာ ညဖက် ဗိုက်ဆာလျှင်  ဗိုလ်သင်တန်းကျောင်းဖက်က ဆိုင်တွေ ဆင်းဆင်းစားတတ်သည့် အပြစ်သာဖြစ်သည်.။ အခြားအပတ်စဉ်များနှင့် ယှဉ်လာလျှင် ထိုကိစ္စက အပြစ်ဟုပင် မဆိုသာ.။ ဘောလုံးပွဲရှိလျှင် ဆိုင်တန်းထဲမှာသွားကြည့်ကြသည်.။ ရံဖန်ရံခါ ဆိုင်တန်းထဲက ဂိမ်းဆိုင်မှာ ဂိမ်းနှိပ်ကြသည်.။ သင်တန်းပြီးဆုံး သည်အထိ ဘာဆိုဘာမှ ပြဿနာမတက်ခဲ့.။ တပ်ပြင်လည်းခိုးမထွက်၊ ပစ္စည်းလည်းမပျောက်၊ ရန်လည်းမဖြစ်၊ အရက်မူးပြီး ရမ်းသူလည်း မရှိ၊ နောက်ပိုင်း မိမိတို့ အပတ်စဉ်၏ နေပုံထိုင်ပုံအတိုင်း အုပ်ချုပ်မှုက ပြောင်းလဲပေးသည်.။ သင်တန်းကာလတွင် အတော်ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်.။ တစ်ခါက စာမေးပွဲ ဖြေရာတွင် အမှတ်၂၀၀ ဖိုးမေးခွန်းကို အမှတ် (၂၀၀) အပြည့်ရသူများ မတ်တတ်ရပ်ပါ ဆိုသည်တွင် အတန်းတစ်ဝက်နီးပါး ထရပ်ကြပြီး.. ၁၈၉ မှတ်ရသော ငမိုး အဆင့် ဟိုး နောက်ဆုံးရောက်သွားသည်ကို သတိရမိသေးသည်.။

            ဖေဖော်ဝါရီလမှ စသောသင်တန်းသည်. တကယ့် အပူချိန်မြင့်သောကာလ သို့ တစ်ဖြည်းဖြည်းရောက်လာ သည်.။ ရှမ်းပြည်နယ် ဆိုသော်လည်း ရပ်စောက်ဝန်းကျင်သည် တကယ့် မြေပြန့်ဖြစ်သည်.။ ပူပြင်းခြောက်သွေ့မှုကြောင့် မကြာခဏ တောမီးလောင် လေ့ရှိသည်.။ သင်တန်းနား အနီးတစ်ဝိုက်တွင် တောမီးလောင်ပြီဆိုလျှင် မိမိတို့ တပ်စုမှူး သင်တန်းမှသင်တန်းသားများကို လာရောက်ခေါ်ယူကာ ငြှိမ်းသက်ရလေ့ရှိသည်.။ မီးကလည်းမကြာခဏ လောင်သည်။ မိမိတို့လည်းမကြာခဏ မီးသတ်ကြရသည်..။ အချို့က တပ်မတော်တိုက်ခိုက်ရေးကျောင်း(ဗထူး)ဟူသည့် အမည်ကိုပင် တပ်မတော်တိုက်ခိုက်ရေးနှင့် မီးသတ်သင်တန်း ကျောင်း ဟု လှောင်ပြောင်ခေါ်ဝေါ်ကြသည်။

            မီးလောင်ပြီဟု ဆိုလျှင် အကုန်ပြေးလွှား၍ ငြှိမ်းသတ်ကြရသည်.။ မီးတားလမ်းများ ဖောက်၍ မီးကြိုရှို့ကာ မီးလောင်မှုကို ကြိုတင်ကာကွယ်ရသည်..။ နောက်ထပ် အခက်အခဲ တစ်ခုက ရေရှားပါးသည့် ပြဿနာဖြစ်သည်.။ မိမိတို့ စစ်တက္ကသိုလ် ဖိုင်နယ်ရီးယားဘဝတွင် ကြွေပြားကပ် အုတ်ကန်ထဲကရေကို ရေပုံးဖြင့် အားရပါးရခပ်၍ ချိုးခဲ့ဖူးသည်.။ ဂျူနီယာအင်တိတ်များက ရေခွက်ဖြင့် ချိုးရသည်.။ ရေရှား၍ မဟုတ်.။ ပုံးဖြင့် ချိုးခြင်းသည် Final year ဘဝ၏ အရသာတစ်ခု ဖြစ်ခဲ့သည်.။ ဗထူးတွင်နွေအခါ ရေရှားသည်.။ ဗထူးစမ်းမှ ရေကို သင်တန်းအပေါ်က ရေစင်ကုန်းပေါ်သို့ တွန်းတင်ပြီးမှ ရေပြန်ပေးဝေခြင်းဖြစ်သည်.။ ဗထူးစမ်းရေနည်းသောအခါ ရေမတွန်းပေးနိုင်.။ ထိုအခါ မိမိတို့ သင်တန်းသားများ ချိုးရေအခက်ကြုံရတော့သည်.။ စစ်သားဆိုသည်ကလည်း တစ်ရက်လျှင် ရေ ၂ ခါ ချိုးမှ အဆင်ပြေသည့် အမျိုးဆိုတော့ ပြဿနာတစ်ခု ဖြစ်နေခြင်းဖြစ်သည်.။

            “ငါတို့… ဝမ်းနိုင်းဒဘယ်ဇီးရိုးကနေ တူးဝမ်းဒဘယ်ဇီးရိုးထိ ဗထူးစမ်းကနေ ရေကို တွန်းပို့လိုက်ပြီး.. ဟိုးအပေါ်က ကန်ကြီးမှာ စတိုးလုပ်ပြီးမှ မင်းတို့ဆီ ပြန်ပို့တာ” ဟု အစချီ၍ သင်တန်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင် မကြာခဏပြောလေ့ရှိသည်.။ သင်တန်းမှူးအဘက ဘုရားတရားသမား.။ လမ်းလျှောက်လျှင်ပင် ပါးစပ်က ပရိတ်၊ ပဌာန်းကို တွတ်တွတ် ရွတ်နေလေ့ရှိသည်.။ ထိုစဉ်အခါက ကျောင်းအုပ်ကြီးက ဗိုလ်မှူးချုပ်ရဲအောင် (ယခုဗိုလ်ချုပ်ရဲအောင်) ဖြစ်သည်.။ ကျောင်းအုပ်ကြီးက အရာရှိငယ်များကို သားသမီးသဖွယ် ချစ်ခင်ကြင်နာသည်.။ ကလေးများလိုပင် သဘောထားသည်.။ တစ်ခါကလည်း မီးတားလမ်းအတွက် မီးရှို့ရင်း ကျောင်းအုပ်ကြီး အိမ်ကို မီးလောင်မလို ဖြစ်၍ အတင်းငြှိမ်းသတ်ရသေးသည်.။ ကျွန်တော်တို့ အပတ်စဉ်မှာ ထိုသူငယ်ချင်းမှာ ကျောင်းအုပ်ကြီးအိမ် မီးရှို့သည့်မောင် ဟု နာမည်ကြီးသွားသေးသည်.။

            ပြဿနာလည်းမတက်၊ သင်တန်းမှူးနှင့် နည်းပြများကလည်း တကယ့်စစ်သား စီနီယာအရင့်အမာကြီးတွေ၊ အတွေ့အကြုံပြည့်ဝသူများဖြစ်ရာ တပ်စုမှူးသင်တန်းက အမှန်တကယ်ပင် ပျော်စရာကောင်းနေသည်.။ ပင်ပန်းသည် ဆိုသော်လည်း အတော်ပျော်ခဲ့ကြသည်ကို မှတ်မိသည်.။ ဗထူးမှ ညောင်ပင်သာလမ်းအတိုင်း အင်တော ကျောက်ဂူ ဒေသ အထိပေါက်သောလမ်းပေါ်တွင်ရှိသော ၄ မိုင်တိုင် မဆုတ်တမ်းခံစစ်ကုန်းကြီးပေါ်တွင် ခံစစ်သင်ခန်းစာများ လေ့ကျင့်ကြသည်.။ ဗထူးသည် တပ်မြို့ဖြစ်သော်လည်း မလှမ်းမကမ်းရွာများတွင် ရံဖန်ရံခါရန်သူနှင့် ထိတွေ့မှု ဖြစ်နေဆဲဖြစ်သည်။ Outdoor သင်ခန်းစာများသည်ပင်ပန်းသော်လည်း ပျော်ရွှင်စရာကောင်းသည်.။ သင်တန်းတွင် မိမိနှင့် အတွဲများသည်က. သူရဲကောင်းမှတ်တမ်းဝင်ရထားသော သူငယ်ချင်း အောင်ပြည့်ဖြိုးငြိမ်းတို့ မွန်ပြည်နယ်သား တစ်စုနှင့် ဖြစ်သည်.။ မိမိတို့ အတူတူ ထိုင်လေ့ရှိသော ဆိုင်ကလည်း အတူတူ၊ အောက်ဒိုးထွက်လျှင်လည်း မြေခင်းစများဆက်၍ အတူတူအိပ်စက်ကြရသည်…။

            ပထမဆုံးအကြိမ်ထွက်ရသော မြေပုံဖတ်သင်ခန်းစာတွင် မိမိကပညာပြဖို့ ကြံသည်.။ ဗိုလ်လောင်းဘဝက အနော်ရထာတပ်ရင်းတွင် မိမိဦးဆောင်သော နရထ(၁၁)မှ တပ်စိတ်နှင့် အမှတ်(၇) တပ်ခွဲမှ တပ်စိတ်က မြေပုံအမှတ် အသားများကို အမြန်ဆုံးနှင့် အမှားအယွင်းမရှိအောင်ရှာဖွေနိုင်ခဲ့သည်ကို သတိရမိသည်.။ မြေပုံ/ မြေပြင်ကွဲလွဲချက်များ ကိုအရင် စဉ်းစားသည်.။ ပြီးမှ ခန့်မှန်းတွက်ချက်ပြီးရှာဖွေသည်.။ ဒီတစ်ခါ တပ်စုမှူးသင်တန်းမှာတော့ အချက်တစ်ချက် မှားလေသည်.။ စစ်သင်္ချိုင်းမြေပုံကို အမည်မဖတ်ခဲ့ပဲ ရမ်းထည့်ရမှာ လွဲမှားပြီး ယင်ကောင် ဆယ်ကောင် ခန့် ရိုက်ရလေ သည်.။ ယင်ကောင်ရိုက်သည်ဆိုသည်မှာ အပြစ်ပေးနည်းတစ်မျိုးဖြစ်ပြီး လက်ထောက်မှောက်(ဒိုက်ထိုး) အနေအထားမှ လက်ကို အားဖြင့် လေပေါ်ကန်၍ ခုန်ပြီး လက်ခုပ် တီးရခြင်းဖြစ်သည်.။ (မြန်မာကြိုက်မင်းသား ဗန်ဒိန်းပါဝင်သော Kick boxer 5 ဇာတ်ကားထဲမှ မင်းသားဗန်ဒိန်းလေ့ကျင့်သည့်နည်းကို မှတ်မိကြမည်ထင်ပါသည်.။)

            ဂစ်တာသမား ၂ ယောက် တစ်ခန်း အတူတူ နေရခြင်းဖြစ်ရာ . ဂစ်တာတီးလိုသောဆန္ဒက ဖျောက်၍ မရ.။ သို့နှင့် ဗထူး တပ်နယ်ဈေးသို့သွားကာ ကုလားကြီးဟု အမည်ပြောင်ခေါ်သော ကျွန်တော့်အခင်ဆုံး သူငယ်ချင်း တစ်ဦးဖြစ်သည့် ဖြိုးသီဟ၊ ကိုလေးတို့နှင့် အတူ ဂစ်တာ ၂ လက် ဝယ်ဖြစ်ခဲ့သည်.။ ကိုလေးက လိဒ် အတီးကောင်း သည် ဖြစ်ရာ. ဖြိုးသီဟနှင့်ကျွန်တော်က ရစ်သမ်တစ်လှည့်စီတီး ကိုလေးက လိဒ်တီးဖြင့် တန်းခွဲ ၁ မှ ဂစ်တာဝိုင်းလေးက အတော်ပင် မြိုင်ဆိုင်လှသည်.။ တီးသည့်သီချင်းက အစုံ၊ လေးဖြူ၊ မင်းမင်းလတ်၊ စိုင်းထီးဆိုင်မှအစ ချစ်အာရုံ၊ ပုပ္ပားနတ်တောင်တော် အထိ မြန်မာသံ၊ စတီရီယိုသီချင်း အစုံပါပေ.။ ကိုလေးလက်သံ မည်မျှ ကောင်းပါသနည်း ဆိုလျှင် အိပ်ဆောင်၌ မဆူရန်လာပြောသည့် ဗိုလ်ကြီး မင်းဇော်ထွန်းပင် ဆိုင်ကယ်ရပ်၍ နားထောင်ရသည် အထိဖြစ်သည်.။ ကျွန်တော်တို့ ဂစ်တာဝိုင်းလေး စတင်ပြီ ဆိုပါလျှင် အခြားတန်းခွဲများမှ ကော်ရစ်ဒါထွက်၍ နားထောင်ကြသူကပင် အများ အပြားရှိသည်.။ ကုလားကြီးကတော့ အရက်သမား.။ အရက်သမားဆိုသည့်စကားက နည်းနည်းနားဝင်ဆိုးမည်မှာ အမှန်ပင် သို့ရာတွင် သူက မူးရူးသောင်းကျန်းတတ်သည့် အရက်သမားမျိုးမဟုတ်.။ တိတ်တိတ်သောက်၊ ငြိမ်ငြိမ်နေ၍  ဇိမ်ယူ အာရုံခံသော သောက်သုံးသူ စစ်စစ်ဖြစ်၏..။ တန်းခွဲ(၃)နောက်ကျောမှ ဝက်သားတုတ်ထိုးဆိုင်မှ အန်တီကြီး ဆိုလျှင် အမြည်းဝယ်ရင်း အင်မတန် ရင်းနှီးနေလေပြီ..။

            စုမှူးသင်တန်းမှာ ကျွန်တော် စာလည်း ပြန်ရေးဖြစ်သေးသည်.။ နှင်းခချယ်ရီလွမ်းပန်းချီ(၃) ဖြစ်သည်.။ ရေးနေရင်း အချို့က ဝေဖန်ကြသည်.။ နှင်းခ(၂) ကို ဖတ်ဖူးသူအချို့က “မင်းဟာက (၃) လည်းမဟုတ်ဘူး.။ (၂) Modified ကြီး” ဟု ဆိုသူက ဆိုကြသည်.။ ခင်မင်နေသည့် တနတ မှ အစ်ကိုများကတော့ သဘောကျကြသည်.။ ထိုစာအုပ်ကို နိဂုံးချုပ်လုဆဲဆဲတွင်ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း အောင်အောင်မှ ယူဖတ်ပြီး. “မင်းစာအုပ်က အကွဲဇာတ်မျိုး၊ ကွဲပစ်လိုက်.” ဟု ဆိုလာသည်.။ ကျွန်တော်က ဇာတ်ပေါင်းဖို့ ကြံထားကြောင်းဆိုမိရာ.. “ကွဲပေးရင်ကွဲပေး. မကွဲပေးရင် မင်းစာအုပ်ကို ဖြဲဆုတ်ပစ်မယ်..” ဟု ဆိုလာသည်.။ သူငယ်ချင်း၏ ဆန္ဒအပြင် အပြောင်းအလဲ ဖြစ်လိုသောဆန္ဒ အရ နှင်းခ(၃) မှ ဇာတ်ကောင် မိုးသက်နှင့် မီမီတို့ နှစ်ဦးကို သေကွဲကွဲပစ်လိုက်ရလေသည်…။ သို့သော် စာမျက်နှာ အခက်အခဲအရ နှင်းခ(၃) ဇာတ်သိမ်းပိုင်းက အလျင်စလို နိုင်နေသည်ကို သတိထားမိသည်.။ (နှင်းခ ၃ ကို တပ်ပြန်ရောက်သည့်အချိန်တွင် မိခင်ထံပါဆယ် ဖြင့် ပို့ရာ အကြောင်းကြား လာမယူ စာတမ်းအနီဖြင့် ပြန်ရောက်လာသည်.။ မိုးရေများစို၍ မင်များပျံ့ကာ အတော်ပြန်ဖတ်ယူ ရသည်.။)

            ဗထူးမှာ မှတ်မှတ်ရရ ဖြစ်ခဲ့သည့် အဖြစ်အပျက်များစွာရှိခဲ့သည့်အထဲတွင် ကျွန်တော် သရဲအခြောက်ခံရသည့် အကြောင်းလည်းအပါအဝင်ဖြစ်ခဲ့သည်.။ မိမိဦးနှောက်ဖြင့် လိုက်မမီသောနာမ်လောကနှင့်ပတ်သတ်၍ ဗထူးတွင် ရှိစဉ်အခါ နှစ်ကြိမ်တိတိကြုံခဲ့ရသည်.။ မိမိတို့ သင်တန်းရုံးမှာ ကွန်ပျူတာကျွမ်းကျင်သူများ ရုံးအလုပ်တွေကူလုပ်ပေးနေသည်မှာတော့ ကြာပြီ..။ တကယ့်တကယ် ဇာတ်လမ်းစသည်မှာတော့ သင်တန်းကျောင်းမှ တပ်ကြပ်ကြီး/စာရေးတစ်ဦး ကွယ်လွန်သွားသည်မှစခြင်းဖြစ်သည်.။

ဆက်လက်ဖော်ပြပါမည်။

မိုးသက်ဦးလွင်



Wednesday, October 15, 2014

ကျွန်တော့်ဘဝ ကျွန်တော့်အကြောင်း (၄)



ရှမ်းပြည်နယ်မှာ လေးလတာ
          နေပြည်တော်မြို့မဈေးမှထွက်ခွာလာသော ပအို့ဝ်ထိပ်တန်း မှန်လုံအမြန်ယာဉ်သည် ရာဇဌာနီ လမ်းမကြီးမှ တဆင့် ဘောဂသီရိကားကြီးဝင်းသို့ တစ်လိမ့်လိမ့်ပြေးနေသည်..။ အချိန်က ညနေ ၅ နာရီ ခွဲခန့်ရှိချေပြီ။ ကားပေါ်မှာ ပါလာသည်က ကျွန်တော်၊ ကျွန်တော်တို့ တပ်မှ ရဲအောင်နှင့် အခြား တပ်စုမှူးသင်တန်းတက်မည့်သူများ၊ တပ်ခွဲမှူးသင်တန်း၊ ရင်းမှူးသင်တန်းသို့ သွားမည့် အရာရှိများပါလာသည်..။ နေပြည်တော်တောင်ကြီး ခရီးစဉ်သွား သောယာဉ်ပေါ်တွင်ဖြစ်၍ အရပ်သားတစ်ဝက်၊ တပ်မတော်သား တစ်ဝက်လောက်ပါလာသည်…။ ကားစထွက်ကတည်း ကတည်းက အချင်းချင်း မိတ်ဆက်ကြရင်း စတသ (၃၇)၊ မှ စတသ(၅၂) အထိ အင်တိတ် အစုံဖြစ်နေ၍ အချင်းချင်း မိတ်ဆက်ကြရင်း၊ ကျောင်းတော်မှ အလွမ်းပြေဟာသများ ပြောကြရင်းပင် ဘောဂသီရိကားဝင်းသို့ ရောက်လာခဲ့ ကြသည်.။
            တပ်မှထွက်မလာခင် ကျွန်တော့်ကို သေသေချာချာမှာလိုက်သော တပ်ရင်းမှူးစကားကြောင့် ပါလာသော MA-၁၃ သေနတ်နှင့် ကျည်ဆံများကို ကျောပိုးအိတ်တွင်းမှာ ကိုယ်နှင့်မကွာဆောင်ထား၍ ကျန်သည့်ပစ္စည်းများမှာ သံသေတ္တာတစ်လုံး၊ ခရီးဆောင်မြွေရေခွံအိတ် တစ်လုံးဖြစ်သည်..။ MA-၁၃ သေနတ်က  ခပ်တိုတို ကျည်အိမ်အရှည်ဖြင့် နိုင်ငံခြားဇာတ်ကားများထဲမှ အူဇီနှင့် အနည်းငယ်ဆင်သည်.။ ဒင်ကိုဖြုတ်ထား၍လည်းရ၍ ကျောပိုးအိတ်ထဲမှာ ထည့်ထားရတာ အဆင်ပြေ၍ တော်သေးသည်.။ သို့ရာတွင်ပင် ပြောင်းက ထောင်နေ၍ ကျောပိုးအိတ်ကို လွယ်ရတာ ကိုးလိုးကန့်လန့် ဖြစ်နေသေးသည်။ သို့သော် ကိစ္စမရှိ အရေးကြီးတာက မိမိကိုယ်မှ မကွာဆောင်ထားဖို့…။
            ခဏကြာတော့ ကားကို လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ပြီး ဘောဂသီရိ ကားဝင်းမှ ဆက်ထွက်သည်။ စောစောက လမ်းမီးရောင်တွေ ထိန်ထိန်သာနေသော ကွန်ကရစ်လမ်းမကြီး။ ကားပေါ်မှာ ပါလာသော တပ်မတော်သား များနှင့် အချင်းချင်းသာနားလည်သော စကားများဆို၍ စကားစက အမျှင်မပြတ်၊ ခါးသီးမှုများကိုရင်ဖွင့်၍ ရယ်မောစရာ အဖြစ်ပြောင်းလဲကြခြင်းသည်ပင် ချစ်ကြည်သော တပ်မတော်သားအချင်းချင်း၏ ရဲဘော်စိတ်တစ်ခုပင်လား မပြောတတ်။ ခဏကြာတော့ မှောင်ရိပ်သန်းလာသော ပတ်ဝန်းကျင်အရိပ်အယောင်ကြောင့် မျက်လုံးများမှေးစင်း၍ အိပ်မောကျသွားတော့သည်။
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
            ကျွန်တော် ရုတ်တရတ်နိုးလာတော့ သာစည်ရောက်နေပြီ.။ ဟိုးဖက်ဆက်သွားလျှင် ရွာငံသည် ရှမ်းပြည်နယ် တောင်ပိုင်းပင်ဖြစ်သည်။ သည်နေရာသည် မန္တလေးတိုင်း၏ နောက်ဆုံးပင်ဖြစ်သည်။ သာစည်မှာ ကားရပ်နား၍ ညစာ စားကြသည်။ ထုံးစံအတိုင်း ရှမ်းသွေးတစ်ဝက်ပါသူ ကျွန်တော်စားခဲ့သည်က ရှမ်းခေါက်ဆွဲပင်ဖြစ်သည်။ ကားပေါ်က ပြန်ထွက်တော့ စပျစ်သီးဝယ်ရန်ကြံသည်။ ငယ်စဉ်ကတည်းက မိခင်ဈေးသွားလျှင် ခြင်းတောင်းလိုက်ဆွဲရုံမှ လွဲ၍ မည်သည့်ပစ္စည်းက မည်သည့်အလေးချိန်တွင် မည်မျှခန့်ပါဝင်သည်ကို စိတ်မဝင်စားခဲ့သော ကျွန်တော် အခက်ကြုံရပြီ။ များနေမည်စိုးသည်ကြောင့် အစိတ်သားကို ငွေ(၄၀၀) ကျပ်ဖြင့်ဝယ်ယူလာခဲ့သည်။ ထည့်ပေးလိုက်တော့ နည်းနည်းနောနော အထုပ်ကြီးမဟုတ်။ ဝယ်ပြီးမှတော့ မတတ်နိုင်။ မိမိနှင့် အတူထိုင်သည့် သူငယ်ချင်းက စပျစ်သီး သိပ်မကြိုက်ဟုဆို၍ မိမိဖာသာ တစ်ကိုယ်တည်း စားရတော့သည်.။
            ကားပြန်ထွက်တော့ စပျစ်သီးထုပ်ကို ကိုင်ကာ ကားပေါ်တက်၍ တစ်လမ်းလုံး စပျစ်သီးမြုံ့ရင်း လိုက်ပါလာခဲ့ သည်။ တကယ်စားတော့လည်း ခပ်ချဉ်ချဉ် စပျစ်သီးကို ကျွန်တော် ထင်သလောက်မစားနိုင်။   ကားပေါ်မှ မဆင်းခင်က တည်းက အမေတို့ အမျိုးတွေအသံဝဲဝဲလေးတွေကြားရသည်။ ပါးမို့မို့ရဲရဲလေးများ၊ ဘာစကားပြောပြော၊ “ဟုတ်ကဲ့ရှင့်” “ရပါတယ်ရှင့်” ဟုထည့်ပြောတတ်သော ရှမ်းမလေးများကို မြင်လာရပြီဖြစ်သည်။ သြော် ရှမ်းပြည်နယ် ဆိုတာ ဒါပါလား၊ ရှမ်းမလေးတွေ ဆိုတာ ဒါမျိုးပါလား ဟု တွေးတောသဘောကျရသည်။ မိမိသည်လည်း ပြင်ဦးလွင်သား စစ်စစ်ဖြစ်လေရာ ရှမ်းမလေးများကို အစိမ်းသက်သက်မဟုတ်..။ ရှမ်းကြိုက်သည်က နွားချောဖြစ်ချင် ဖြစ်ပါစေ.။ ရှမ်းပြည်နယ်က ရှမ်းမလေးများက မိမိမျက်စိထဲ ပိုသိမ်မွေ့နေသည်။ ပိုယဉ်လွန်းနေသည်။ ပိုစွဲမက်ဖွယ် ကောင်းနေသည်။
သိပ်မမောင်းရတော့ဘူး ဆိုသည့်စကားကြောင့်မိမိ နောက်ထပ် ခရီးကို ထပ်မအိပ်ဖြစ်တော့..။ အလင်းရောင်ကလည်း ပျိုးလာပြီကိုး.။ ကလောမြို့မှ ကြိုဆိုပါ၏ ဆိုသည့် ဆိုင်းဘုတ်မှာ ခေါင်းထောင်မိသည်။ ဤနေရာ ဤ ဒေသမှာ စစ်ဦးစီးတက္ကသိုလ်ရှိသည်ဟု OTT မဝင်ခင်က ဖတ်မှတ်ဖူးခဲ့သည်.။ ဟိုဟိုသည်သည် လိုက်ရှာသော်လည်း အမှောင်ထုကြောင့် ရှာမတွေ့ခဲ့ပါ.။ ကလောမြို့က မိမိတို့ ပြင်ဦးလွင်နှင့်အပြိုင် အင်မတန်နေချင့်စဖွယ် အေးချမ်းသော တောင်စခန်းမြို့ဟု သိထားခဲ့သည်.။ ကားလမ်းညာဖက်က ချိုင့်ဝှမ်းတစ်ခုလုံး အိမ်လေးများက အပြည့်။ မသဲမကွဲမြင်ရသော အလင်းရောင်မှာပင် အိပ်ရာနိုးစ ကလောမြို့လေးက လှလွန်းနေသည်ပဲ။
မအိပ်တော့ဘူး ဟု ကြံရွယ်ထားသော်လည်း မည်သို့မည်ပုံပြန်အိပ်ပျော်သွားသည်မသိ.။ သူငယ်ချင်းများက နှိုးမှ နိုးတော့သည်.။ မိမိ ရောက်တော့ ရပ်စောက်ဖက် ခွဲသည့် ရွှေညောင်လမ်းခွဲရောက်နေပြီ..။ မိမိတို့ ကားတစ်ဆင့် ပြန်ပြောင်းရ ပြန်သည်.။ မှန်လုံကားပေါ်မှ ပစ္စည်းများကို ချ၊ မိမိတို့ အုပ်စုလိုက် စီးလုံးငှားထားသည့် ဟိုင်းလပ်ကားပေါ်တင်ကြသည်။ အချင်းချင်း ပစ္စည်းမေ့ကျန်မည်စိုးသဖြင့် သတိပေးကြရသေးသည်။ ရပ်စောက်သွားသည့်လမ်းကတော့ တောင်တက်တောင်ဆင်းလမ်းနည်းပါးသည်.။ တကယ်တော့ ရပ်စောက်သည် တောင်ပေါ်က မြေပြန့်မြို့ကလေးဆန်ဆန်ဖြစ်နေသည်။ လမ်းမှာ ခေတ္တနားသည်.။ ဝက်သားနှင့် ရှမ်းခေါက်ဆွဲ စားရန်ကြံမိသော်လည်း တို့ဟူးနွေးနှင့် တို့ဟူးကြော်ကိုသာ နှစ်ခြိုက်စွာစားခဲ့မိပါသည်.။
ရပ်စောက်ကိုရောက်တော့ မိုးစင်စင်လင်းနေပြီ.။ မိခင်ကပါ လိုက်ပို့သော သူငယ်ချင်းတစ်ယောက်၏ မိခင်နှင့် တွေ့သည်။ မိမိတို့ သင်တန်းသို့ သွားရောက်သတင်းပို့ပြီး လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်နိုင်ရန် Outpass ပြန်လွှတ်ပေးကြောင်းသတင်းပေးသည်။ ထို့ကြောင့် အချိန်မဆိုင်းပဲ တပ်မတော် တိုက်ခိုက်ရေးကျောင်း(ဗထူး) ဆိုသည့် ဆိုင်းဘုတ်ကြီးအတွင်း သို့ ကားငှား၍ ထပ်မံချီတက်ခဲ့ကြတော့သည်။
စစ်ချီဝတ်စုံဖြင့် ရဲစိတ်ရဲမာန်တက်ကြွနေသော စစ်သည်တစ်ဦးပုံစံ ရုပ်တုဖြင့် တန်းပေါင်းစီကွင်းကြီး၏ အပေါ်ဖက် တွင်သတင်းပို့ကြရသည် မိမိက တန်းခွဲ(၁) ရှေ့ခြမ်း လှေကားဘေးက ကပ်လျက်အခန်းဖြစ်သည်။ အခန်းရလျှင် ရခြင်း အထုပ်အပိုးများထားကာ အိပ်ရာခင်းကျင်း၍ မေးစမ်းကြည့်တော့ သတင်းပို့ပြီးသူ အရာရှိများ တပ်ပြင်ပြန်လည်ထွက်ခွင့် မရှိကြောင်းသိရသည်။ ထိုအခါမှ ရပ်စောက်မြို့ထဲတွင် တွေ့ခဲ့သော သူငယ်ချင်း၏ မိခင်မှ မိမိတို့ သတင်းမပို့ပဲ အပျော်လွန်၍ အုပ်ချုပ်မှု ဖြစ်စဉ်များဖြစ်ပွားမည်စိုးသောကြောင့် အမြန်သတင်းပို့စေခဲ့ခြင်းဖြစ် ကြောင်း သိရတော့သည်။
ခဏကြာတော့ မိမိအခန်းဖော်ရောက်လာသည်။ မိမိနေရမည့်အခန်းမှာ ၂ ယောက်ခန်းဖြစ်၍ မိမိနှင့် အတူ နေရသူမှာ တနတအမှတ်စဉ်(၁၂) မှ ကိုပြည့်ဖြိုးပိုင်(နောင်အခါတွင် သူ၏ကျောင်းသားနံပတ်(၄) ကို အစွဲပြု၍ ကိုလေး ဟုသာခေါ်ကြသည်) ဖြစ်နေသည်။ ကိုလေးနှင့် ကျွန်တော်မှာ တောင်ညိုတွင် YO တက်ခဲ့စဉ်က ဂစ်တာတီးဖော်တီးဖက်၊ ဖြစ်ဖူးပြီး တောင်ညိုမှာကတည်းက တပ်စုမှူးသင်တန်းတွင် တစ်ဆောင်တည်းကျလျှင် ကောင်းလိမ့်မည်ဟု ဆိုခဲ့ဖူးကြသည်။ ယခုအခါတွင် ကံအားလျော်စွာပင် တစ်ခန်းတည်း လာကျနေသည်။ အကြောင်းသိချင်း၊ ဝါသနာတူချင်း ဖြစ်လေရာ အဆင်ပြေသွားသည်။ (ကိုလေးသည် ကျွန်တော့်ကို Lead guitar တီးခတ်နည်း သင်ပေးခဲ့သည့် သင်ဆရာ၊ မြင်ဆရာတစ်ဦးဖြစ်သည်။)
ထို့နောက် မိမိတို့ ပါလာသော လက်နက်ခဲယမ်းများကို ဗိုလ်သင်တန်းကျောင်း ဗဟိုကင်းတွင် သွားရောက် အပ်နှံကြရသည်။ အပြန်တွင် စစ်ဝတ်ပစ္စည်းဈေးတန်းကြီးကို တွေ့ရသည်။ မိမိမှာ စစ်ဝတ်ပစ္စည်းအစုံအလင် ပါလာသောကြောင့် အခက်အခဲမရှိ၊ ဘာတစ်ခုမှ မပါလာသူပင် ထိုဈေးတန်းမှာ စောင်၊ ခေါင်းအုံးမှ အစ အီကွစ်မင့်၊ ရေဘူး၊ ရေပုံအထိ အစုံအလင် ရသည်။ အသစ်မဟုတ်၊ တစ်ပတ်ရစ်များဖြစ်သည်။ ဝယ်ယူပြီးသုံးစွဲနိုင်သည်။ သင်တန်းပြီးဆုံးလျှင် ထိုဈေးသည်များ ထံပင် သင့်တင့်သောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခဲ့နိုင်သည်။ ရောင်းသူ၊ ဝယ်သူ နှစ်ဖက်စလုံး သဘောကျသည့် Win-Win စနစ်ပင်ဖြစ်သည်။ မိမိလည်း ပေါက်တူးတစ်လက်နှင့် ရေပုံးတစ်ပုံး ဝယ်ယူလာခဲ့တော့သည်။ သို့ရာတွင် ညနေတန်းစီချိန်မှစ၍ သင်တန်းကျောင်း၏ အစဉ်အလာများကို စတင်ထိတွေ့ မိတ်ဆက် ရပါတော့သည်။

ဆက်လက်ဖော်ပြပါမည်။

မိုးသက်ဦးလွင်



 

My Blog List