Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, December 15, 2013

တမ်းတမှုသက်သက်....

ကိုဟေးနီရေ နင့်အဖေတော့ ခံစားခွင့်စပြီတဲ့... ငမိုးရဲ့ ချစ်လှစွာသော ဖခင် တစ်ယောက် ပင်စင်စား ဆိုတဲ့ဘဝကို စတင် ချဉ်းနင်းဝင်ရောက်လာပြီ.. စစ်သက် (၃၈) နှစ် ဆိုသော အင်ဂျင်နီယာကျောင်းသားဟောင်း အခြားအဆင့် စစ်သားအိုကြီးက ကျွန်တော့်ရဲ့ Idol ဖြစ်နေဆဲ.. ဆရာဖေမြင့် ဘာသာပြန်သော နှလုံးသားအာဟာရ ထဲက အသက်အရွယ်အလိုက် အဖေ့ အပေါ် မြင်သော အမြင်တွေကို ပြန်ဖတ်တိုင်း ကျွန်တော်ကဘယ်အချိန် အဖေ့အကြောင်းတွေးတွေး သိပ်မကွာသည့် အမြင်တွေ မြင်တတ်တာကို သတိရနေမိသည်.. သို့ပေတည့် တစ်ခါတစ်ရံပင် အဖေ့အပေါ် အားမလို အားမရ စိတ်ဖြင့်  ပြောမိသည့် စကားများကို ပြန်လည် နောင်တ ရမိသည်ကိုတော့ငြင်းလို့ မရ..
            “ အဖေက ယူနီဖောင်းမဝတ်ရတော့လို့ စိတ်ညစ်နေတယ်တဲ့ အစ်ကိုကြီးရ.”
            ညီမလေးနှင့် ယနေ့ဖုန်းပြောတော့ ညီမငယ်ပြောလာသောစကား..။ ရိုးမှ ရိုးပေ့ ဆိုသော လူရိုးကြီး အဖေ က တပ်မတော်ကို သူ့ မိသားစုထက်ပင် ပိုချစ်လေသလားမသိ..။ အိမ်မှာထက် ရုံးမှာ ပိုပျော်တတ်သည်..။ ကျွန်တော် အဖေ့ရုံး လိုက်သွားတိုင်း သူ့ရုံးခန်းထဲက ကုလားထိုင်နှင့် အောက်ထပ် ဓါတ်ခွဲခန်းပစ္စည်းတွေကြားထဲ မှာ သူရှိနေတတ်သည်..။ အရင့်အရင်က အရာရှိကြီးငယ်တွေက အဖေ့ကို အရာရှိတွေနှင့် တန်းတူထားပြီး ဆက်ဆံ ကြသည်..။ အဖေကတော့ အခြားအဆင့် ပီပီ အရိုအသေ မပျက်..။
            “ မင်းအဖေက ငါတို့ ဗိုလ်လောင်းကတည်းက ဓါတ်ခွဲခန်း ကိုင်လာတာကွ” ဆိုသော စကားသံကို ခဏခဏ ကြားရတတ်သည်.။ အဖေကိုယ်တိုင်က ရိုးလွန်း၍ လားမသိ၊ မိမိက အားမရ..။ အိမ်၏ စီးပွားရေး နှင့် ပတ်သတ်၍ သာမာန်မိသားစု ဘဝထက် တိုးမလာတိုင်း ဖခင်ကိုသာ အပြစ်တင်မိသည်က မိမိ၏ အကျင့် တစ်ခု ဖြစ်ခဲ့ဖူးသည်..။ အဖေကတော့ သူ့ထုံးစံအတိုင်း အေးအေးဆေးဆေး။
            တစ်ခေါက်ကတော့ ကျွန်တော် အတော်ပင် ဆိုးဆိုးဝါးဝါး ပြောခဲ့ဖူးသည်..။ အဲဒီနေ့ကို ဘယ်တော့မှ မမေ့.။ အဲဒီနေ့က သူငယ်ချင်း တစ်ယောက် ထိုင်သော ကားဂိတ်ကို သွားလည်ရင်း နံရံမှာ တွေ့ခဲ့သော စာကို အမှတ်ရမိနေသည်..။ အဲဒီအချိန်က ကျွန်တော်က ကျောင်းဆင်းပြီးခါစ..။ ခွင့်ရ၍အိမ်မှာ နေနေချိန်..။ ပျင်းပျင်းဖြင့် သူငယ်ချင်းများဆီ လည်ပတ်နေချိန်ဖြစ်သည်.။ သူငယ်ချင်း အလုပ်လုပ်သည့် ကားဂိတ်ကို ရောက်တော့ ကားဂိတ်က နံရံမှာ ရေးထားသည်.။
“ လောကမှာ ခိုင်းတာကို မလုပ်တတ်တဲ့သူနဲ့၊ ခိုင်းတာတောင် မလုပ်တတ်တဲ့သူတွေက ဘယ်တော့မှ မတိုးတက်” ဆိုသော ဆောင်ပုဒ်.။
            မျက်စိထဲ အဖေ့ကို အရင်ဆုံး ပြေးမြင်လိုက်သည်..။ ရင်ထဲမှာက အရင်ကတည်းက တစ်ဖက်စောင်းနင်း အတွေးတွေက ရှိနှင့်နေသည်ကိုး..။ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း အဖေ့ကို နှုတ်ဆက်၊ ညဖက်တော့ အမှတ် မထင်ပဲ စကားအပြန်အလှန်ပြောဖြစ်သွားသည်.။ ပြောရာတွင် အထက်က စကားစုကို ကျွန်တော် ထည့် ပြောမိသွားသည်ကို သတိရသည်..။
            ထိုညက အဖေ ကျွန်တော့်ကို သိပ်စကားမပြော.. ။ ညဖက် ကျွန်တော် အိပ်သည့်အချိန် မှ ကျွန်တော့်ကို လာပြောသည်..။
            “ အေး.. မင်းအရာရှိဖြစ်သွားပြီဆိုတော့ မင်းငါ့ကို အထင်သေးကောင်းသေးမယ်.။ ဒါပေမယ့် ငါဂရုမစိုက်ပါဘူး.။ မိဘက မင်း ဒီလိုအခြေအနေရောက်အောင် ဘယ်လို အခက်အခဲတွေကြားက ကြိုးစားခဲ့ ရတယ် ဆိုတာ မင်းသိဖို့ကောင်းတယ်..။ တစ်ခုတော့ရှိတယ်.. မင်းပြောတဲ့ အလုပ်တွေ၊ မင်းပြောတဲ့ တာဝန်ပြင်ပ စီးပွားရေးလုပ်ငန်းတွေကို ငါ့အနေနဲ့လုပ်ဖို့လည်း အချိန်မရှိဘူး.။ အလုပ်ချိန်ထဲက ဖဲ့လုပ်ရမှာလည်း ငါရှက်တယ်.။ လုပ်ရဲ တဲ့ သတ္တိလည်း မရှိဘူးကွ..”
            အဖေ့အသံ အနည်းငယ် တုန်နေသည်ကိုမှတ်မိသည်.။ ကျွန်တော်က ထိုအချိန်အိပ်မပျော်သေး၊ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်သော်လည်း ကောင်းကောင်း မှတ်မိနေနိုင်သည့်အခါမျိုး။ အဖေကလည်း သူ့ရင်ထဲက စကားလုံးများကို ပြောလည်းပြောချင် ကျွန်တော်ကြား၍ စိတ်မကောင်းမှာလည်း စိုး၍ လားမသိ။ ကျွန်တော် အိပ်သည့် အခါကျမှ သူ့ဖာသာတစ်ယောက်တည်း ရေရွတ်သလို လာပြောခြင်းဖြစ်သည်..။
            အဲဒီနေ့က ကျွန်တော် အနည်းငယ် ဝမ်းနည်း ရုံကလွဲ၍ ဘာမှ သိပ်မခံစားရ..။ ကြာမှ ပိုသိလာသည်.။ မိဘ ကောင်းတစ်ယောက်သာမက ဝန်ထမ်းကောင်း၊ တပ်မတော်သားကောင်းတစ်ယောက် ဆိုတာနှင့် မိမိ ဖခင် အပေါ် ပိုလေးစားလာမိသည်..။ တပ်ကိုရောက်သည့်အချိန် အခြားအဆင့်နှင့် အရာရှိ အတော်ပင် ကွာခြားသည် ကို မြင်တွေ့ရသည်..။ မြန်မာနိုင်ငံမည်သည့်နေရာရောက်ရောက် ဖခင်၏ အရိပ်က မလွတ်သေးသည်ကို သတိ ပြုမိလာသည်…။ (ယခုအချိန်ထိ အဖေ့ အရိပ်က မလွတ်နိုင်သေး။ အဖေ့ အကူအညီ ယူနေရဆဲ၊ အဖေ့ အကြံဥာဏ်တွေ၊ အဖေ့ နည်းလမ်းတွေ သုံးနေရဆဲ..)
            ငယ်ငယ်က ကျောင်းက အိမ်စာပေးလိုက်လျှင် သင်္ချာဆို အမေက၊ အင်္ဂလိပ်စာဆို အဖေက ပြန်ရှင်းပြ လေ့ရှိသည်.။ အဖေက သင်္ချာ ကောင်းသော်လည်း အဖေ့တွက်နည်းတွေက ကျောင်းမှာ Marking scheme မဝင်သည့်  ဖြတ်လမ်းနည်းတွေ ဖြစ်နေတတ်သည်..။ ထို့ကြောင့် အမေက သင်္ချာသင်သည်..။ အမေတို့ အဖေတို့ ကြောင်း ကျောင်းမှာ ဘယ်တုန်းကမှ သူများအောက်မရောက်…။ ကျူရှင်ဆိုတာတွေ လျှမ်းလျှမ်းတောက် လာသည့် အချိန်မှာ ကျွန်တော် ရှစ်တန်းအထိ ဘာကျူရှင်မှ မလို၊ အင်္ဂလိပ် အဖေသင်၊ သင်္ချာ အမေသင်. မြန်မာစာက ကိုယ်တိုင်က ရူးသွပ်။ ပထဝီ၊ သမိုင်း၊ သိပ္ပံတွေက အိမ်မှာ ဖတ်စရာ စာအုပ် မကျန်တော့ ဖတ်ရင်း ဖတ်ရင်း အလွတ်ရမတတ်..။
            နောက်တော့ လူက ပျက်လာသည်..။ ထုံးစံအတိုင်း မိန်းကလေး ကိစ္စ။ ကျွန်တော် သဘောကျသည့် ကောင်မလေးက အခြားကျောင်းက ။ သို့နှင့် ကျောင်းပျက်တတ်လာသည်..။ မူးယစ်ဆေး မသုံး၊ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ဒီကိစ္စ တစ်ခုတည်းကပင် ကျွန်တော့်ကို ဖျက်လေသည်..။ စာသင်လည်း စိတ်မပါတော့.။ ကျောက်သင်ပုန်းကြည့်လည်း သူ့မျက်နှာ ၊ စာအုပ်ကြည့်လည်း သူ့မျက်နှာ..။
            နောက်တော့ ကဗျာတွေ စရေးလာသည်..။ ခံစားချက်ရှိသူတိုင်းရဲ့ ထွက်ပေါက်ပေကိုး..။ လူက စိတ်ကူး ယဉ်လိုင်းရောက်သွားသည်..။ နောက်တော့ ကျွန်တော်ကြိုက်သည့် ကောင်မလေးက မန်းကို ရောက်သွား ကျွန်တော်က စစ်တက္ကသိုလ်ရောက် သည်လိုနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်..။
            အဖေကတော့ ဒီထိုင်ခုံက ဒီထိုင်ခုံပါပဲ..။ ဗိုလ်လောင်းဘဝက ဦးထုပ်တံဆိပ်ပျောက်တော့ ပြန်မရှာချင် သည့် ငမိုးကအဖေ့ ဦးထုပ်တံဆိပ်ကို သွားတောင်းဖူးသည်..။  “ မင်းတောင်းတော့လည်း ငါက တံဆိပ် မပါပဲ ပြန်ရ မှာပေါ့ကွာ..” တဲ့..။ အဖေက ခပ်တည်တည်ဖြင့် ပြောသည့် စကား.။ ထိုစဉ်တုန်းကတော့ စိတ်မကောင်း ဖြစ်သော် လည်း မတတ်နိုင်။ 1st year ဘဝက ဒုက္ခသုက္ခပေါင်းစုံနှင့် မဟုတ်လား.။
            “ မင်း ပေါက်ပြားတွေ ဝါးများ စားနေသလား ငါ့သားရာ..” တို့
            “ ငါ့စစ်သက် (၃၀) ကျော် စုလာတဲ့ အိုဂျီတွေ.မင်းဗိုလ်လောင်း ၃ နှစ်ကျမှ ကုန်တာပဲ..” တို့  စသဖြင့် အဖေပြောတဲ့ စကားတွေ မှတ်မိနေသည်..။ မှတ်မှတ်ရရ ဗိုလ်လောင်းဘဝကတော့ အဖေ့ကို Getaway ယူနီဖောင်း တစ်စုံနှင့် ဂျာကင်တစ်ထည် ကန်တော့ဖူးသည်…။ Outpass ထွက်တိုင်း အဖေ့ ဖိနပ်ကို “ ရေဘိုး” တင်ပေးခဲ့ဖူးသည်.။ ဒီထက်ပိုပြီးတော့ ဘာမှ လုပ်မပေးဖြစ်…။

            ခုတော့ အဖေနားလေပြီ..။ အလုပ်ကို ချစ်လို့ ကို လုပ်တာ ဆိုသည့်  တကယ့် စစ်သားကြီး ခုတော့ တကယ် နားပြီပေါ့..။ ကျွန်တော့် Idol ကြီး၊ ကျွန်တော့် သူရဲကောင်းကြီး တပ်မတော်က နားသွားပြီ..။  အဖေအေးအေး ဆေးဆေး နေနိုင်ပါစေလို့ ဆုတောင်းမိသော်လည်း အဖေက ရုံးကို လွမ်းနာကျ နေသည်တဲ့.။ တပ်မတော်ထိပ်ပိုင်းက အဖေ့ သူငယ်ချင်းတစ်ယောက်က တပ်ပြောင်းဖို့ ခေါ်သည်ကိုပင် ဌာနက သံယောဇဉ်တွေ ကြောင့် ငြင်းပယ်ခဲ့သူ..။ ဒေါက်တာ ကိုကိုဦး စတေးတပ်စ်ထဲက ဒီလိုလူတွေ ရထားတဲ့ အဘ သိပ်ကံကောင်းတယ် အဘရယ် ဆိုသလိုပဲ.။ ဒီလို လူကြီး နားသွားတာ. အဘသိပ်နစ်နာတယ် ဟုပင် ဆိုလိုက် ချင်တော့သည်.။ 



Saturday, December 7, 2013

ကျွန်တော်တို့ လိုပါသေးသည်..

ဒီနေ့ည Concert ကို ဘယ်သူမှ အဖော်မပါပါပဲ တစ်ယောက်တည်း သွားဖြစ်သည်.။ Concert hall ထဲ ဝင်လိုက်တော့ မိမိ လို လာကြည့်ကြသူ ကျောင်းသူ/ ကျောင်းသားတွေကို တွေ့ရသည်..။ အမှန်က မိမိ ဒီစာကို ရေးချင်နေသည် မှာ ကြာပါပြီ..။ သူတို့ ကျောင်းသားတွေကိုတွေ့ရတိုင်း၊ အဲဒီလို နုပျိုလန်းဆန်းသည့် ၂၁ ရာစု၊ သားပျို သမီးပျို၊ တက္ကသိုလ် ကျောင်းသူ/ ကျောင်း သားများက သူတို့ ရုရှားရိုးရာ အကတွေကို ပျော်ရွှင်စွာ (မိမိအစီအစဉ်ဖြင့်) ဆင်နွှဲသည့်အခါတိုင်း ဒီစာကို ရေးမည်ဟု စိတ်ကူးမိသည်.။သို့ပေတည့် မိမိဖာသာအလုပ်ရှုပ်နေတာက တစ်ကြောင်း၊ အပျင်းထူနေတာက တစ်ကြောင်းတို့ ကြောင့် တကယ့်တကယ် ရေးမည်ဆို တိုင်း မေ့သွားတာ မျိုး၊ တစ်ခြားအလုပ်တွေကြား ညပ်ညပ် ပါသွားတာမျိုးဖြစ်သွားတတ်သည်.။
ထားပါတော့..။ ကျွန်တော် အခု ပြောချင်သည့် အကြောင်းက နိုင်ငံရေးလည်း နည်းနည်းပါကောင်းပါမည်.။ အမျိုးသားရေး၊ ယဉ်ကျေးမှု ဆိုတာတွေလည်း နည်းနည်းပါကောင်းပါမည်...။ ပညာရေးဆိုတာလည်း ပါကောင်းပါမည်...။ ထိုသို့ သော အရာများနှင့် မပတ်သတ်ပါရစေနှင့် ဆိုသူများ ဤနေရာမှ ပိတ်ပစ်၍ ရပါသည်.။
အနီးဆုံးအစက ဆွဲထုတ်ရေးရလျှင် ပညာရေးကပင်စပြောရမည်..။ ကျွန်တော်တက်နေသည့် ကျောင်းက မော်စကို ရူပ နည်းပညာ တက္ကသိုလ် ဖြစ်သည်.။ နိုဘယ်ဆုရှင်တွေရှိသော၊ အာကာသနည်းပညာတွင် နာမည်ကြီးသောကျောင်း ဖြစ်သည်.။ မိမိက ကျောင်းအကြောင်းကို ပြောလိုသည်မဟုတ်၊ ကျောင်းသားများ အကြောင်းကို ပြောလိုခြင်းဖြစ်သည်..။
သူတို့ ဆီက တက္ကသိုလ်ကျောင်းသားများ အင်မတန် ယဉ်ကျေးကြသည်...။ တစ်ယောက်နှင့်တစ်ယောက် စကားပြောလျှင် ထိပ်ပုတ် ခေါင်းပုတ် လုပ်တာ အင်မတန်ရှားသည်.။ ရပ်ပြီး ခပ်တည်တည်နှင့်စကားပြောတာများသည်.။ ဘရုတ်သုတ်ခ ကျောင်းသားများ မရှိမဟုတ်၊ ရှိသည်သာ.။ သို့ရာတွင် အင်မတန်ရှားပါးသော အရေအတွက် ဖြစ်သည်.။ ကျောင်းချိန်မီအောင် မနည်းအပြေးအလွှားကျောင်းတက်ကြရသည်.။ ကျောင်းပျက်သူလည်း ရှားပါးလှသည်.။ Roll call ခေါ်ပြီး ကျောင်းလစ်လို့မရ...။ လစ်လိုသူလည်း မရှိ..။ ကျောင်းသားက ကျောင်းသားအလုပ်ကို တာဝန်ကျေအောင် လုပ်ကြသူတွေများသည်.။
(ကျွန်တော်ရေးဖူးတဲ့ ကျောင်းသားတွေရဲ့ တစ်ဦးချင်း စိတ်ဓါတ်တွေအကြောင်း..)

တစ်ဖက်က ပြန်ကြည့်လျှင်မူ. သူတို့ဆီမှာ မိဘ၏ ပယောဂကြောင့် တက္ကသိုလ်ရောက်လာသူမရှိသလောက်ရှားသည်.။ တက္ကသိုလ်ရွေးချယ်ရာတွင်ပင် ဓာတုဗေဒကို အားသန်သူက ဓာတုဗေဒတက္ကသိုလ်၊ ဆရာဝန်ဖြစ်လိုသူက ဆေးတက္ကသိုလ်၊ ရူပဗေဒကို စိတ်ဝင်စားသူက ရူပတက္ကသိုလ် စသည်ဖြင့် မိမိတို့ အကြိုက်ဆုံး၊ အားအသန်ဆုံး၊ အရူးသွပ်ဆုံး ဘာသာရပ်တစ်ခုကို ရွေးချယ်တက်ရောက်ကြသည်..။  မိမိတို့ ရူပဗေဒ ကျောင်းတွင်တက်သော ကျောင်းသားများသည် “ ငါတို့က ရူပမှ ရူပ ” ဆိုသူတွေချည်း ဖြစ်သည်.။ ဒီဘာသာကို ရူးသွပ်မှတော့ ဒီစာသင်ရတာ မပျော်ရှိပါမည်လား.။ အားရင် စာဖတ်၊ တစ်ကုတ် ကုတ်နှင့် တွက်ချက်။ တစ်ခေါက်ကလည်း ဆရာနှင့် ဌာန ဓါတ်ခွဲခန်းသွားစဉ်က မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး မျက်မှန်အထူကြီးတွေနှင့် အဆောင်တောင် မပြန်လိုသော ပါရဂူ ကျောင်းသား တွေ အလုပ်လုပ်နေသည်ကိုတွေ့ဖူးသည်.။ ဒီလို ရူးသွပ်မှုတွေနဲ့ ဒီလို ကျောင်းသားတွေ နိုဘယ်ဆုရတာ ဘယ်ဆန်းမလဲဟု တွေးနေမိသည်..။ မြန်မာပြည်မှာလို သားက GTC တက်ချင်၊ အင်ဂျင်နီယာဖြစ်ချင် လျက်နဲ့ မိဘက ဂုဏ်မက်ပြီး ဆေးကျောင်းတက်ခိုင်းတာမျိုးကို ပြောချင်တာ ဖြစ်သည်.။ အင်ဂျင်နီယာ ကောင်းတစ်ယောက်အစား ခပ်ညံ့ညံ့ ဆရာဝန်တစ်ယောက် နိုင်ငံအတွက် ပိုလာတာပဲ အဖတ်တင်သည်.။ ထို ကိစ္စနှင့်ပတ်သတ်ပြီး မိမိ ဘလော့မှာ မိမိအနာဂတ်ကို မိမိလက်တွင်းမှာသာ ထားပါဆိုသည့် ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးသည်.။ မန်းအိမ်က အဘွားနှင့် ထိုကိစ္စကို စကားပြောဖြစ်သေးသည်.။ အဘွားက တစ်ခွန်းပြန်ပြောသည်..။ 
ဟဲ့ ငါ့မြေးရဲ့ ခုခေတ်ကလေးတွေကို ဝါသနာပါတာ တက်ခိုင်းပြန်တော့.... ဘာမှ ဝါသနာမပါဘူး ဆိုတဲ့သူက ခပ်များများရယ် 
တဲ့ ..။ ကျွန်တော် ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့ဖူးသည်.။ 

(ကျွန်တော်တို့ ကျောင်းက နိုဘယ်ဆုရှင်များ... )

နောက်တစ်ခု တွေ့မိတာက ကျောင်းသားအချင်းချင်းဆက်ဆံရေး ဖြစ်သည်..။ သူတို့ဆီမှာကလေးစိတ် မပျောက်သေးသောအရွယ်က အလယ်တန်းကျောင်းသားဘဝမှာ ကုန်ခဲ့ပြီဖြစ်သည်..။ ပြဿနာရှာချင်သော အရွယ်ကုန်ခဲ့ပြီဟုပင်ဆိုရမလား..။ အထက်တန်းကျောင်းသား ဖြစ်လာလျှင်ပင် တက္ကသိုလ်ကျောင်းသားပုံစံ ဖမ်းချင်သည်.။ ခပ်တည်တည်နှင့် စကားပြောကြသည်.။ ကျောင်းသားအချင်းချင်း ရန်ဖြစ်သည်ကို ကြားပင်မကြားစဖူး..။ သူတို့လည်း အရက်သောက်သည်..။ သောက်တာမှ ပက်ပက်စက်စက်ကို သောက်သည်.။ သို့သော် ရန်ဘယ်တော့မှ မဖြစ်..။ တစ်ခါက မိမိနှင့် သူငယ်ချင်း ၂ ယောက် ဘာသာစကားချို့ယွင်းချက်ကြောင့် ဝိုင်းအလှောင်ခံရဖူးသည်.။ သူငယ်ချင်းက စိတ်ဆိုးသည့် အမူအယာ ပြတော့ မျက်နှာပိုးသတ်ကာ ချက်ခြင်းပင် လာတောင်းပန်သည်.။ တက္ကသိုလ်ကျောင်းသားဆိုသည်မှာ ထိုသို့ လူယဉ်ကျေးများ ဖြစ်သည်..။
တကယ့်တကယ်ပင် “ ဟေ့ကောင်မလေး ဒီမှာ မြန်မာပြည်ဟာ.. ကမ္ဘာမှာ အယဉ်ကျေးဆုံး တိုင်းပြည် တစ်ခုပါ. ” ဆိုသော သီချင်း နားထောင်ပြီး ကျေနပ်မနေကြသင့်တော့ပါ..။ ကျွန်တော် ကြုံခဲ့ ကြားခဲ့ဖူးသော မြန်မာနိုင်ငံတက္ကသိုလ် အသိုင်းအဝိုင်းက အားရစရာ တစ်ခု မှ မရှိ.။ အစိုးရက အထောက်အပံ့ မပေးနိုင်တာ တစ်ပိုင်း ဖြစ်သည်.။ ကျောင်းသူ/ ကျောင်းသားများက ကျောင်းထက် လမ်းထွက်ရတာ ပိုပျော်နေကြသည်.။ ကျောင်းအချင်းချင်း မတည့်..။ လက်ဖက်ရည်ဆိုင်ကတော့ အတော် ထိုင်ကြသည်..။ လူငယ်အချင်းချင်း ခပ်စူးစူးကြည့်မိလျှင်ပင် ရန်ဖြစ်ကြ၊ ရိုက်ကြ ၊ နှက်ကြသည်..။ Game ဆိုင်တွေမှာ ကျောင်းသားတွေချည်း ဖြစ်သည်.။ အပြင်လူပင် သိပ်မရှိ..။  တကယ့်တကယ် မြန်မာပြည်တွင် ယဉ်ကျေးမှု များ အင်မတန် ထွန်းကားသည် ဆိုတိုင်းပင် ပုဂံဘုရားဘေးက ပိုက်ဆံပေးပြီး သနပ်ခါးလိမ်းခိုင်း ရယ်ခိုင်းထားသည့် ကလေးမလေး၏ ဓါတ်ပုံထဲက  အပြုံးဖြင့်သာ ဂုဏ်ယူ မနေသင့်တော့ပါ..။ ယဉ်ကျေးမှုဆိုတိုင်း ကျေးလက်တောရွာတွေ၊ ရွှေတိဂုံက တံမြက်လှည်းအသင်းတွေ လောက်ဖြင့် မတင်းတိမ်သင့်တော့ပါ..။ အချိန်မရွေး၊ ကာလမရွေး၊ ဒေသမရွေး လူရော၊ စိတ်နှလုံးရော လူကြီးလူကောင်း ပီသစွာ ယဉ်ကျေးတတ်ရန် လိုပါပြီ..။
နောက်တစ်ခုက ဆရာတပည့် ဆက်ဆံရေးပင် ဖြစ်ပါသည်..။ သူတို့ဆီမှာ ဆရာနှင့် တပည့်က လွတ်လပ်ပေါ့ပါးစွာပင် မိတ်ဆွေ သဖွယ်ပေါင်းသင်းကြသည်.။ ကြားတွင် မည်သည့် Tension မှ မရှိ.။ ဂါရဝ ဆိုတာတော့ မရှိ၊ Respect တော့ ရှိသည်..။ တာဝန်နှင့် အလုပ်ကိုလေးစားသည့် သဘောတော့ ရှိသည်..။ တစ်ခါတစ်ရံ ဆရာသင်တာ မရှင်းလင်းတာ၊ ဆရာတွက်တာကို မကျေလည်သည့်အခါမျိုး၊ စာမေးသည့်အခါမျိုးမှာ စိတ်တိုပြီး အပြန်အလှန် အော်ဟစ် ထွက်သွားတာမျိုးတွေတောင် ရှိသည်..။ ပြီးလျှင် တစ်ချိန်ချိန် တစ်နေရာရာ လွတ်သည့်အခန်းတစ်ခန်းခန်းမှာ ထိုပုစ္ဆာ ကို စိတ်ကျေနပ်သည်အထိ တွက်ချက်ပြီးမှ ပြန်ရောက်လာတတ်သည်.။ ဒီလို ကျောင်းသားတွေ မထက်ပဲ ရှိပါမည်လား..။ ကျောင်းအားချိန်၊ အတန်း မရှိချိန်တွေမှာ စာကြည့်တိုက်အပေါ်က စာဖတ်ခန်းထဲမှာ အိမ်စာလုပ်သူတွေ၊ တွက်ချက်နေသူတွေ စာဖတ်နေသူတွေ အများကြီး တွေ့ရသည်..။
ကျောင်းမှာ ကျောင်းသားဆိုသူများအတွက် ကန်တင်း ၃ ခုထားသည်.။ နေ့လည်စာ၊ မနက်စာ စားဖို့ အတွက်ဖြစ်သည်..။ ကျောင်းကပဲခန့်ထားသည့် စားဖိုမှူးတွေ ရောင်းသည်..။ ခဏတစ်ဖြုတ်ထိုင် ပြီးရင် အတန်းမီအောင် ပြန်ပြေး.။ အဲ့ဒီလိုတွေချည်း ဖြစ်သည်..။ နောက်တစ်ခုက ဒီက တက္ကသိုလ်ကျောင်းများသည် အင်မတန် ဈေးကြီးကြသည်..။ ချမ်းသာသည့်သူများမှလွဲ၍ တောမှ တက်လာသူကျောင်းသူ/ ကျောင်းသား အများစုက တစ်နှစ်ပတ်လုံး ကျောင်းတက်နိုင်ဖို့ နွေရာသီတွင် အလုပ်လုပ်ကြရသည်.။ ဒီတော့ စာရဲ့ တန်ဖိုးကို သိကြသည်.။ မိမိကိုယ်တိုင် ပိုက်ဆံရှာပြီး မိမိဖာသာ ကျောင်းတက်ရသူများ ဖြစ်ရာ အင်မတန်ကြိုးစားကြ သည်မှာတော့ မထူးဆန်းလှ..။ ကျောင်းသားများက အဆောင်နှင့် ကျောင်းမှာပင် အချိန်က ကုန်ပြီးဖြစ်သည်.။ ဘယ်မှပင် သိပ်မသွားကြ..။ အလည်အပတ်ဆိုတာပင် သွားလေ့သွားထ သိပ်မရှိကြ..။ ကျောင်းချိန်က အားလျှင် အားကစားလုပ်ကြသည်.။ မိန်းကလေးများ လမ်းလျှောက်၊ကြက်တောင်၊ တင်းနစ်၊ ပြေး၊ ရေကူး၊ ယောကျာ်းလေး ဘောကန်၊ ပြေး၊ ရေကူး ၊သန်မာမှု၊ စသဖြင့် အချိန်ကုန်ကြသည်.။ သူတို့လည်း ဂိမ်းမကစားဘူးမဟုတ်၊ ကစားပါသည်.။ မိမိတို့ဆီကမှ အင်တာနက်နှေးကွေးမှုကြောင့် သိပ်မရှိဟု ဆိုရမည်.။ ဒီမှာ Counter Strike ကစားမလား၊ Dota ခုတ်မလား၊ Cross Fire ပစ်မလား.။ Level တက်အောင် ခက်ခက်ခဲခဲကစားပြီး Items တွေ တကယ့်ပိုက်ဆံနဲ့ ရောင်းရ ဝယ်ရသည့် ဂိမ်းများ ကစားမလား စသဖြင့် အစုံရှိသည်.။ သို့သော် ဒါတွေက သူ့အချိန်နှင့်သူ ဖြစ်သည်..။ တက္ကသိုလ် ကျောင်းသားများတွင် အားကစား ရမှတ်ရှိသည်.။ အားကစားနည်းပြလည်း ရှိသည်.။ အားကစားရမှတ် မပြည့်လျှင် နွေရာသီ အားကစား Camp မှာ အောင်မှတ်မပြည့်မချင်း ပြန်ဖြေရသည်.။ ထိုသို့ ဖြစ်သည်.။
( အတန်းအားချိန်၊ ညနေပိုင်းတွေမှာ အားကစားကို အားထည့်ပြီးလုပ်ကြသည်)

မိမိတို့ ငယ်စဉ်ကတည်းက ပြည်တွင်းဖြစ် စာပေတွေမှာ ဦးနှောက်တွေ ဇကာချ ခံရပြီးသားဖြစ်သည်..။ အနောက်တိုင်းဆိုတာ အရှက်အကြောက်မရှိ.ကြောင်း၊ လိင်ကိစ္စတွေ ဘယ်လို ပွင့်လင်းကြောင်း၊ လူအချင်းချင်း ဘယ်လို ဆက်ဆံ ကြောင်းများ၊  မြန်မာပြည်သူတွေ ဘယ်လို ယဉ်ကျေးကြောင်း၊ ကမ္ဘာမှာ ယဉ်ကျေးမှု အထွန်းကားဆုံးနိုင်ငံ ဖြစ်ကြောင်း စသဖြင့် Hightlight လုပ်ထားသော အရာကွက်ကွက်လေးများကိုသာ မြင်ခဲ့ရသည်..။ မမှတ်ဘူးလား မှန်ပါသည်.။ ကျွန်တော်တို့ ဖတ်ခဲ့ဖူးသလိုပင် လိင်ကိစ္စ ပွင့်လင်းသည်.။ ယောက်ျားလေး၊ မိန်းကလေး  တစ်ဆောင်တည်း၊ တစ်ထပ်တည်း ထားသည်.။ အတူနေသူများရှိသည်.။ ဒါတွေက အတု မယူသင့်သော အချက်များဖြစ်သည်..။တကယ့်တကယ်ပင် အတုယူစရာတွေ အများကြီး ရှိနေပါသည်.။ မိမိပြောခဲ့သော အရာများသည် မိမိ ပတ်ဝန်းကျင်မှ လူငယ်များ၏ အကြောင်း၊ မိမိပတ်ဝန်းကျင်မှာ တက္ကသိုလ် ကျောင်းသားများ၏ အကြောင်းသာ ဖြစ်သည်.။ နိုင်ငံတစ်နိုင်ငံသည် လူငယ်ထုအပေါ်တွင် အားထားရန် လိုပါသည်..။ နေရာတကာ လူကြီးတွေကချည်း လုပ်နေ၍ မဖြစ်ပါ..။ Generation ကျ သွားသည်ဆိုသည့် စကားကိုလည်း နာတတ်ရန် လိုပါသည်...။ ပြည်တွင်းစစ်တွေ ပြီးဆုံးသည့်အခါ အစိုးရက နိုင်ငံနှင် မမျှတစွာ ကုန်ကျနေရသော စစ်သုံးစရိတ်တွေကို ပညာရေးတွင် ပုံအော အသုံးချရန် တကယ်ပင် လိုအပ်နေပါပြီ..။
(ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကလည်း အင်မတန်ပေါပါတယ်.။ ကျောင်းတစ်ဖက်နဲ့ လုပ်လိုသော အလုပ်များအတွက် Microsoft တို့ ABBYY တို့ Yandex တို့လို ကုမ္ပဏီကြီးတွေကအလုပ် ခေါ်ဖို့ မကြာခဏ ခုလို လာပြီး ကြော်ငြာပါတယ်.။)

ကျွန်တော်တို့ တကယ်ပင် လိုပါသေးသည်
မိမိယခုရေးနေရခြင်းမှာ နိုင်ငံခြားရောက် ဘဝင်မြင့် လေကျယ် အောက်ခြေလွတ်ပြီးရေးနေခြင်းမဟုတ်ပါ..။ မိမိ အားကျမိသော ပညာရေးနှင့် လူငယ်ကဏ္ဍ တစ်စိတ်တစ်ပိုင်းကို အတုယူနိုင်စေလိုခြင်း ဖြစ်ပါသည်..။ လမ်းမပေါ်က မာဖီးယားဆန်ဆန်၊ ဂန်းစတား ဆန်ဆန် ကျောင်းသားများကို မမြင်လိုတော့ပါ..။ အထူးသဖြင့် ရွှေမန်းက တက္ကသိုလ်တွေလို.ဆိုင်ကယ်တွေ တစ်ဝီးဝီး အချင်းချင်း ငြိကြ၊ သမကြ ၊ ကွဲပြဲကြတွေ မကြားလိုတော့ပါ...။  ဒီမှာ ကျောင်းသားတွေ ကျောင်းသားအလုပ်၊ ကျောင်းသားတာဝန် ကျေနေစဉ်မှာ မြန်မာပြည်က ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီး ရုံးရုံးရုံးရုံးလုပ်နေတာတွေလည်း မမြင်လိုတော့ ပါ.။ မိမိတို့ နိုင်ငံကြီးကို တစ်ချိန်ချိန်မှာ လက်လွှဲတာဝန်ယူမည့်သူများကို အခြားနိုင်ငံကျောင်းသားတွေထက် ဆံတစ်မျှင်၊ နှမ်းတစ်လုံးမျှ အရည်အချင်း မလျော့စေလို၍ ရေးခြင်း ဖြစ်ကြောင်းပါခင်ဗျာ...။

မှတ်ချက်။ ။ အစ်ကိုတစ်ယောက်၏ စကားကို သတိရသဖြင့် ပြန်ပြောပါဦးမည်..။ 
“ ကျွန်တော်တို့ နိုင်ငံကသူတွေက ဟိုးအရင်ကတည်းက ပြဿနာတွေ၊ စစ်ပွဲတွေနဲ့ နာမည်ကြီးခဲ့တာ. ဓါးကိုင်သူရဲကောင်းတွေက၊ ပညာရှင်တွေထက် ဘုန်းကြီးတဲ့ နိုင်ငံ၊ မဟာဗန္ဓုလနဲ့ ယောဘိုးလှိုင်နဲ့ ဘယ်သူနာမည်ကြီးလဲ ကိုမိုးသက် စဉ်းစားကြည့်ပေါ့ဗျာ” တဲ့.။ ဒီနိုင်ငံမှာ စာပေပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို တခမ်းတနားနဲ့ ဂုဏ်ပြုထားတဲ့ ကျောက်ရုပ်တွေ၊ လမ်းနာမည်တွေ၊ ဘူတာနာမည်တွေကိုတွေ့တိုင်း ကိုယ့်နိုင်ငံရဲ့ Culture ရဲ့ ပျော့ကွက်လေးကို မြင်နေမိတယ်.။ ရှေးထုံးလည်း မပယ်နဲ့ ဆိုတဲ့ စကားကိုတောင် “ ပယ် ” သင့်နေပါပြီဗျာ..။

~မိုးသက်ဦးလွင်~
(၈-၁၂-၂၀၁၃)



Thursday, October 3, 2013

ဟိုလိုလို ဒီလိုလို

          ကျွန်တော် ၀တ္ထု၊ ကဗျာတွေပဲ အရေးများလာတော့ အရင်ကလို ဒေသန္တရ ဗဟုသုတ တွေရစေမယ့် ရောက်တတ်ရာရာလေဘယ်အောက်က ခရီးသွားပို့စ်လေးတွေ၊ ဟိုဟိုသည်သည် ပို့စ်လေးတွေ မရေးဖြစ်တာ ကြာပြီ.။ တကယ်တမ်း ကျွန်တော်ကိုယ်တိုင်လည်း Stress တွေများနေတာ ကြောင့် ဘယ်ဟာမှ ရေရေရာရာ မရှိတာလည်းပါတာပေါ့.။ လောလောဆယ်တော့ မျောက်အုန်းသီးရနေတယ်.။ ဟီးဟီး.။ ကင်မရာလေးတစ်လုံး လက်ထဲ ရောက်နေသကိုး.။ လူက နဂိုကတည်းက ဓါတ်ပုံရိုက်တာကို ၀ါသနာပါတယ်.။ ဓါတ်ပုံရိုက်တယ်ဆိုတာ အရိုက်ခံတာကို ပြောတာမဟုတ်ဘူး . ။ ကျွန်တော်က လိုက်ရိုက်ရတာကို ၀ါသနာပါတာ.။  Facebook မှာ ဓါတ်ပုံဆရာတွေ တင်တဲ့ပုံတွေကြည့်ပြီး. ငါသာဆိုရင် ဆိုပြီး စိတ်ကူးယဉ်နေခဲ့တာလည်း ကြာပေါ့.။ အရင်က မချော(အစိမ်းရောင်လွင်ပြင်) ဆီက ပြင်ဦးလွင်ပုံတွေကြည့်တုန်းကတည်းက ကင်မရာတွေကို ရူးသွပ်နေတာ.။ DSLR အလတ်စားတစ်လုံးလောက်တော့ ၀ယ်မယ်လို့ စိတ်ကူးမိတယ်.။ ပြီးတော့ ဟိုးတစ်နေ့က ကျွန်တော် ဖဘ မှာ ဒမီသရော့ဖ် ဆိုတဲ့ မြို့လေးကို သွားလည်တဲ့ အယ်လ်ဘမ်တွေ့မိသလားမသိဘူး.။ အဲဒီနေ့က ကျွန်တော်တို့နဲ့ အတူတူပါလာတဲ့ ရုရှား သင်းအုပ်ဆရာ ကိုင်တဲ့ Mirrorless လေးကိုတွေ့တယ်. ။ ကင်မရာ ကိုယ်ထည်လေးက လက်ထဲမှာပျောက်နေတယ်.။ ရှေ့က Lens ကြီးက အကြီးကြီးထွက်နေတယ်.။ ပုံထွက်တွေက အင်မတန်ကောင်းတယ်.။ အဲဒါနဲ့ အဲဒီလို Mirrorless လေးကို စိတ်ဝင်စားပြန်ရော.။ နောက်တော့ http://snapsort.com/compare/ အဲဒီဆိုက်မှာ ကင်မရာတွေ Compare လုပ်လို့ရတယ်.။ ယှဉ်ကြည့်တော့ ကျွန်တော် အခုဝယ်ထားတဲ့ DSLR လေးက ပိုကောင်းတာကိုတွေ့ရတယ်.။ အဲဒါနဲ့ ၀ယ်ဖြစ်သွားရော.။ အခုတော့ မျောက်အုန်းသီးရသလိုလို ဖြစ်နေလေရဲ့.။
ပတ်စ်ပို့ပုံသွားရိုက်တုန်းက ရိုက်ထားတာ...
ကော်ဖီသောက်ခါနီး ရိုက်ထားတာ..
သူငယ်ချင်းပုံ ရိုက်ပေးထားတာ...
 ကလစ်နှိပ်ကြည့်ရင် အကြီးကြီးပေါ်ပါလိမ့်မယ်..)))
          လောလောဆယ်တော့ ကျွန်တော့်ရဲ့စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတုန်းပဲ ။ အခု ဒီစာကိုရေးနေတုန်းက Facebook အကောင့်ကို ဖျက်ထားတယ်.။ ဖျက်ထားတယ်ဆိုတာ Deactivate လုပ်လို့မရလို့ ဖျက်ထားတာ.။ ၁၄ ရက်မတိုင်ခင် ပြန်ဖွင့်ရင် ရတယ်.။ ဘာလို့ Deactivate လုပ်လို့မရလဲ ဆိုတော့ ကျွန်တော့် အကောင့်က Developer account ဖြစ်နေလို့တဲ့.။ ကျွန်တော်က ကိုယ့်ဖာသာ လက်တည့်စမ်းပြီး Facebook Apps လေးတွေ ရေးထားတာ ရှိတာကိုး.။ (မပြတော့ဘူး.. သိကုန်မှာစိုးလို့ ဟီးးး) ။ လောလောဆယ်တော့ ဒီနေ့ Supervisor အတန်းရှိတော့ နားတဲ့ အနေနဲ့ ဇာတ်ကားကြည့်နေတယ်.။
          အခုစာရေးနေတုန်း ခုတစ်လော နာမည်ကြီးနေတဲ့ The conjuring ကိုဒေါင်းနေတယ်.။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ သရဲကားတဲ့.။ အဲဒီကားနောက်ခံ က အရုပ်ကလေးက ပြတိုက်မှာမတို့မထိရ နေရာမရွှေ့ရ ပစ္စည်းအဖြစ် ခုထိ ရှိနေတယ်လို့ ပြောပါတယ်.။ (http://badassdigest.com/2013/07/23/the-true-story-of-annabelle-the-haunted-doll-from-the-conjuring/ မှာဖတ်ရန်) ဇာတ်ကားက3 GB ကျော်ကျော် လောက် ရှိတယ်.။ HD version မို့ပါ.။ လူက ကြီးကြီးကျယ်ကျယ်ဗျ.။ ဇာတ်ကားဆိုရင် အကြည်မှ ကြည့်ချင်တာ.။ စိတ်ရှည်လက်ရှည်တော့ ဒေါင်းရတာပေါ့.။ ဇာတ်ကားအစ၊ စာအုပ်အဆုံး၊ ဂိမ်းတွေအပါအ၀င်၊ ဆော့ဖ်ဝဲလ် အကြီးကြီးတွေက အစလိုချင်ရင် Express files ဆိုတာလေးရှိတယ်.။ http://express-files.com/ မှာသွားဒေါင်းလို့ရတယ်.။ သူက Downloader လေးပေါ့.။ အပေါ်မှာ Search Box လေးပါတယ်.။ လိုချင်တာ ရိုက်ရှာယုံပဲ.။
      ဘေးက Download ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ဘယ်နားမှာ ထားမလဲဆိုတာလေး ရွေးပေးရတယ်.။ ပြီးရင် ခဏစောင့်ပြီးရင် စ ဒေါင်းပါပြီ.။

ကျွန်တော်ကတော့ဘာလိုလို အဲဒီကောင်လေးနဲ့ပဲ ဒေါင်းတယ်.။ အကုန်ရတယ်ဗျာ.။ ဟိုးတစ်နေ့ကမှ ဓမ္မပဒ အင်္ဂလိပ်-ပါဠိ နှစ်ဘာသာဒေါင်းထားတယ်.။ အဲဒီကောင်လေးနဲ့ပါပဲ.။ မဆိုးဘူးနော်.။
မကန်ဒီနဲ့ အစ်မမဒမ်ကိုး ဗုံတီးတဲ့ ဗွီဒီယိုလေး သဘောအရမ်းကျတယ်.။ နှစ်ယောက်စလုံးပျော်နေတာ လေ.။ စိတ်ထဲမှာ နဲနဲ မွှန်းကြပ်လာရင် အဲဒီဗွီဒီယိုလေး ပြန်ပြန်ကြည့်ဖြစ်တယ်.။ အစ်မတွေကို မြင်တော့ ပျော်သွားတာများပါတယ်.။ ဘာပဲပြောပြော အွန်လိုင်းမှာပဲ ရင်းနှီးချစ်ခင်ခဲ့တဲ့ မောင်နှမတွေကို အပြင်မှာ တစ်ခါလောက်တော့ ဆုံချင်သေးတယ်.။ (ကျွန်တော်နဲ့တော့ ဆုံချင်ပါ့မလားမသိဘူး.ဟီး)
ဒီနှစ်မော်စကိုဆောင်းဦးက သာမာန်မဟုတ်ဘူးလို့ပြောပါတယ်.။ ရောက်ခါစက ဒီလိုအချိန်မှာ ကျွန်တော်တို့ လည်လို့ ပတ်လို့ကောင်းတုန်း.။ အနွေးထည်ခပ်ပါးပါးလေးနဲ့ ဆိုရင် အေးအေးဆေးဆေးပဲ..။ အခုတော့ နှင်းဦး တောင်ကျပြီးသွားပြီပြောတယ်.။ ခုချိန်က Autumn လို့ခေါ်တဲ့ ဆောင်းဦးပေါ့.။ တကယ်တမ်းဆိုနှင်းကျလေ့ မရှိဘူး.။ Winter လို့ခေါ်တဲ့ တကယ့်ဆောင်းရာသီကျမှ နှင်းကကျရမှာ.။ ဒီနှစ်တော့ ထူးထူးခြားခြား အအေးထူး နေတယ်.။
          ဒီစာရေးတော့ ဇာတ်ကားကြည့်ပြီးတဲ့အချိန် နေ့လည်က ဒါရိုက်တာရင်နဲ့ မင်းသမီး Cecilia Cheung သရုပ်ဆောင်ထားတဲ့ The Promise (2005) ဇာတ်ကားကိုကြည့်တယ်.။ ကြည့်ပြီးတာ ၂ ခေါက်ရှိပြီ.။ သတိရလို့ ပြန်ကြည့်တာ.။ ဇာတ်လမ်းဆင်ထားတဲ့ ပုံကိုသဘောကျလို့ .။ ဇာတ်လိုက်လုပ်တဲ့ ဒါရိုက်တာရင်က ရေခဲနိုင်ငံက လူမျိုးဖြစ်ပေမယ့် ကျွန် ဖြစ်နေတယ်.။ သူတို့ ရေခဲနိုင်ငံက လူတွေက မမောမပန်းနိုင်တဲ့သူတွေ၊ ကမ္ဘာ့အမြန်ဆုံးလူသားတွေ.။ အဲဒီခေတ်အခါက ကျွန် တွေက သူတို့ကိုသူတို့ မတ်တတ်ရပ်ရကောင်းမှန်း မသိခဲ့ဘူး.။ မွေးဖွားသည်ကနေ သေဆုံးသည်အထိ လေးဖက်ပဲ သွားကြရတာ အဲဒီလို.။ ကြည့်ပြီးသူတွေလည်း ရှိမှာပါ.။ မကြည့်ရသေးရင် ကြည့်ကြည့်ဗျာ.။
          ကျန်တာတော့ ထူးထူးခြားခြားမရှိပါဘူး.။ Facebook ကိုတော့ ခဏ ပစ်ထားဦးမယ်လို့ စိတ်ကူးမိတယ်.။ ကျန်တာကတော့ အရင်အတိုင်းပဲ အရင်လိုပါပဲပေါ့လေ.. :))))။ ဒီနေ့တော့ စိတ်ကူးပေါက်လို့ လျှောက်ရေးပစ်တာ. ဘာမှလည်း မဟုတ်ဘူးဆိုပြီး ငြိုငြင်ကြရင်တော့ တောင်းပန်ပါတယ်လို့ ..။






Sunday, September 8, 2013

ညနေက...


ဒီနေ့တနင်္ဂနွေ..။
ထုံးစံအတိုင်း မနက်ခင်းစောစောစီးစီး ဘုရားခန်းဝင်ပြီးသောအခါ အခန်းရှင်းရသည်.။ မကြာမီဆောင်းဝင်တော့ မည်ကိုး..။ မဆီမဆိုင်ဟု ထင်ကြလိမ့်မည်.။ ဆောင်းဝင်လျှင် ကိုယ့်အိပ်ရာထဲကနေ ဘယ်မှ မသွားချင်တာ အမှန်ပင်မဟုတ်ပါလား..။ အခန်းရှင်းရင်းနှင့် တစ်ချိန်က သူမပေးထားသော သော့ခတ်စာအုပ်ပန်းရောင်ကလေး နှင့် သူမမွေးနေ့ ဓါတ်ပုံများကို ပြန်တွေ့သည်…။ ကျွန်တော်ဖွင့်မကြည့်သင့်တော့တာ သိသည်.။ စာအုပ်ကလေး က ဖုံတွေတောင် တက်နေပြီ.။ အထဲမှာ ကျွန်တော် ပြန်မပေးဖြစ်သော couple ပုံများ..။
ကျွန်တော် ပြန် မတမ်းတသင့်တော့ပါ…။ ချန်ရစ်သူနှင့် ကျန်ရစ်သူ အတိမ်အနက် မတူညီကတည်းက တစ်ဖက်စောင်းနင်းဇာတ်လမ်းဆိုတာ ရှင်းရှင်းပေါ်ပြီးမဟုတ်လား..။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထက်  ကျွန်တော့်လက်ရှိ မိဘ ကိုခွင့်ပန်ထားသော ချစ်သူကို ကျွန်တော် ဂရုစိုက်ရဦးမည်လေ..။ လက်ရှိ သူမကပဲ ကျွန်တော့် အနာဂါတ်ပင် မဟုတ်ပါလား..။ လောလောဆယ်တော့ ယခု စာအုပ်ကလေးနှင့် ဓါတ်ပုံများကို ကျွန်တော် ဘွဲ့ယူပြီးသည့် နေ့တွင် မော်စကိုမြစ်ထဲ သွားမျောမည်ဟု တေးထားလိုက်သည်..။ ကျွန်တော့် ရည်စူးသူကိုတော့ အသိမပေးဖြစ်..။
ယနေ့အပူချိန်က ၁၀ ဒီဂရီဆဲလ်ဆီးယပ်စ် ခန့်.။ အမှန်တကယ်ခံစားရသည်မှာ ၂ ဒီဂရီဟု မိုးလေ၀ါသ ၀ဘ်ဆိုက်မှာ တွေ့ရသည်.။ ညည်းညူစဖွယ် မော်စကိုဆောင်းရာသီဒဏ်က အစပျိုးနေပြီ..။ အာလူးစားသူများ ကတော့ အေးအေးလူလူ..ဘောင်းဘီတိုဖြင့် ဘောကန်ဆင်းနေတုန်း ။ ကျွန်တော်တို့ ဆန်စားသူ အာရှသား များကတော့ အနွေးထည်ကိုယ်စီဖြင့် ကုတ်ကုတ်ကုတ်ကုတ်..။ ကျောင်းစဖွင့်တော့ ကျောင်းသား စိတ်တွေ ပြန်ပေါက်လာတာလည်းပါသည်.။ စာပြန်ရေးဖြစ်နေတာပင် ကိုယ့်ကိုယ်ကို ကျေနပ်နေသလိုလို..။
          အခန်းရှင်းပြီးတော့ ရည်စူးသူဆီက ဖုန်းခေါ်သည်..။ ခဏမျှ စကားပြောပြီး..။ ထမင်းချက်ဖို့ လုပ်တော့ ဆန်ထုတ်တွေ ကုန်နေတာတွေ့သည်.။ ဟိုဖက်အဆောင်မှာနေစဉ်က ဗီယက်နမ်ဈေးကနေ အိတ်အကြီးတွေ ကားနဲ့ လာပို့သည်.။ ယခုအဆောင်ကျတော့ ကိုယ်တိုင် ကီလိုထုတ်လေးတွေဝယ်စားရသည်.။ ကျောင်းမှာ ဘုရားပွဲ၊ မွေးနေ့ပွဲတွေဆက်နေတော့ ထမင်းမချက်တာ ကြာနေသဖြင့် ဆန်ပြတ်နေတာ သတိမထားမိလိုက်..။
          “ ဈေးသွားမယ်.. မိုညက်ကာကိုသွားမှာ..။ ဘယ်သူလိုက်ဦးမလဲ..။ ဟိုဟာမှာ သည်ဟာ မှာ ဆိုက်ကား တွဲခြင်း သည်းခံပါ..။ အဖော်မရှိလို့ခေါ်တာနော်…”
          ကော်ရစ်ဒါမှာ ဗေကြီးလို့ ချစ်စနိုးခေါ်သော သူငယ်ချင်း အသံကြားလိုက်သည်.။ အချိန်ကိုက်ပါပဲ..။
          “ ဗေကြီး.. ငါလည်း အခုပဲသွားမှာ အတူတူသွားကြတာပေါ့…”
          ဘာပဲပြောပြော အဖော်ရသွားသည်.။ မိမိလည်း တစ်ယောက်တည်း မသွားချင်ပါ.။ တစ်ခါတစ်ရံ အမူးသမား များဖြင့်တွေ့လျှင် ပြဿနာရှာခံရတတ်သည်ကိုး..။
          ရုရှားရောက် အရာရှိများဟု ခေါင်းစဉ်တပ်လိုက်လျှင် လူမှုရေးကွန်ယက်များပေါ်မှ ပုံရိပ်များကိုသာ ပြေးမြင်တတ်ကြသည်လေ.။ တကယ့်တကယ် အခက်အခဲပေါင်းစုံကြားမှ ရုန်းကန်ရသည်များက မည်သို့ သိနိုင်ပါမည်နည်း..။ ဘာသာစကားအခက်အခဲမှ အစ၊ ရာသီဥတုမတူ၊ လူမျိုးကြီးဝါဒ၏ စိန်ခေါ်မှုတွေ၊ အစုံအစုံ ပါပဲ..။
          တစ်ခါတစ်ရံတော့ သူတို့ လူမျိုးတွေနှင့်စကား ပြောဖြစ်ကြပါသည်.။ ရုရှားအများစုက နိုင်ငံခြားသားအ ပေါ်သိပ် မကြေလည်ချင်ကြ.။ သူ့နိုင်ငံ၊ သူ့လူမျိုးလွဲလျှင် မည်သူ့ကိုမှ လူမထင်..။ စကားသွားပြောလျှင်ပင် မတူ မတန်သလို ပြန်ပြောကြသည်.။ ကမ္ဘာတစ်လွှား သံကုန်ဟစ်နေသော လူ့အခွင့်အရေးသမား ဆိုသူတွေကို ပြချင် လှသည်..။ တစ်လောကလည်း ကြုံရသေးသည်.။
          “ မင်းတို့က တရုတ်တွေလား..”
          “ မဟုတ်ဘူး ငါတို့က အရင်တုန်းက ဘားမားလို့ ခေါ်တဲ့ မြန်မာပြည်က…”
          “ ငါ မြန်မာ ဆိုတာ တစ်ခါမှ မကြားဖူးဘူး.၊ ဘားမားဆိုတာလည်း မကြားဖူးဘူး..”
          “ အေး.. မင်း ဒီထက်ပိုပြီး စာဖတ်ဖို့ လိုသေးတယ်..”
          တစ်ခါတစ်ရံ စိတ်ပေါက်ပေါက်နှင့် အဲဒီလို ဘုတော ပစ်လိုက်သည်.။ အဲဒီလို ပြောလိုက်မှ ခေါင်းတစ်ဆတ်ဆတ်ညိတ် ပြီး..နောက်ဆုတ်သွားကြသည်..။ ရုရှားဆိုသည့် လူမျိုးများက လူကသာ ဥရောပ တစ်ခြမ်း အာရှ တစ်ခြမ်း နေရသည်..။ အာရှသားကို အင်မတန် အထင်သေးသည့်လူမျိုး..။
          ဈေးသွားသည့်လမ်းမှာ ပန်းခြံလိုလိုဟာလေးတစ်ခုရှိသည်.။ အမှန်က ပန်းခြံမဟုတ်..။ သူရဲကောင်း တစ်ဦး၏ ရုပ်တုရှိသည့် ပန်းခြံအသေးစားကလေး.။ ၁၂ လရာသီပတ်လုံး တစ်ရက်မှ ပန်းခွေ၊ ပန်းစည်း ပြတ်သည်မရှိ..။ တစ်ရပ်ကွက်လုံးက ဦးသူ ပန်းစည်းချကြသည်မှ ယနေ့ထက်တိုင်အထိ..။ စစ်အတွင်းသူရဲကောင်းများကို ယနေ့ထက်တိုင် မမေ့ကြ..။ စစ်သားများကို အင်မတန်ချစ်ကြသည့် လူမျိုးတွေ.။ ကျေးဇူးသိတတ်သူများ ဟု ဆိုနိုင်သည်ပဲ..။ ရုရှားများ၏ အောင်ပွဲနေ့ (ဂျာမနီကိုစစ်အောင်သောနေ့) တွင် ရင်ပြင်နီမှာ စစ်ပြန်အဘိုးကြီးများကို ရုရှားကလေးငယ်များက ပန်းစည်းပေးကြတုန်း.။ မိဘများက အားကျအောင်ပြကြတုန်း.။ စစ်ပြန်ကြီးများ၏ မျက်ရည်ကို ဆို့နင့်စွာတွေ့ရတုန်း..။ ဂျာမန်တွေ ကျူးကျော်စဉ်က တစ်မြို့လုံးက ယောက်ျားသားတွေအားလုံး အသေခံကာကွယ်ခဲ့သည် ဆမားလန့်စ်လို မြို့က တိုက်ပွဲတွေအကြောင်း ကို ဂုဏ်ယူမြိန်ယှက်စွာ ဆိုနေကြတုန်း.။
          ထိုပန်းခြံလေးမှာ ဓါတ်ပုံဝင်ရိုက်ကြသည်.။ အတုယူစရာတွေကိုတော့ စိတ်ထဲမှာ မှတ်သားမိသည်.။ ကျွန်တော် မြန်မာနိုင်ငံပြန်ရောက်သောအခါ အကျိုးပြုစာတမ်းတစ်စောင်လောက် ရေးရဦးမည်ဟု တေးထားမိ သည်.။
          ဈေးကို မရောက်ခင် လမ်းသွယ်ခပ်ကျဉ်းကျဉ်းလေးတစ်ခုရှိသည်.။ ထိုလမ်းသွယ်လေးတွင် အမြဲတမ်း တောင်းရမ်းနေသော တာဂျစ်ကစ္စတန် သူတောင်းစား သားအမိ ရှိသည်.။ အကြွေလွယ်သည့်အခါတိုင်း အမြဲ ထည့်ဖြစ်ပါသည်.။ တာဂျစ်ကစ္စတန်တွေက မွတ်ဆလင်တွေမို့၊ ဘာညာ လျှောက်တွေးဖို့ မလိုပါ.။ မိမိက လူသား တစ်ဦးမဟုတ်လား..။
          ဈေးရောက်တော့ လိုတာတွေဝယ်ခြမ်းကြသည်..။ အသားနည်းနည်း၊ ဆန်၊ဆီ၊ ကြက်သွန် ဖြူ၊နီ၊ ခရမ်း ချဉ်သီး စသဖြင့် ၀ယ်ရသည်.။ ခရမ်းချဉ်သီးက ဆောင်းမ၀င်ခင် စားရမည်.။ ဆောင်းဝင်လျှင် ခရမ်းချဉ်သီးဈေး က ကြက်သားဈေးထက်ကြီးသွားတတ်သည်…။ လိုတာတွေဝယ်ခြမ်းပြီး ကောင်တာဖက် ပြန်ထွက်အလာမှာ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် ကလေးမလေး တစ်ဦး ဘီးပါသော ခြင်းတောင်းကလေးကို တွန်းပြီး ပေါင်မုန့် အကန့်တွေဖက် ၀င်သွားတာတွေ့လိုက်သည်…။ အသက်က သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း အရွယ် ကလေး.။ အစာရေစာ ၀၀လင်လင်မစားရ၍ ၀၀ လင်လင်မရှိလှ..။
          ရုရှားမှာ ကလေးငယ်များပင် လမ်းလျှောက်တတ်လျှင် ကိုယ်တိုင်ဈေးဝယ်နေပြီ..။ မုန့်တွေဝယ်သည်.။ ခပ်တည်တည် ၀င်သည်။ လိုသည့်ပစ္စည်းယူသည်.။ အပြန်ကောင်တာမှာ ကလေးကိုင် ပိုက်ဆံ အိတ်သေးသေး လေးတွေထဲက အကြွေစေ့လေးတွေနှင့် အိမ်ရှင်မကြီး စတိုင် ငွေရှင်းလေ့ရှိသည်.။ သို့သော် ကလေးမို့ စနောက် ခြင်းမရှိ.။ ကောင်တာက စာရေးမကလည်း Cash စာရွက်နှင့်တကွ သေချာစွာ အမ်းလေ့ရှိသည်.။ ထို့ကြောင့် ထိုမြင်ကွင်းက ရိုးနေပြီ.။ သို့သော် ထူးဆန်းသည်က မိမိ ရုရှားရောက်ကတည်းက ထိုသို့ စုတ်ပြတ်နေသော ကလေးငယ်လေးကို မမြင်ဖူးခဲ့.။ သူကလေးကတော့ ခပ်တည်တည်ပါပဲ..။
          ကောင်တာမှာ တန်းစီနေတုန်း မြေပဲနည်းနည်းယူဖို့ သတိရသည်.။ ဗေကြီးကို ခဏစောင့်ခိုင်းပြီး အထဲ မှာ မြေပဲဝင်ယူသည်.။ စောစောက ကလေးမလေးက ဆယ်ရူဘယ်တန် ပေါင်မုန့် (၅) လုံးကို ခြင်းတောင်းလေးထဲ ထည့်နေတာ တွေ့ရသည်.။ အော်… သူပေါင်မုန့်တွေဝယ်နေတာပါလား..။ ကလေးငယ်အများစုဝယ်လျှင် ကလေးကြိုက်ချောကလတ်လို မုန့်မျိုးတွေဝယ်လေ့ရှိသည်.။ အဆာခံသော ပေါင်မုန့် ညိုကြီးတွေဝယ်ထားတာတွေ့တော့.. စိတ်ထဲမှာ တစ်မျိုးတမည်တော့ ဖြစ်သွားသည်..။ ကျွန်တော်မြေပဲယူပြီး ကောင်တာနားကို ပြန်လာတော့ အဆိုပါ ကလေးလေးကလည်း ကပ်ပါလာသည်.. မိမိနောက်တစ်ယောက်ကျော်က ၀င်တန်းစီသည်..။ သူကလေးက နောက်ဆုံးမှာ…။
          ကျွန်တော့်အလှည့်ရောက်တော့ ပစ္စည်းတွေ Sensor ဖြတ်ပြီး ပိုက်ဆံရှင်းသည်.။ ပြီးတော့ ပစ္စည်းတွေ အိတ်တွေထဲထည့်နေရင်း ဗေကြီးကို ခဏစောင့်ရသည်.။စောစောက ကလေးလေးက နောက်ဆုံးမှာပဲ ရှိနေတုန်း..။ ပစ္စည်းတွေထည့်ပြီးတော့ စောင့်နေတုန်း ကလေးကို မြင်နေရသည်.။
ခဏကြာတော့ သူကလေး ဟိုဟိုသည်သည် ငေးကြည့်နေရင်း ချောကလတ်တွေတင်ထားသည့် စင်ပေါ်ကို မျက်စိကရောက်သွားသည်.။ သူ့ခြင်းတောင်းထဲကို တစ်ချက်ပြန်ကြည့်ပြီး အ၀င်ပေါက်ဝ ဖက်ကို ထွက်သွားသည်.။ လုံခြုံရေးစောင့်သည့်လူက ခပ်စူးစူးကြည့်သည်.။ အလစ်သုတ်မည်လား ဆိုသည့် အကြည့် ဖြင့်.။
          ကလေးက အပေါက်ဝနားမှာရပ်သည်.။ အပေါက်ဝ ဖက်ကို လှည့်၍  အပြင်မှာစောင့်နေသော သူမ အမေနှင့် စကားလှမ်းပြောသည်.။ သူ့အမေကလည်း အ၀တ်အစားခပ်ညစ်ညစ် ၊ လက်ထဲမှာ ပွေ့ထားတာ ကလေးတစ်ယောက်၊ ကိုယ်ဝန်တစ်ခုကိုလည်း လွယ်ထားဆဲ.။ အောက်ခြေထဲက အောက်ခြေအကျဆုံး လူတန်းစားတွေမှန်း ကြည့်ရုံဖြင့် သိသာသည်.။
          ဘာရယ်မကြားရပေမယ့် သူမ ချောကလတ်စားချင်ကြောင်းပြောနေမှန်းရိပ်စားမိပါသည်.။ အမေက မျက်နှာထားတည်တည်ဖြင့် တစ်ခွန်းပြောလိုက်တော့ ကလေးငယ်က ငွေရှင်းကောင်တာ ဘေးက ချောကလတ်တွေတင်ထားသည့် စင်ပေါ်မှ ဈေးအပေါဆုံး ချောကလတ်လေးကို ရွေး၍ ခြင်းထဲထည့်သည်.။ ခုထိ ကျွန်တော်က စိတ်ဝင်တစားကြည့်နေတုန်း..။
          သူငယ်ချင်းဖြစ်သူလည်း ငွေရှင်းပြီး ကျွန်တော့်ဘေးမှာ ပစ္စည်းတွေထည့်နေပြီ..။ ကလေးငယ်ငွေရှင်း အလှည့် ရောက်ပြီ..။
“ ၆၅ ရူဘယ်ကျတယ်..”
ကောင်တာက စာရေးမက လေသံခပ်တင်းတင်းဖြင့် ဆိုသည်.။
သူမကလေးက ခပ်ညစ်ညစ် ရွှေဝါရောင်ဆံပင်လေးကို တစ်ချက်သပ်လိုက်ပြီး.။ ပိုက်ဆံအိပ် သေးသေးလေးကို ဖွင့်၍ အကြွေစေ့တွေကို ကောင်တာပေါ် မှောက်ချသည်.။ ကာပြတ် လို့ ခေါ်သော “ ပြား” စေ့ တွေ.။ ငါးမူးစေ့တွေ..။ အကြီးဆုံး အစေ့ကမှ နှစ်ကျပ် စေ့..။ သူကလေးက သက်ပြင်းချသည်.။ အားငယ်သော မျက်နှာလေးက အထင်းသား..။ ကျွန်တော့် ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားသည်..။ စောစောက နောက်က စောင့်နေရ၍ စိတ်မရှည်သော အဘိုးကြီးများပါ နှုတ်ဆိတ်သွားသည်..။ သူတို့ အားလုံး၏ အကြည့်တွေက ကလေးမလေးဆီမှာ..။
ဆံပင်လေးကို သပ်၍ သူ့နောက်က တန်းစီနေသူများကို မော့ကြည့်သည်.။ ပတ်ဝန်းကျင်က လူများကို ကြည့်သည်.။ အရက်ပုလင်း လာဝယ်သော အဘိုးကြီးက ကလေးမလေးကို ပြုံးပြသည်.။ အပေါက်ဆိုးဆိုး စာရေးမက စာနာသနားစွာဖြင့် အကြွေစေ့များကို စိတ်ရှည်လက်ရှည် ရေနေသည်.။
“ ရော့.ဒီအကြွေစေ့တွေ ပိုတယ်.။ မပျောက်စေနဲ့.. သေချာသိမ်းထား..”
“ ကျေးဇူးတင်ပါတယ်..”
ပိုသော အကြွေစေ့များကို အိပ်ထဲ ပြန်ထည့်သည်.။ စာရေးမက Cash စာရွက်ထုတ်ပေးတော့ သူမက မယူလိုကြောင်း ခေါင်းယမ်းပြသည်.။ သူကလေး ကျွန်တော်တို့ ဘေးက ဖြတ်သွားမှ မှင်သက်စွာ ကြည့်နေမိ သော မိမိတို့ နှစ်ယောက်စလုံး သတိပြန်ဝင်လာသည်.။
“ ဓါတ်ပုံရိုက်ထားလိုက်ရမှာကွ…”
“ အာ ဘယ်လိုဖြစ်မှာလဲ ဗေကြီးရာ.. သူအားငယ်သွားမှာပေါ့..။ ပြီးတော့ သူတို့ လူမျိုးတွေကလည်း ဘယ်လိုလုပ်ကြိုက်မှာလဲကွာ…”
“ သနားပါတယ်ကွာ.။ငါတို့သာ ကောင်တာ အထဲမှာရှိရင် သူစားချင်တဲ့ မုန့် ငါဝယ်ကျွေးပါတယ်…”
သူငယ်ချင်းက မချိတင်ကဲ ဆိုလာသည်..။ ဆိုင်ပေါက်ဝနားမှာ အဆိုပါကလေးမလေးက သူ့မိခင် လက်ထဲကို ပေါင်မုန့်ထုတ်တွေ အပ်နေသည်.။ ချောကလတ်ထုတ်လေးကိုတော့ လက်က ကျစ်ကျစ်ပါအောင် ကိုင်ထားသည်.။ ဒီပေါင်မုန့်ညိုကြီး ငါးချောင်းကပဲ သူတို့အတွက် တစ်ခုတည်းသော စားစရာလားဆိုတာ တွေးနေမိသည်.။ ပေါင် မုန့်နှင့်တွဲစားရန် ထောပတ်နှစ်၊ ကြက်ဥဆော့စ် ပင် မပါ..။
သြော်..ဘ၀တွေ..။
မလွယ်တာတွေ့ရင် ပိုခက်တဲ့ တစ်ခြားဘ၀တွေ.. ငဲ့ကြည့်ပါဦး ဆိုသော ကိုထီးသီချင်းကို သွားသတိရ ပြန်ပါလေသည်.။
 အပြန်လမ်းမှာ ထိုသားအမိက ရှေ့က ..။ မိမိတို့ နှစ်ဦးက အထုပ်တွေဆွဲလျက် ..နောက်က.။
အပြန်လမ်းမှာသူတောင်းစားသားအမိအနီးသို့ရောက်လာသည်..။ခုနကကလေးမလေးက လက်ထဲမှာ ဆုပ်ထားသည့် ချောကလတ်ထုတ်ကလေးကို ဖောက်သည်..။ ချောကလတ်လေးကို တစ်ပိုင်းချိုး၍ သူတောင်း စား အမျိုးသမီး၏ လက်ထဲကို ထည့်လိုက်သည်..။
        မိမိတို့ အံ့သြရသည်.။ ရင်တွင်းမှာ Shock အကြီးကြီးရမိသည်..။စိတ်ထဲမှာ ဆရာဖေမြင့် ဘာသာ ပြန်သည့် နှလုံးသား အာဟာရ ရသစာများ ထဲက Dan Clark ၏ The Circus ကို သတိရလိုက်မိသည်.။
ကျွန်တော်သည် အလှူအတန်း ကုတ်ကပ်သူမဟုတ်ပါ.။ ပရဟိတ သမားတစ်ဦး ဖြစ်ခဲ့ပါသည်.။ မိမိ တတ်နိုင်လာတိုင်း၊ မိမိ ပိုက်ဆံ ပိုလျှံသည့်အခါတိုင်း၊ လစဉ် လစာထုတ်တိုင်း အလှူအတန်းလုပ်ခဲ့ပါသည်.။ ပရဟိတ အသင်းတွင်လည်း တာဝန်ခံ အဆင့်အထိ တက်ကြွစွာ ဆောင်ရွက်နေသူဖြစ်ပါသည်.။
သို့ရာတွင် ယခုကဲ့သို့ မြင်ကွင်းကိုမူ တစ်ခါမျှ မမြင်ခဲ့ဖူးပါချေ..။ ကုသိုလ်၊ အကုသိုလ် နားမလည်သည့် တိုင်းပြည်၊ ကွန်မျူနစ်ဝါဒ ထွန်းကားသည့် တိုင်းပြည်၊ No race, no religion, nothing, all are equal, same oppotunity, no special chance ဆိုတာမျိုးတွေ အသက်ဝင်တက်ကြွသည့် တိုင်းပြည်တစ်ခုတွင် ဤ မျှ လောက် လူသားဆန်သည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မထင်မှတ်ခဲ့မိပါချေ..။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်သူမဟုတ်သော်လည်း လူသားတစ်ဦး၏ လူသားချင်း စာနာထောက်ထားသည့် မြင်ကွင်းက ကျွန်တော့် အား အကြီးအကျယ် အံ့အားသင့်စေခဲ့ပါသည်.။
ပရဟိတ ..တဲ့..။
စာလုံးလေးက ရိုးရှင်းစွာပင်ရှိပါချေသည်.။ ငွေတစ်ထောင် ပိုင်ဆိုင်သူ တစ်ရာလှူသည်မှာလည်း အလှူ အတန်း ဖြစ်ပါသည်.။ ပရဟိတ ဟုခေါ်ဆိုနိုင်ပါသည်.။ စောစောက ကလေးမလေးကရော.. ။
သူတို့ မိသားစု၏ ညစာထဲက ဖဲ့၍ ခဲခဲယဉ်းယဉ်းဝယ်ထားရသည့် ချောကလတ်လေးကို သူမအလွန် နှစ်ခြိုက်ပါလိမ့်မည်.။ သူ့မိခင် အငြိုငြင်ခံ၍ ပင်သူမ ၀ယ်ခဲ့ရသည်မဟုတ်ပါလား...။ ယခု သူမအလွန်နှစ်ခြိုက် သည့် ချောကလတ်လေး ၏ တစ်ဝက်ကိုပင် သူမ လှူဒါန်းခဲ့သည်မဟုတ်လား..။
ပေးလှူခြင်း၏ အရသာကို အပြည့်အ၀ ခံစားလိုက်ရသော်လည်း အပြည့်အ၀ နားမလည်နိုင်သည့် ကလေးမလေး.။ ဖြူစင်မြင့်မြတ်သော စိတ်ဓါတ်နှင့်ယှဉ်နေသော ညစ်ထေးနိမ့်ကျသည့် လူနေမှု အသုံးအဆောင် များ..။
သူကလေးကတော့ ခြေတစ်ဖက်ချင်း ရှပ်၍ ရှပ်၍ မြူးထူးလွတ်လပ်စွာပြေးသွားပြီ..။ ကျွန်တော်တို့ နှစ်ယောက်ကတော့ ပါးစပ် အဟောင်းသားနှင့် ငေးမောနေတုန်း….။
~မိုးသက်ဦးလွင်~
 (၈-၉-၂၀၁၃)       




Thursday, September 5, 2013

ပေါက်ကရ ဘလော့ဒေး...

   
    လောကဓါတ်တစ်ခွင်သည် မဲမဲ မှောင်လျက်ရှိသည်.။ နေ့ခင်းက မပူသောကြောင့် ညခင်းသည်လည်း မသာ လှချေ.။ ခပ်ထိုင်းထိုင်းဥတုနှင့် လိုက်ဖက်ညီသော လရောင် မှုန်ဝါးဝါးသည် တိမ်ညိုများကြား ပုန်းလျှိုး ကွယ်လျှိုးဖြင့် သူရဲဘောကြောင်လျက်ရှိသည်.။
    ငမိုးကား ကံကောင်းလှသူတည်း..။ အဆောင်သစ်သို့ ပြောင်းရွှေ့ပြီးသကာလ. နေရာထိုင်ခင်း ရွေးချယ် ကြလေရာ ကံကောင်းသူ ငမိုးသည် မီးဖိုခန်းနှင့် ကပ်လျက်အခန်းသို့ကျလေရာ အခန်းတွင်း၌ ညှော် နံ့ တသင်းသင်းရှိလေသည်.။ တစ်ဖန် .. ဘုရားခန်းအတွက် အခန်းတစ်ခန်း ဖယ်ရပြန်လေရာ ပိုထွက်လာ  သော လူ(၂) ယောက်မှ တစ်ယောက်ကို လက်ခံရ ပြန်၏။ အများတကာ (၂) ယောက်ခန်းတွင် နှပ်   နေရချိန် ငမိုးတို့ (၃) ယောက်မှာ မူ (၂) ယောက်ခန်းအတွင်း ညှော်နံ့ကလေး တသင်းသင်းဖြင့် နေရ ပြန်  လေသည်.။ အခန်းတွင်းရှိ “ မိုးကျရွှေကိုယ်” သူငယ်ချင်းမှာ အေးဆေး ငြိမ်သက်သူ ဖြစ်၍ တော်ပေသေး သည်.။
        ကျောင်းကား ဖွင့်ချေပြီ..။ ဖွင့်ဖွင့်ချင်းဆောက်နှင့်ထွင်းထက်ပင် မဖွင့်ခင် ကြိုထွင်းထားနှင့်သော ငမိုး တို့ ဆရာသည်. နွေကျောင်းပိတ်ရက် အတွင်းပင် ဖုန်းဆက်၍ အိမ်စာပေးလေရာ. ဆရာပေးသောစာတမ်း ကို ကျောင်းဖွင့်စရက်တွင်ပင် တင်ရပြန်လေသည်.။ ဂျူနီယာများ ရောက်လာ၍ မှင်ဖြင့် နေနေသော်လည်း လူမှာမူ ခနော်ခနဲ့ ဖြင့် အားပြတ်လုလု ဖြစ်နေလေသည်.။
     ထိုသို့ ကျတ်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်းသော အချိန်အခါသမယတွင် အထူးပင် မအားလပ် လှသော ငမိုးထံသို့ တဂ်ပို့စ် တစ်ပုဒ်ထပ်မံရောက်လာလေသည်.။ ရေးလိုသော်လည်း အချိန်မပိုသော ငမိုး တစ်ယောက် တစ်လောက နွေလ ပို့ထားသော တဂ်ပို့စ်ပင် မစရသေး..။ ယခု တဂ်ခံရပြန်သောအခါ ဗျာ များသွားပြန်လေသည်.။ တဂ်ကား ဘလော့ဒေး .ဟူ၏.။
     မည်သူက ထွင်လိုက်သည်မသိ..။ စီနီယာများလည်း ဖြစ်၊ ငမိုးကို ဆူ၊ အော်၊ ဖဲ့၊ နောက်၊ ကလိကလိ လုပ်လေ့ရှိကြသော စီနီယာ အစ်ကို အစ်မများ ဖြစ်ကြသည့်. အစ်မမဒမ်ကိုး၊ အစ်မသကြားပိန်၊ ဘမှုံ၊ ကိုမောင်တစ်ခြမ်း(တစ်ခြမ်းကြွက်ကိုက်ခံရဟူ၏) တို့က ဘလော့ဒေးဟု တညီတညွတ်တည်း ဆိုကြကုန်၏.။ တတ်နိုင်သမျှ လူမသိသူမသိ တိတ်တိတ်ကလေး ပုန်းနေသော ငမိုးမှာ ခြေခင်းလက်ခင်း မသာသော အခါ ဘယ်တုန်းကတုန်း ဟု အရူးကွက်နင်းမည် ကြံ၏.. စာမေးပွဲရှိသလိုလို၊ ကွန်ပျူတာ ပျက်သလိုလို လုပ်မည်ကြံသေး၏ .။ ယနေ့မူ ပေါ်ချေပြီ.။ အားလုံး မေ့နေကြပြီ ထင်သော် လည်း ဘမှုံ ဖော်ချေပြီ..။ ငမိုး ချောင်ခိုနေတာ လူမိချေပြီ..။
     ဤ ပို့စ်မရေးမီ တစ်ရက်က ချစ်အစ်မ သကြားပိန်နှင့် စကားပြောဖြစ်သေးသည်.။ မြန်မာပြည်ကို လွမ်းသည် ဟုတစ်ခွန်းဟ ရုံရှိသေး..။ ရည်းစားဘယ်တုန်းက ရသတုန်း တန်းမေးသည်.။ မိမိပင် ဖျားသွား သည်.။ နင်ရေးတာတွေကြည့်ပြီး ငါတန်းသိတယ်. ဟု အတတ်ပြောလေသည်.။ မိမိထက် ထမင်းစော စား လာမှန်း သတိရသည်.။ အစ်မဖြစ်သူ၏ လူကဲခတ် skill ကိုလည်း ဖျားချင်ချင် ဖြစ်သွားသည်.။ မိမိမှာ ယခု ထိ Public ထုတ်ပြရ နိုးနိုး၊ တိတ်တိတ်ကလေးပဲ ထားရနိုးနိုး ချိန်နေတုန်း.။ အစ်မတော် လုပ်သူက သိနေ ချေပြီ.။ အနှီငမိုးကား လူရိုးတည်း...။ သို့ရာတွင် မိမိကိုယ်ကိုယ် မူ လူလည်ဟု ထင်မိလေသည်.။ အမှန်စင်စစ်မူကား ငမိုး၏ နုံကွက်၊ အကွက်များအပြင် အခြား အကြောင်းချင်းရာ များလည်း ရှိသင့် သလောက် ရှိနေသေး၏.။
     ငယ်စဉ်ကလေးဘ၀က ခဲဖျက်နှာခေါင်းထဲ ၂ ခါဝင်၊ ပြောင်းဖူးစေ့တစ်ခါဝင်၊ လည်ချောင်းထဲ ဆယ်ပြား စေ့ တစ်ခါဝင်သည့် ဇာတ်လမ်းများကား လူတိုင်းသိပြီးဖြစ်၏.။(ရေးပြီးဖြစ်သည်.) ။ လူမသိသေး  သော အကြောင်းအရာ များစွာထဲတွင် ငမိုး ဖွတ်မေ့ ပုတတ်မေ့ အလွန်မေ့တတ်ကြောင်းလည်း ပါသေး၏ ။ သတိထား၍ နေပါသော်လည်း ယခုအထိ မျက်မှန်မကြာခဏ မေ့ကျန်၍ ကျောက်သင်ပုန်းမှ စာကို မမြင်ရ  သောကြောင့် အဆောင်ရောက်မှ ပြန်ကူးရသည့် ရက်ပေါင်းလည်း မနည်းတော့.။ သို့ရာတွင် မေ့သည်ကား ယခုမှ မဟုတ်. ။ ငယ်စဉ်တောင်ကျေး ဟိုသည်ပြေး ဘ၀ကတည်းက မေ့တတ်ခြင်း ဖြစ်သည်.။ တစ်ခါက  စာဖတ်သန်သူ ငမိုး စာအုပ်အငှားဆိုင်မှ ငှားရမ်းထားသော စာအုပ်ကို ပြန်သွားအပ်သည်.။ အပြန်တွင် အပ် နှံပြီးသော စာအုပ် ပြန်ပါလာလေသည်။ မိမိကိုယ်ကိုယ် စိတ်တိုမိရကား စက်ဘီးဖြင့် နောက်တစ်ကြိမ်   ပြန်သွားအပ်သော အခါတွင်မူ၊ အပြန်တွင် စီးသွားသော စက်ဘီးမေ့ကျန်ရစ်ပြန်လေသည်.။ ထိုမျှ လောက် မေ့သော ငမိုးသည်.တပ်မတော်နည်းပညာဗိုလ်လောင်းသင်တန်းအတွက် ၀င်ခွင့်ဖြေ ဆိုသော အခါတွင် ခုံနံပတ် မေ့၍ နာရီဝက်နောက်ကျမှ ဖြေဆိုရလေသည်..။
       စစ်တက္ကသိုလ်ရောက်သောအခါတွင်မူ မိမိကိုယ် မိမိ ပြန်လည် ပြုပြင်ရလေသည်.။ သားတော်မောင် အကြောင်းကို ကောင်းစွာ သိရှိသော ဖခင်သည်.။ အဝေးပြေးကားစီးတိုင်း၊ တက္ကစီ စီးတိုင်း ကားနံပတ်ကို  သေချာစွာ မှတ်၍ အိမ်တွင် ပြန်လည်စစ်ဆေး၏.။ စစ်တက္ကသိုလ်ရောက်သောအခါ မေ့လျော့ သော  အကျင့်က အတော်ပင် လျော့ပါးသွားလေသည်.။ သို့ရာတွင် အလျှင်းပျောက်သွားသည်ကား မဟုတ်၊ ရံဖန် ရံခါ အလုပ်ရှုပ်သော ၊ အလျင်လိုသော အခါများတွင် တစ်ဖန်ပေါ်ပေါက်လာတတ်ပြန်လေသည်.။
     မိမိအကြောင်းကို မိမိပြန်လည် သုံးသပ်နေခြင်းသက်သက် ဖြစ်လေသည်..။ တစ်နည်းအားဖြင့် ဆိုရပါမူ မိမိလာရာလမ်းသို့ နောက်ကြည့်မှန်မှ ပြန်ကြည့်ခြင်းဖြစ်လေရာ. နောက်ကြောင်းပြန်လှည့်သူဟု မစွပ်စွဲရန် မူ အထူးအရေးကြီး၏.။ ငမိုးဘလော့ကိုလာသူများမှာလည်း ငမိုးအကြောင်းကို ပါးစပ်ဟလျှင် အူဘယ်နှခွေ ရှိမှန်းသိသူများချည်း ဖြစ်လေရာ.“ ဟင်...လာလာချည်သေး..လုပ်တော့ တလွဲ..” ဟု ထုတ်မပြောရုံသာ ရှိ၍ တကယ်တမ်းမှာမူ.. “ နင်ဟာလေ.. အမှတ်သည်းချေကို မရှိဘူး..” စသဖြင့် ဆူပူငေါက်ငန်း ကြလေ သည်.။
    ယခုတစ်လော ဖွဘုတ်တွင် တနင်္လာသမီးလေး ခ၀၀ အထူးခေတ်စား၏.။ ၁၉၉၄ ဂျူလိုင် ၂၁ တွင် မွေးသူ ဖြစ်ရာ ဂျူလိုင်ဖွားဖြစ်၍ ဥာဏ်ရည်ထက်မြက်ခြင်း၊ ရုပ်ရည်ချောမော ခြင်းမှာ အထူး ပြောရန် မလို.။ အထူးသဖြင့် ဂျူလိုင် ၂၀ ၀န်းကျင်မွေးသူများမှာ အထူးပင် ထူးချွန်ပြောင်မြောက်၍ ချောမော လှပ ကြသည်ဟု ကမ္ဘာ့ နက္ခတ်ဆရာကြီးများက တညီတညွတ်တည်း ဆိုကြသည်..။ ခ၀၀၏ ရုပ်ဆင်းသဏ္ဍာန် မှာ ထူးခြား၏.။ တစ်ခါမြင်လျှင် နောက်တစ်ခါ ထပ်ကြည့်ချင်မည့် ရူပါမျိုးဖြစ်၏.။ အချို၊ အချဉ်၊ အငန် ပြည့်စုံသော ဟင်းတစ်ခွက်ကဲ့သို့.. အပိုအလိုမရှိ၊ ပြည့်စုံလှသည့် ရုပ်ရည်မျိုးဖြစ်လေ၏.။ အနှီလုံမငယ်သည်. အင်ဒိုမယ် နှင့် ဓါတ်ပုံတွဲရိုက်ကာ ချီးမွှမ်းခန်းဖွင့်သည့် ကိစ္စဖြင့် မြန်မာဟက်ကာများဖြင့် ပြဿနာ တက်ပြန်လေရာ...မည်သို့ပင် ဆိုစေကာမူ မိမိ အမျိုးကို နိုင်စေလိုသော ငမိုးသည်. ခ၀၀ နှင့် ဟက်ကာများ ကြား အပူတပြင်း စေ့စပ် ညှိနှိုင်းရပြန်လေသည်.။ ငမိုး၏ ကြိုးပမ်းအားထုတ်မှုကြောင့် လူဇင်ဘတ်မယ်အနိုင်ရခါနီးမှ သီသီကလေး ကပ်နိုင်သွားလေသည်.။သို့ဖြစ်လေရာ. အဆိုပါဆုကို ခ၀၀ ရရှိခဲ့လျှင် ငမိုး ကြောင့်ဟု မှတ်ယူကြပါကုန်..။
     ပေါက်ကရရေးစရာကား မထွက်တော့ချေပြီ.။ ခေါင်းကား နောက်ကျိကျိရှိချေ၏..။ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှင်မူ မျက်စိတစ်ဖတ်မှိတ်ပြမည်ဖြစ်သည်.။ ဘလော့ဒေးသည်လည်း ဘလော့ဒေးသာ ဖြစ်၏.။ မိမိမှာ မနှစ်ကလည်း အဘယ်သို့ သွား “ သေ” နေသည်ကို မမှတ်မိ.။ ဘလော့ကား ၂ နှစ်ပြည့်လုချေပြီ..။ အခြားသူများရေးသော ပို့စ်များကား အနှစ်သာရ အပြည့် ရှိလှချေသည်.။ ပေါက်ကရကောင် ငမိုးရေးသော ပေါက်ကရစာသည်... ပေါက်ကရ အစု အဝေးတစ်ခုသာ ဖြစ်ချေသည်.။ ထိုအစုအဝေးများ မျောပါနေသော ပေါက်ကရ စီးကြောင်းတစ်ခု သည် မည်သည့်အချိန်အထိ ရပ်တန့်ခြင်းကင်းလျက် မျောပါနေဦးမည် ဆိုသည်မှာမူ.....။

~မိုးသက်ဦးလွင်~




Monday, August 12, 2013

ဆုတောင်း


ချစ်ခြင်းသံစဉ်
ပဲ့တင်ရစ်ခတ်
ပင့်သက်လှိုက်ဖို
ရှိုက်မက်ဆိုမိ
ထိုထိုဘဝ
ဖြစ်သမျှတွင်
ဘုံအဂတိ
သုဂတိလည်း
မသိမမြင်
ထာဝစဉ်တိုင်
ကြင်ကြင်နာနာ
သူနှင့်သာဟု
ရင်မှာစေ့ငု
တောင်းဆုပြုသည်
ယခုမှစ ပြည့်ရစေ..။

~မိုးသက်ဦးလွင်~
 (တစ်လပြည့်အထိမ်းအမှတ်အနေနဲ့ ရေးတဲ့ကဗျာလေးပါ)



Saturday, August 3, 2013

ကွမ်းညှပ်ကြီး


 “ ဟေ့ ဒီနေ့ သူကြီးနဲ့ ဖိုးသူတော် ကွမ်းညှပ်ကြီးဆီမှာ အဆုံးအဖြတ်ခံကြမတဲ့... ၊ ဘယ်သူကတော့ လက်ပြတ် ပြီး ရွာနှင်ခံရမလဲမသိဘူးဟေ့..”
ညှပ်ကြီးရွာသူရွာသားများ အကြား လှုပ်လှုပ်ရွရွဖြစ်နေသော စကားတစ်ခု ဖြစ်ပါသည်.။ 
ရွာအမည်ကလည်း ဆန်းသည် “ညှပ်ကြီး” ရွာ. ။
သူတို့ရွာမှာ ရှေးဘိုးစဉ်ဘောင်ဆက်ကတည်းက သူကြီးမင်းအဆက်ဆက် ယုံကြည် အားထားလာခဲ့ သော ကွမ်းညှပ်ကြီးတစ်ခုရှိပါသည်.။ ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏ ဆိုသည့် စကားတော့ မှန်မမှန်မသိ.။ ကွမ်းညှပ်ကြီးကတော့ ယခုထိ မှားယွင်းသည် ဟူ၍ မရှိဖူးသေး.။ ကွမ်းညှပ်ကြီးကား နှယ်နှယ်ရရမဟုတ်.။ မည်သည့်လောကီပညာရပ်များဖြင့် စီရင်ထားသည် မသိရပဲ.ကွမ်းညှပ်ကြီးထဲ လက်ထည့်ကာ သစ္စာဆိုပါက မှားယွင်းခဲ့လျှင် လက်ကို ညှပ်၍ အလိုအလျောက် ဖြတ်တောက်ပစ်သည် မဟုတ်ပါလား.။ ဥပမာ ရွာထဲတွင် လူနှစ်ဦး ငွေကိစ္စ အငြင်းပွား ခဲ့သည်ဆိုပါအံ့ .။ ထို လူနှစ်ဦး သစ္စာဆို၍ ကွမ်းညှပ်ကြီး အတွင်းလက်ထည့်ကာ တစ်လှည့်စီ အဆုံးအဖြတ်ခံရသည်. ။ အကြင်သူ တစ်ဦးတစ်ယောက်သည် မရိုးဖြောင့်ပဲ လိမ်ညာသည် ဖြစ်အံ့.။ ကွမ်းညှပ်ကြီးက ထိုသူ၏ လက်ကို ဖြတ်ပစ် လိုက်တော့သည်.။ သို့ဖြစ်လေရာ. ညှပ်ကြီးရွာတွင် သူခိုးသူဝှက် မရှိ၊ အငြင်းပွားသည်မရှိ ၊ မရိုးဖြောင့်သူ မရှိ ဟု ရွာနီးချုပ်စပ်များတွင်ပါ နာမည်ကြီးလေသည်.။
ထိုသို့သော ကွမ်းညှပ်ကြီးကို ရွာအလယ်ခေါင် သူကြီးမင်းအိမ်ရှေ့တွင် ရာဇမတ်ကွက်များကာရံကာ အစောင့် အကြပ် မပြတ်စေပဲ ထားလေသည်.။ ကွမ်းညှပ်ကြီးကား အရှည်တစ်တောင် နီးပါးခန့်ရှိပြီး ၊ ပုံမှန် သွေးလေ့ရှိသော ကြောင့် ထက်မြ၍ နေလေသည်.။ လွန်ခဲ့သော တစ်ပတ်ခန့်က ကွမ်းပွဲစား ဦးမြမောင်နှင့် သူရင်းငှား မောင်ဝင်းသူ တို့ အခြေအတင်ဖြစ်၍ အဆုံး အဖြတ်ခံကြရာ ကွမ်းပွဲစား ဦးမြမောင် လက်ပြတ်၍ ရွာ နှင်ဒဏ်ပေးခံရလေသည်.။
ယခုမူ အမှုအခင်း ဖြစ်လာချေပြီ.။ အမှုအခင်းဖြစ်သူက အခြားသူမဟုတ်.။ ရွာဦးကျောင်းဘေးမှ ဖိုးသူ တော်နှင့် သူကြီးမင်းကိုယ်တိုင်ပင် ဖြစ်ချေသည်.။ လွန်ခဲ့သော သုံးလခန့်က ဖိုးသူတော်မှ သူကြီးမင်းထံ ဖိုထိုးရန် အကြောင်းပြချက်ဖြင့် ရွှေအစိတ်သား ချေးယူထားခဲ့ပြီး ပြန်မပေးသေးပဲ ငြင်းဆန်သည်ဟု သူကြီးမှ စွပ်စွဲသည်.။ ဖိုးသူတော်မှလည်း မိမိ ပေးပြီး ဖြစ်ကြောင်း သူကြီးမင်းမှ လိမ်လည်ကြောင်း ပြန်လည် စွပ်စွဲလေသည်.။ သို့ဖြစ်၍ ယနေ့ညနေတွင် သူကြီးမင်းနှင့် ဖိုးသူတော် ကွမ်းညှပ်ကြီးတွင် အဆုံး အဖြတ်ခံကြမည် ဖြစ်သည်.။
“ ဟဲ့… သာအေး နွားတွေမြန်မြန်သိမ်းစမ်း. ဒီနေ့ညနေ သူကြီးနဲ့ ဖိုးသူတော် ကွမ်းညှပ်ကြီးဆီမှာ အဆုံး အဖြတ်ခံကြမတဲ့..”
“ မိဘုတို့ စာဥတို့ ညည်းတို့တစ်တွေ ထမင်းစောစောစားထား ကြ.၊ ညနေကျရင် သူကြီးမင်းနဲ့ ဖိုးသူ တော် ကွမ်းညှပ်ကြီးမှာ သစ္စာပြုကြမှာတဲ့..”
ညနေစောင်းသော်..ညှပ်ကြီးရွာကား လှုပ်လှုပ်ရွရွ ဖြစ်နေချေပြီ.။ သူကြီးမင်းအိမ်ရှေ့ တရားစီရင်သော ကွမ်းညှပ်ကြီး တရားခွင်တွင်လည်း ပရိသတ်အပေါင်းက ရှုစားလျက်ရှိလေသည်.။           အချို့ကလည်း သူကြီးမင်းကတော့ လုပ်မှာမဟုတ်.၊ ဖိုးသူတော် ပြန်မပေးတာ ဖြစ်မည်ဟု ထင်ကြေး ပေးကြလေသည်.။
အချို့ကလည်း ဖိုးသူတော် ပြန်ပေးပြီးလျက် သူကြီးမင်း မေ့လျော့စွာ ပြန်တောင်းနေခြင်းဖြစ်သည် ဟု ယောင်ဝါးဝါးပြောကြလေသည်.။
“ အားလုံး ငြိမ်ငြိမ်နေ…”
သူကြီးမင်းကိုယ်တိုင် တရားလို ဖြစ်နေ၍ ခေတ္တသူကြီးမင်းဖြစ်နေသူ ရွာဦးကျောင်းဆရာတော်မှ တစ်ချက်ဟန့် လိုက်ရာ ကျွတ်စီ ကျွတ်စီ ဖြစ်နေသော လူအုပ်ကြီးမှာ မီးကိုရေနှင့် ငြှိမ်းလိုက်သကဲ့သို့ ရှဲကနဲ ငြိမ်ကျသွားလေသည်.။
တရားလို သူကြီးမင်းနှင့် ဖိုးသူတော်တို့ ကွင်းပြင်ကြီးအတွင်းသို့ ၀င်လာကြပြီ.။
သူကြီးမင်းမျက်နှာက မကျေမချမ်းဖြစ်နေသည့်ပုံ.။ အနည်းငယ်ရှက်နေပုံလည်း ပေါ်သည်.။
ဖိုးသူတော်ကတော့ ခပ်တည်တည်၊ ခပ်အေးအေး ပုံ.တောင်ဝှေးကို တစ်ချက်ချင်းထောက်လျက် ..ဖြည်းဖြည်းပင်ထွက်လာသည်.။
ကွမ်းညှပ်ကြီးရှေ့ရောက်တော့ နှစ်ဦးစလုံး သစ္စာဆိုရန်ပြင်ကြသည်.။
“ ကျုပ်အရင် သစ္စာပြုမယ်.။ သူတော်ကြည့်ထားပေတော့..”
ရွာသားများအားလုံး အသံများတိတ်ဆိတ်သွားသည်.။ အပ်ကျသံပင်ကြားရမတတ် ဆိတ်ငြိမ်သွားပြီး အာရုံစူးစိုက်၍ သူကြီးမင်းသစ္စာပြုသည်ကို မျက်တောင်မခတ်ပဲကြည့်နေကြသည်.။
သူကြီးမင်းက ခပ်ပြတ်ပြတ်ပြောပြီး လက်မောင်းကို ပင့်သည်.။ ကွမ်းညှပ်ကြီးပေါ်ကို လက်ဖျံတင်လိုက် သည်.။
“ ကျွန်ုပ်သည်. လွန်ခဲ့သော သုံးလက ဖိုးသူတော်ထံ ရွှေအစိတ်သားချေးငှားခဲ့ပါသည်.။ ကျွန်ုပ်ပြန် တောင်းသော်လည်း ဖိုးသူတော်မှာ ပြန်မပေးရသေးပဲ ပေးပြီးကြောင်း ငြင်းဆိုပါသည်. ။ အကယ်၍ ကျွန်ုပ်၏ ထွက်ဆိုချက် မှားယွင်းပါက ကျွန်ုပ်၏ လက်ဖြတ်တောက် ခံရပါစေသား..”
ကွမ်းညှပ်ကြီးမှာ တုတ်တုတ်မျှမလှုပ်.။
သူကြီးမင်းက ခဏစောင့်ကြည့်ပြီး.။ ဖိုးသူတော်ဖက်လှည့်ပြီး.ခင်ဗျားအလှည့် ဆိုသည့်ပုံစံဖြစ်မေးငေါ့ပြ သည်.။ ရွာသူရွာသားများကလည်း လူလိမ်ဖိုးသူတော်တော့ လက်ပြတ်ရှာပြီဆိုသည့်အကြည့်ဖြင့် ကြည့်၍ သူကြီးမင်းကိုမူ ယုံကြည်ကိုးစားသော မျက်ဝန်းများဖြင့် တစ်ဖန်ကြည့်ရှုကြပြန်သည်.။
ဖိုးသူတော်ကခပ်အေးအေးပင် လက်သုံးတော် တောင်ဝှေးကို နံဘေးရှိ သူကြီးမင်းထံ ကမ်းပေးပြီး .. လက်ဖျံကို ကွမ်းညှပ်ကြီးပေါ်တင်လိုက်သည်.။
“ ကျွန်ုပ်သည်.. လွန်ခဲ့သောသုံးလခန့်က သူကြီးထံမှာ  ချေးယူထားသော ရွှေအစိတ်သားကို သူကြီး လက်သို့ပြန်ပေးပြီး ဖြစ်သည်. ။ကျွန်ုပ်၏ စကား မှားယွင်းပါက. ကျွန်ုပ်၏လက် ဖြတ်တောက်ခြင်း ခံရပါစေ သား”
ကွမ်းညှပ်ကြီးမှာ တုတ်တုတ်ပင်မလှုပ်..။
ကြည့်နေကြသော လူအုပ်ကြီးမှာ ဟာကနဲ ဟင်ကနဲ ဖြစ်သွားသည်.။ သူကြီးမင်းမှာလည်း မယုံကြည်နိုင်လောက်သော အကြည့်ဖြင့် ဖိုးသူတော်ကိုတစ်လှည့် ကွမ်းညှပ်ကြီးကို တစ်လှည့်ကြည့်သည်.။
ဖိုးသူတော်က အေးအေးဆေးဆေးပင် သူကြီးလက်မှ လက်သုံးတော် တောင်ဝှေးကို ပြန်ယူလိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ. တရားခွင်မှ ပြန်လည်ထွက်သွားတော့သည်.။ လူအုပ်ကြီးကတော့ အုန်းအုန်း ကျက်ကျက် ဖြစ်ပြီးကျန်ခဲ့လေသည်.။
      ဖိုးသူတော် ကျောင်းသို့ပြန်ရောက်သောအခါ သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်သုံးတော်တောင်ဝှေး အတွင်း ထည့်သွင်းထားသော ရွှေအစိတ်သားကို ထုတ်ယူသိမ်းဆည်းလိုက်လေသည်.။
          ညှပ်ကြီးရွာမှ ခုံသမာဓိ ကွမ်းညှပ်ကြီးသည်လည်း လှည့်စားခံရသော နေ့မှစ၍ မည်သည့်အခါမှ တရားစီရင်နိုင်ခြင်း မရှိတော့ချေ..။

(ငယ်စဉ်က ဖခင်ပြောခဲ့ဖူးသော ပုံပြင်တစ်ခုကို အသွင်ပြောင်းဖန်တီးပါသည်.)



Wednesday, July 31, 2013

ဖြစ်ကြောင်းရယ်ကုန်စင်....


“ ဘီခန်းမှာ မေးခွန်းခိုးကြည့်လာတယ်တဲ့ သွားမေးကြဦး...”
ဆူဆူညံညံ အသံများဖြင့် ယောက်ျားလေး အိမ်သာ အပေါ့သွားသည့် “ ပန်းခြံ” အတွင်းမှ ဖြစ်ပါသည်.။ 
        ယောက်ျားလေး များက မိန်းကလေးလိုမဟုတ်.။ မေးခွန်းသိလျှင် မျှဝေကြသည်.။ မိန်းကလေးများက ကိုယ်သိလျှင် ကြိတ်ဖြေကြသည်.။ အပေါ်ယံသာပေါင်းကြပြီး စိတ်ထဲမှာတော့ အမြဲတမ်း ပြိုင်ဆိုင်နေကြသည်.။ ဒါက ငမိုးတို့ အားလုံး သိသည့် မိန်းကလေး တို့အကြောင်း.။ 
ဒီနေ့ ဖြေမည်က စာမေးပွဲတော့မဟုတ်.။ စာမေးပွဲနီးလာသဖြင့် သမိုင်း ဓမ္မဓိဋ္ဌာန် မေးခွန်း များအစမ်းဖြေမည်ဟု မနေ့က သမိုင်းဆရာမ ပြောထားသည်.။
ဆိုတော့ ယနေ့ ၁ မှတ်တန်များ ခေါင်းမူးနေအောင်ဖြေရဦးမည်.။ မေးသည့် ဆရာမကလည်း ၀ါရင့် ဆရာမကြီး.။ မေးခွန်းကို ခေါင်းမူးနေအောင် ပညာပြပြီး မေးတတ်သည်.။
           ငမိုး ဘီခန်းဖက် အရောက် ဘီခန်းထဲက ထွက်လာသည့် ငမိုးဘော်ဒါ အိုက်စိုင်း နှင့် တွေ့သည်.။
               “ အိုက်စိုင်း.. မင်း မေးခွန်းတွေကူးခဲ့လား..”
        အိုက်စိုင်းက အေးဆေးပဲဆိုသည့် အထာဖြင့် လက်မထောင်ပြသည်...။
            “ ငါ့ကိုလည်း ပြောဦးလေ..”
အိုက်စိုင်းက ငမိုးလက်ကို ဆွဲသွားပြီး ဟောခန်းကြီး ဘေး ငှက်ပျောပင်တွေနားကျမှ ပြောသည်.။
“ ဒီနေ့မေးမှာက မှန်၊မှား ပဲ ဖြေရမှာကွ.. ငါအကုန်ကြည့်ခဲ့ပြီးပြီ.။ ကြည့်တာမှ Marking scheme ကြီးကိုကို ကြည့်လာတာ..။ နံပတ် (၁) က မှန် ကွာ.။ အောက်က ဟာတွေ တစ်လှည့်စီ မှန်၊ မှား၊ မှန်၊ မှား ပဲ...”
“ ဟာ အိုက်စိုင်းရာ..မင်းဟာက သေချာလို့လားကွာ...”
“ မှားရင်.ငါ့ခေါင်းကို မင်းညီမလေး ထမင်းချိုင့်နဲ့ ရိုက်ကွာ..”
ညီမလေးထမင်းချိုင့်မှာ ကျောင်းတွင် အကြီးဆုံးဖြစ်ပါသည်..။
            ငမိုးနည်းနည်းတော့ ယုံသွားသည်.။ နောက်ထပ် ဘီခန်းဖက်မှ ထွက်လာသူက ရဲလင်းအောင်..။ ငမိုး ထပ်မေးကြည့်တော့ သကောင့်သားကလည်း ထိုနည်းအတိုင်း ပြန်ဖြေသည်.။
              ဟုတ်တော့ ဟုတ်နေပြီ...။ ခါတိုင်းဆိုလျှင် Unseen မေးခွန်းများမေးတိုင်း ငမိုးတို့က နာမည်ကြီး.။ ကျောင်းမှာ ဂျမ်းဘုံဟု ပြောင်ခေါ်ကြသော အိဖူးဝေ တို့၊ ကျယ်ဘော (သိပ္ပံပညာရှင်များသည်ကျယ်ပြန့်သော သဘောထားရှိသူများဖြစ်သည်) ဟု ပြောင်ခေါ်ကြသော ယမင်းသူ(Neon Thet Htar)၊ မနက်ပိုင်းတစ်စုံ ညနေပိုင်းတစ်စုံ ၀တ်သော ဆရာမများအချစ်တော် Thuzar Aye တို့ နှင့်စာလျှင် အကျက်ထက် အဖတ်အားသန်သော ငမိုးက Unseen များ မေးလျှင် ပိုဖြေနိုင်လေ့ရှိသည်.။ သို့ရာတွင် ယခုမူ မေးခွန်းက အတိအကျ ဖြစ်နေလေပြီ.။ ဘာပဲပြောပြော ယနေ့ အတန်းထဲတွင် မိန်းကလေးများ မရှုမလှဖြစ်ပြီး ယောက်ျားလေး အများစု (မှိုကြွသည့် အနည်းငယ်မှ လွဲ၍) အတော်များများ အမှတ်ပြည့်ရလိမ့်မည်ဟု တွက်ထားလိုက်သည်.။
သို့နှင့် စာမေးပွဲခန်းထဲသို့ရောက်ကြသည်.။

           စာမေးပွဲဖြေပြီးသောအခါ... နာရီဝက်အတွင်းဆရာမက အမှတ်စာရင်းကြေငြာသည်. ။
“ ကဲ.. အမှတ်စာရင်း မကြေငြာခင် .. အားလုံးက တော်တော်ကို တော်ကြလို့ ချီးကျူးပါတယ်.. အဲ.. မောင်မိုးသက် ကတော့ ရှေ့ထွက်ခဲ့ပါဦး..”

တိန်..။
ငမိုးနာမည်ခေါ်နေပြီ.။
“ ပြီးခဲ့တဲ့ အပတ်တွေတုန်းက အဆင့်တွေကောင်းပြီး..ဒီတစ်ပတ် အမှန်အမှား အပုဒ် ၂၀ ကို ဘဲဥ မကွဲအောင်ဖြေနိုင်တဲ့ အတွက် ဆုချ မလို့ပါ..”
.
      အွန်..။
          ငမိုး..ရှေ့ရောက်တော့ ဆရာမက အဖြေလွှာကိုပါ ထုတ်ပြသည်.။
      “မင်းဖြေထားတာ မင်းပြန်ကြည့်ပါဦး..”
       ငမိုးမယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်သည်.။
 အိ...။
             သွားပြီ..။ ငမိုးစိတ်ထဲ ညီမလေးထမင်းချိုင့်နှင့်ကိုယ့်ခေါင်းကို ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်.။
           ငမိုးဖြေထားပုံလေးက သင်းသည်.။
           အပျင်းကြီးလိုက်တာလည်း ပါသည်.။
အောက်ပါ.မေးခွန်းများကို မှန်လျှင် (မှန်) မှားလျှင်(မှား) ဟုဖြေဆိုပါ..။ (မှန်)
၁၉၂၀ ခုနှစ်တွင် ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်.။ (မှား)
အာဠာဝကသခင်ဖိုးလှကြီး မှာ တောင်သူလယ်သမားခေါင်းဆောင်ဖြစ်သည် ။ (မှန်)
စသဖြင့်စသဖြင့်... ..
အပျင်းကြီးပြီး ခေါင်းစဉ်မှန်း မေးခွန်းမှန်း တောင် ပြန်မကြည့်တော့ပဲ ငစိုင်းပြောသည့်အတိုင်း အပေါ်ဆုံးက မှန်..အောက်က တစ်လှည့်စီ မှား.. ဟု ရေးလိုက်လေရာ.....။

ထိုနေ့က မိုးမရွာပါ.။
ထို့ကြောင့် ဖားမအော်ပါ..။
ထို့ကြောင့်...။

ငမိုးတစ်ယောက် ပေါင်မှာ ထင်သော အညိုစင်းလေးသုံးကြောင်းကို ဆုအဖြစ်လက်ခံပြီးသကာလ နောင်အခါတွင် မည်သောအခါမျှ စာမွဲနှင့်ပတ်သတ်လျှင် နင်းကန်အပျင်းမကြီးတော့ဟု ကြီးစွာသော နောင်တတို့ ဖြင့် သန္ဒိဋ္ဌာန်ချမိလေသည်.။



Sunday, July 28, 2013

လျှောက်-လျှောက်-လျှောက်

ဂျူလိုင်ညနေခင်းမှာ လမ်းလျှောက်ထွက်ရင်း...
မေပယ်ရွက်တွေ ကျွန်တော်ခြေထောက်ပေါ်ကို ဖြတ်ပြေးတယ်...
ထီမထင်အကြည့်တွေနဲ့ပေါ့...
လေညင်းက ကတိုက်ကရိုက်..
အလျင်စလိုလေး ဟ တိုက်လို့..
ကျွန်တော့်ကို “ မိုက်ကြည့်”ကြည့်တယ်..။

ကျွန်တော်ပြုံးပြလိုက်တယ်..
အိပ်မက်ထဲက ပုံစံမျိုးနဲ့လေ..။
တစ်ချို့က Black & White.
တစ်ချို့က အဖြူသက်သက်...
ကျောင်းရှေ့က အဘိုးကြီးက မင်္ဂလာပါလို့ နှုတ်ဆက်တယ်...
သူ့လက်ထဲမှာလည်း ကောင်းခြင်းတွေတစ်ပွေ့တစ်ပိုက်..
ဈေးဆိုင်က တာဂျစ်ကြီးက လက်နှစ်ချောင်းထောင်ပြတယ်..
သူ့လက်ကြားထဲမှာ ငြိမ်းချမ်းမှုတွေညှပ်လို့...
အဆောင်အောက်က လုံခြုံရေးအဘိုးအိုက လက်ဆွဲနှုတ်ဆက်တယ်..
သူ့လက်ဝါးထဲမှာ တိတ်တိတ်ဝှက်ပေးလိုက်တာက.. ရင်းနှီးခြင်းတွေ...
ကျွန်တော်ကတော့ ပြုံးနေတုန်းပဲ...
အပြုံးထဲမှာတော့ အဲဒါတွေအကုန်ပါတဲ့ ဗလာသက်သက်တွေ..။

လမ်းများများလျှောက်ပါ..
Stress ကျတယ်...
ဒါဆို စိတ်ညစ်တွေပြုတ်ကျဖို့...
အရက်များများသောက်ရမလား...
အဲ့ဒါ ပါရဂူတန်းက မေးခွန်း...
မင်းအဆင့်နဲ့ မရဘူးတဲ့...
ကျွန်တော့် အဆင့်နဲ့မရတဲ့မေးခွန်းတွေ..
Птица နဲ့ Книга ဘာအမျိုးတော်လဲ...
ဒါကတော့ ဒေါက်တာတန်းမေးခွန်းဖြစ်သွားပြီ....။

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဤ သစ္စာစကား ကြောင့် သတ္တ၀ါများချမ်းသာစေ...
မေပယ်ရွက်တွေ ဆောင်းဦးမှာ ကြွေသည်..
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ကော်ဖီခါးခါးသောက်လျှင်ရင်တုန်သည်..
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ကျွန်တော်“ သူမ ”ကို ချစ်သည်.။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

သက်သက်သာသာပဲ...
အိပ်မက်ကနိုးတိုင်း ၀မ်းမနည်းတာကြာပြီ..
ကျွန်တော့်ကော်ဖီခွက်လေး ဖြူဖွေးနေပြီ...
ကျွန်တော်လက်သည်း ညှပ်လေး.. ပြန်တွေ့ပြီ..
ကျွန်တော် အိပ်ကပ်ထဲမှာလည်း အလွမ်းတွေပြန်ပြည့်နေပြီ...
သိပ်ပြည့်စုံတာပေါ့ မခင်သီတာ...
သူမ ဆီကချေးငှားထားတဲ့ အပြုံးတစ်ပွင့်ကြောင့်...
ကြိုးမရှိတဲ့ ကျွန်တော့် ဂစ်တာလေးတောင် ခုချိန်ထိ တစ်ဒေါင်ဒေါင်မြည်နေတုန်း...။

~မိုးသက်ဦးလွင်~
(၂၉-၇-၂၀၁၃)



Saturday, July 27, 2013

ကျွန်တော်ဖွင့်ပြောမှရမယ်...


ကျွန်တော် ဖွင့်ပြောမှရမယ်..
သူ့ရဲ့ အသက်ရှုသံနွေးနွေးလေးကို
ကျွန်တော့် ရင်ဘတ်နားမှာထားဖို့...
ကျွန်တော် ဖွင့်ပြောမှရမယ်..
သူ့ရဲ့ ပါးပြင်မို့မို့လေးကို..
ကျွန်တော့် ၀င်သက်ထွက်သက် တို့နဲ့ ရင်းနီးစေဖို့...
ကျွန်တော် ဖွင့်ပြောမှရမယ်..
သူမရဲ့ ပျော်ရွှင်မှုတွေကို...
ကျွန်တော့် နှုတ်ထွက်စကားတွေက ဖန်တီးဖို့....
ကျွန်တော် ဖွင့်ပြောမှ ရမယ် ....

မေ့နေတာမဟုတ်ဘူး...
မြိုသိပ်ထားတာ...
အသက်မရှုတမ်းပြောချင်တဲ့ စကားရဲ့ တစ်စွန်းတစ်စ...
ရင်ခုန်သံ ကမောက်ကမ ဖြစ်တိုင်း လွှတ်ကနဲ ထွက်မိနေတုန်း...
သူမကပဲ ကျွန်တော့်ရဲ့ ဂန္တ၀င်ဆည်းဆာ...
သူမကပဲ ကျွန်တော့်ရဲ့ ကြယ်တွေစုံတဲ့ည..
သူမကပဲ ကျွန်တော့်ရဲ့ ရန်ကုန်မှာသာတဲ့လ...
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။

ကျွန်တော့်နှလုံးသားက ကြိုးမပါတဲ့ ဂစ်တာ...
ဒီအတွက် ရင်ခုန်သံ ကီးသံနည်းနည်းကြောင်တယ်...
ကျွန်တော့်နှလုံးသားက Semiconductor
ဒီအတွက် သူလိုရာသုံးဖို့ ပိုအဆင်ပြေမှာပေါ့..
ကျွန်တော့်နှလုံးသားက ကော်ဖီခါးခါး...
တစ်ခါတစ်ခါတော့ ကျွန်တော့်ကြောင့် ရင်တုန်သွားစေချင်တာ..။
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။

ကျွန်တော်သိတယ်..
ကျွန်တော် မှောင်နေရင် သူ့ကြောင့်လင်းလာမှာ..
ကျွန်တော် တိတ်ဆိတ်နေရင် သူ့ကြောင့် နိုးကြားလာမှာ..
ကျွန်တော် မဲ့ နေရင် သူ့ကြောင့် ပြုံးရွှင်လာမှာ..
အဲဒီတော့..
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော် ဖွင့်ပြောမှရမယ်......။
ကျွန်တော့်ဖွင့်ပြောမှရမယ်.......။


~မိုးသက်ဦးလွင်~
(၂၈-၇-၂၀၁၃)



Friday, July 26, 2013

အလွမ်းရောင် အနားသတ်...


တိမ်ညိုတွေမလွှမ်း...
လေနီတွေမကြမ်း...
အရာရာမဆန်းပဲနဲ့...
ရင်မှာ လွမ်းနေတာ သူ့ကြောင့်...။

အဲဒီလိုမကြည့်ပါနဲ့လား.ဟန်နီ..
နှလုံးသား တစ်ဆတ်ဆတ်...
အလွမ်းဖျားလေးတက်မှာစိုးနေလည်း...
ကိုယ့်အိပ်မက်တွေက သူ့ဆီမှာ..
သူ့မျက်ဝန်းတွေက ကိုယ့်ဆီမှာ...။

သူ့အနမ်းတို့ စက္ကန့်နဲ့အမျှရနေတဲ့ ၀င်သက်ထွက်သက်ကို ကျွန်တော် မနာလိုဘူး...
သူ့ပါးပြင်ကို မကြာခဏ ထိသပ်ခွင့်ရတဲ့ သူ့တယ်လီဖုန်းကို ကျွန်တော် မနာလိုဘူး...
သူ့မျက်ဝန်းကို အမြဲမြင်တွေ့နေရတဲ့ သူ့မျက်မှန်ကို ကျွန်တော် မနာလိုဘူး...
သူမနဲ့ပတ်သတ်လာရင်.. တိတ်တခိုးချစ်နေတဲ့ ကိုယ့်ကိုယ်ကိုတောင် မနာလိုဘူး...။

သူမက ၀ိုင်ချိုခါးတစ်ခွက်ဆိုရင်..
ကျွန်တော်က မသောက်ခင်က မူးချင်နေသူ..
သူမက နှင်းဆီပန်းတစ်ပွင့်ဆိုရင်...
ကျွန်တော်က မပွင့်ခင်ကတည်းက နမ်းရှိုက်ချင်သူ..
သူမက လမင်းလေးဆိုရင်လည်း ....
ကျွန်တော်က မမြင်ခင်ကတည်းက မော်ဖူးချင်နေသူပေါ့..။

အလွမ်းတွေဖုန်ထ...
(ကိုယ့်ရင်မှာလည်း)
သူ့နာမည်လေး တသသပေါ့.
သောကလည်းမဆို...
သုခလည်း မပိုပဲနဲ့...
အတွေးတွေကို မြိုသိပ်ရင်း..
(ဒီညတော့..)
ကိုယ်အိပ်ဖို့ကြိုးစားနေတုန်းပဲလေ...။

~မိုးသက်ဦးလွင်~
(27-7-2013)



Wednesday, July 10, 2013

သူနှင့် ကျွန်တော်


သူနှင့် ကျွန်တော် စတင်သိကျွမ်းခဲ့သည်မှာ ငယ်စဉ်တောင်ကျေး ကလေးဘ၀က မဟုတ်ခဲ့ချေ..။ စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဒုတိယနှစ်မှ အမှတ် (၁၁) တပ်ခွဲနှင့် (၁၂) တပ်ခွဲ တစ်ခြမ်းစီ အတူနေ ကြ သော ငါးထပ် အိပ်ဆောင်ကျမှ အိပ်ဆောင်တူချင်း အဖြစ် စတင် မျက်မှန်းတမ်းမိခြင်းဖြစ်လေသည်.။ သုံးနှစ် သင်ကြားရသော ခေတ်ဖြစ်သည့်အားလျော်စွာ စီနီယာဝမ်း ဟုခေါ်တွင်သော ဒုတိယနှစ်ဗိုလ်လောင်းဘ၀ နှစ်ကုန်ပိုင်း အချိန်တွင်မူ သူနှင့် ရင်းနှီးလာခဲ့သည်.။ သို့ရာတွင် အကျွမ်းတ၀င်တော့ မရှိလှ.။
တတိယနှစ် ဗိုလ်လောင်းဘ၀ နှစ်စမှ ကျွန်တော်တို့ တပ်ခွဲ အောင်စစ်သည်ဆောင်သို့ မပြောင်းမီ ကာလ အတောအတွင်း တွင်မူ သူနှင့် အထိုက်အလျောက်ရင်းနှီးလာခဲ့သည်.။ ဂစ်တာတီးဝါသနာပါသူ များဖြစ် လေရာ. အချင်းချင်း ရင်းနှီးမှုရှိခဲ့ကြသည်.။ သူဝယ်ထားသော ဂစ်တာကလည်း ကျွန်တော်တို့ အိပ်ဆောင်တွင် အသံအကောင်းဆုံးဟု သတ်မှတ်ကြသည် ဖြစ်လေရာ. ဂစ်တာကောင်းမြင်လျှင် မနေနိုင်သော ကျွန်တော့်အ တွက် သူ့အခန်းသို့ဝင်ချည် ထွက်ချည်ရှိခဲ့သည်.။ သို့နှင့်ပင် ကျွန်တော်တို့ အဆောင်မပြောင်းခင် အောင်ပြည့်ဖြိုးငြိမ်းဟုခေါ်သော သူ၊ ကျွန်တော်၊ စိုင်းမျိုးသူ၊ မင်းမင်းထွန်းနှင့် သီဟတင်ငွေ (ယခုညီမင်းထွဋ်) တို့ပေါင်း၍ သုံးနှစ်သုံးမိုး ဟူသော အခွေတစ်ခွေတစ်ခု လုပ်ရန် စီစဉ်ခဲ့ကြဖူးသည်.။
ထို့နောက် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော်တို့ သုံးနှစ်သုံးမိုး အခွေလေး လူမသိသူမသိပင် ပျက်သွားခဲ့သည်…။ နောက်ပိုင်း ကျောင်းဆင်း ပြီးသည်အထိ ထိုကိစ္စ ပြန်မစ ဖြစ်ကြတော့…။ မိမိမှာလည်း အပေါင်း အဖော်သစ်များဖြင့် သူနှင့် အဆက်အသွယ်မရဖြစ်ခဲ့..။ သို့ရာတွင် မိမိ လေးစားချစ်ခင်သော သူငယ်ချင်းများ အမှတ်တရ ရေးသားထားသော စာအုပ်တွင်မူ သူ့လက်ရေး သေးသေးလေးတွေ ကျန်နေခဲ့သည်.။ ကျွန်တော်ရေးခဲ့သော “ ငါဘယ်ဘုံမှာလဲ” ဆိုသည့် ဆောင်းပါးမှ “ လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးခေါင်းအုံး ဖြစ်သည်” ဆိုသည့်စကားလေးကို သူ ရေးပေးခဲ့ဖူးသည်ကို မှတ်မိနေသေးသည်.။
သို့နှင့် သုံးနှစ်သုံးမိုးပြီးတော့ ပြန်တမ်းဝင်အရာရှိများအဖြစ် ချယ်ရီမိခင်ကို နှုတ်ခွန်းဆက်ပြီး မြန်မာ နိုင်ငံ တစ်လွှားသို့ အမိန့်နှင်ရာ လွှင့်ကြတော့သည်.။ ထိုအထိ သူနှင့် ကျွန်တော်က အရင်းနှီးဆုံးမဖြစ်ကြသေး.။ အဆက်အသွယ်လည်း မရှိကြ.။ သို့ရာတွင် ၂၀၁၀ ဖေဖော်ဝါရီမှာ ကျွန်တော်တို့ မဟာသိပ္ပံအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူများ ဗထူးတပ်မြို့မှာ ခြေလျင် တပ်စုမှူးသင်တန်းတက်ဖို့ ဖြစ်လာသည်.။ PC ဟု အလွယ်ခေါ်ကြသော သင်တန်းဖြစ်သည်.။ PC ရောက်တော့ သူနှင့်ကျွန်တော် ပြန်တွဲမိကြသည်.။ ထိုအချိန်တုန်းက သူက ကျွန်တော့်ကို ကွန်ပျူတာ ပြန်သင်ပေးသူ.။ ရုံးလုပ်ငန်းကျွမ်းကျင်သူ၊ ဖိုတိုရှော့ လို ဆော့ဖ်ဝဲလ်များကို ကောင်းကောင်း သုံးတတ်သူ.။ ထိုအချိန်ထိ မိမိက မြန်မာလက်ကွက်ကို အံကြိတ်ရိုက်နေရ တုန်း.။ (ထိုအချိန်က ကျွန်တော် ကိုဌေးလင်းနှင့် မတွေ့သေး) ။ သူနှင့် တွဲဖြစ်ကြရင်း. သူ့စိတ်ဓါတ် သူ့အကြောင်းတွေကို ပိုပို သိလာသည်.။ သူကလည်း မိမိလို စာဖတ်ဝါသနာပါသူ၊ မိမိထက်သာသည်က ကိုယ်ရည်ကိုယ်သွေး.။ သူငယ်ချင်း ငါးယောက်လုပ်ငန်းတစ်ခုခုကို လုပ်ဖို့ တိုင်ပင်ကြပြီဆိုပါတော့ ။ သူက အလိုလိုနေရင်းမည်သူမျှ မသတ်မှတ်ပါပဲ ခေါင်းဆောင်ဖြစ်သွားသည်.။ သူပြောသမျှ နှုတ်ထွက်စကားက သြဇာတိက္ကမ ရှိနေသည်.။ ဒီအချက်တွေက ကျွန်တော် သူနှင့်ယှဉ်လို့မရသောအချက်.။
“ လူတစ်ယောက်ရဲ့ စိတ်ကိုအကဲခတ်ရတာ လွယ်တယ်ကွ..။ တစ်ချို့လူတွေက နည်းနည်းဇီဇာကြောင် တယ်.။ ဥပမာ သူတို့ ပစ္စည်းကို ယူကိုင်တာမျိုးဆိုရင် မကြိုက်ဘူးကွ.။ အဲဒီလိုလူတွေက ပေါင်းမကြည့်ရင် သိပ်မသိသာဘူး.။ ကိုယ်နဲ့သိပ်မပေါင်းဖြစ်တဲ့သူကို အကဲခတ်ချင်ရင်ကျတော့ အဲဒီလို အမှတ်တရ ပစ္စည်းတွေ ကို ကိုင်ကြည့်ရတယ်.”
“ ဟေ.. ဘယ်လို.ကိုင်ကြည့်ရမယ်လား..ဟုတ်လား အောင်အောင်.”
ကျွန်တော် အံ့သြစွာပြန်မေးမိသည်.။
“ အင်းဟုတ်တယ်..။ လူတစ်ယောက်ကွာ သေတ္တာရှင်းနေတယ်.။ သူ့ကောင်မလေးပုံထည့်ထားတဲ့ Album တစ်ခု၊ ဒါမှမဟုတ်.တစ်ခြားတစ်ခုခုပေါ့ကွာ .. မင်းက ဘာရယ်မဟုတ်ဘူး.။ ကိုင်ကြည့်လိုက်တယ်.။အဲဒီ လိုကိုင်ကြည့်လိုက်တဲ့ အခါကျရင် မကြိုက်တဲ့သူက မင်းကို စကားတစ်ခုခု အရင်းမရှိ အဖျားမရှိ ထပြောလိမ့် မယ်.။ ဒါမှမဟုတ်ရင် သူက သီချင်းတစ်ခုခု ညည်းလိမ့်မယ်.။ အဲဒီလိုမှ မလုပ်ခဲ့ရင် သူက သူ့အလုပ်ထဲကို အာရုံထားချင်ယောင် သိသိသာသာကို ဆောင်လိမ့်မယ်.သူငယ်ချင်းရ..”
“ ဟား မင်းက သေချာလှချည်လား..ငအောင်ရ.”
“သေချာတာပေါ့.။ မင်း အဲဒီလို လုပ်လိုက်တဲ့အခါ သူ့စိတ်ထဲက စိတ်လှုပ်ရှားမှု တစ်ခုက သာမာန်ထက် မြင့်သွားလေ့ရှိတယ်.။ အဲဒီအခါ Output အဖြစ် ခုနက ငါပြောတဲ့ အမူအယာတွေ ထွက်လာတာပဲ..”
သူပြောခဲ့သော စကားများ .။
ကျွန်တော်အရင်က ခုံခေါက်သည့်အကျင့်ရှိသည်.။ အဆောင်မှာ ဂစ်တာစုတီးကြပြီဆိုလျှင် ကျွန်တော် ဂစ်တာ မတီးသည့်အလှည့်များတွင် ကျွန်တော်က Drum beat အတိုင်း ခုံကို ခေါက်လေ့ရှိသည်.။ ထိုအကျင့် တစ်ခုရှိသည်.။
“ ခုံမခေါက်နဲ့ သူငယ်ချင်း.။ ခုံခေါက်တာ၊ ဒူးနှံ့တာ.။ ပါးစပ်ကို တင်းတင်းမစေ့ပဲ ခပ်ဟဟ လေးဖြစ်နေ တာမျိုးက Will power ရဲ့ ယိုပေါက်တွေကွ..” တဲ့..။
          ရွှေအကြောင်း ဖယောင်းသက်သေ ဆိုသော်ငြား လူအကြောင်းသိရန်မူ ပေါင်းကြည့်မှ သိလာရသည်.။ မိမိတို့ သူငယ်ချင်းအုပ်စု အတွင်း ပေါင်းသင်းတာ ကြာလာသောအခါ တစ်ယောက်အကြောင်းတစ်ယောက်ကို သိလာရသည်.။ မည်သူက မိုးထဲလေထဲတွင် အနစ်နာခံလုပ်ပေးနိုင်သူ.၊ မည်သူက အတ္တကြီးသူ စသည်ဖြင့်.။ ထိုသို့ ပင် ရင်းနှီးလာရင်း တစ်ယောက်အကြောင်း တစ်ယောက်သိလာကြသလို သူနှင့် ကျွန်တော် ပို၍ ရင်းနှီး လာခဲ့သည်.။ သူနှင့် ကျွန်တော်က သွေးမနီးသားမစပ်၊ သူက မော်လမြိုင်သား၊ ကျွန်တော်က မေမြို့သား ။ သို့ပေတည့် ညီအစ်ကိုတွေလို ဖြစ်လာကြသည်.။
          ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျွန်တော် ပြင်ဦးလွင်ကို ဘာသာစကားသင်တန်းတက်ဖို့ ရောက်သည်.။ သူက ကျွန်တော့် အိမ်မှာတည်းသည်.။ အမေကပင် ခပ်တည်တည်နေ၍ စိတ်ရင်းကောင်းသော အောင်အောင့်ကို သဘောကျနေသေးသည်.။ သို့ရာတွင် ကံဆိုးစွာဖြင့် မိမိတို့ အပတ်စဉ်မှ ရုရှားသို့ လွှတ်သော အသုတ်တွင် သူတို့ Chemistry မေဂျာ မခေါ်.။ တစ်မေဂျာလုံး ကျန်ခဲ့ရသည်.။ ဒီမလာခင်သူက လိမ်လိမ်မာမာ နေဖို့ မှာလိုက်သေးသည်.။
          “ အေးဆေးပါကွာ.. ။ ငါ့အကြောင်းမင်းသိပါတယ် ငအောင်ရာ..၊ မင်းသာ ငါမပြန်လာခင် မိန်းမ ယူဖို့ စိတ်မကူးနဲ့.။ မင်းမင်္ဂလာဆောင် ငါတက်ချင်သေးတယ်..”
          ကိုယ့်လူရဲ့ ဇ ကို သိသူပီပီ လှမ်းနောက်ခဲ့သေးသည်.။ သူက သူ့ ဘ၀တစ်ဆစ်ချိုးကွေ့များတွင် မိန်းက လေး များစွာတို့၏ စိတ်ဝင်စားမှု ခံရသူကိုး.။
          နောက်ပိုင်း ကျွန်တော် ဒီရောက်တော့ သူနှင့် မတွေ့ဖြစ်တော့.။ အစပိုင်းကတော့ သူတို့ အေးအေးချမ်း ချမ်းဖြစ်နေသည်ကိုကြားရသည်.။ တာဝန်များဖြင့်မအားမလပ်၍ တစ်ခါတစ်ရံမှ လာနှုတ်ဆက်ရှာသည်.။ ပြီး ခဲ့သည့်နှစ်က KIA နှင့် တိုက်ပွဲများဖြစ်တော့ သူ ကျည်သင့်၍ ဆေးရုံတက်ရသည်.။ ကံအားလျော်စွာ ဘာမှ မဖြစ်ခဲ့.။ အသေးစားခွဲစိတ်မှုမျှ ဖြင့် ပြီးခဲ့သည်.။ နောက်ပိုင်း သတင်းတွေကြားလာရသည်.။ မနှစ်က ဖြစ်ခဲ့ သမျှ တိုက်ပွဲအားလုံးမှာ Fighter အကျဆုံးတပ် က သူတို့တပ် ဖြစ်နေသည်.။ အရာရှိငယ်တွေ၊စစ်သည် အကျ အဆုံး တွေ ကြားလာရသည်.။ သကောင့်သားဘာမှ မဖြစ်ဖို့တော့ ဆုတောင်းနေမိသည်.။ မိမိနှင့် တစ်ခွဲတည်း ဆင်းသူ တွေ.ကျသူကျ၊ ပြတ်သူပြတ်၊ အသိတွေထဲက အသက်ပေးလှူသွားသူတွေ ရှိလာတော့ ညီအစ်ကိုရင်းလို ဖြစ်သော သူ့ကို စိတ်ပူရသည်.။
          တွေ့တော့လည်း ဒီနေ့မှပင် ပြန်တွေ့သည်.။ သူတင်ထားသော ဓါတ်ပုံက ဆံပင်တစ်ထွာလောက်၊ မုတ် ဆိတ်မွှေး၊ ပါးသိုင်းမွှေး ဗရဗျစ်နှင့် ပီဘိ တောစစ်သားကြီး၊ အာဂစစ်သားကြီး အသွင်.။ ရှေ့တန်းဆိုသည့် အရိပ် လက္ခဏာတွေဖြင့်.။ မိမိမှာ အားကျရုံကျ၍၊ မိမိကိုယ်ကိုယ်ပင် ရှက်ရွံ့သလိုလို.ဖြစ်မိသည်.။ “ ငါဘာလုပ်နေတာ လဲ ” ဟု ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်.။ သူအစ်မ တပ်ကို ရောက်နေကြောင်းပြော၍ သူနှင့်စကား ပြောဖြစ် မှ မိမိနှင့် ပထမနှစ်က ဘေးချင်းကပ်လျက် ထိုင်ခဲ့သူ သူငယ်ချင်း တိုက်ပွဲကျသွားကြောင်းနှင့် သူရဘွဲ့ချီးမြှင့် ခံရ  ကြောင်း၊ ရန်သူအလုံးအရင်း ချီတက်လာသည်ကို ရင်ဆိုင် ကုန်းမှ မဆုတ်တမ်းခံစစ်ဖြင့် အသေခံ တိုက်သွားကြောင်းကြားရတော့ ဂုဏ်ယူမိသလို စိတ်လည်း မကောင်းမိ.။

          စကားတွေပြန်ပြောရင်း မိမိ မျက်ရည်ကျမိသည်.။ မသေမပျောက်ကောင်း ပြန်တွေ့သည့် သူငယ်ချင်း ကို တွေ့ရသည့် ၀မ်းသာမျက်ရည်၊ နောက်တစ်ခုက အသက်ပေးသွားသော သူငယ်ချင်း အတွက် စိတ်မကောင်းသည့် မျက်ရည်.။
          ဘာပဲဖြစ်ဖြစ်လေ..။ စစ်သားပေပဲ.။ တိုင်းပြည်တာဝန် ဆိုသည်က တာဝန်၊ နယ်ပယ်၊ အတိုင်း အတာ ၊ အချိန် ကန့်သတ်လို့ရသည်မှ မဟုတ်ပဲ.။ ဟယ်ရီပေါ့တာ ကားကြိုက်သူ၊ ခင်ဌေးရီဟု နောက်ခေါ်ကြသည့် ကိုရီးယား မင်းသမီး Kim Tae Hee ကို ရူးသွပ်စွဲလမ်းသူ သူငယ်ချင်း…။ Dota ဂိမ်းကျွမ်းကျင်သူ၊ ဂစ်တာ တီးကောင်းသူ၊ ကျွန်တော်ဆေးလိပ်သောက်သည်ကို မကြိုက်သူ၊ သေရွာပြန် သူရဲကောင်းမှတ်တမ်းဝင်မည့် သူငယ်ချင်း.။

          သူ့အကြောင်းတွေ တွေးနေရင်း. ဂုဏ်ယူစွာပင် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်း မိတော့သည်.။ 


(ရှေ့တန်းမှ ပီဘိ စစ်သားကြီးအသွင်နှင့် နောက်တန်းပြန်ကာ တပ်သို့အလည်လာသော အစ်မဖြစ်သူ နှင့် ပျော်မွေ့နေသောပုံ ဖြစ်ပါသည်.။ မူရင်းဓါတ်ပုံရှင်များဖြစ်သော သူငယ်ချင်းအောင်ပြည့်ဖြိုးငြိမ်းနှင့် အစ်မဖြစ်သူ မစုမြတ်ငြိမ်းကို ခွင့်တောင်းပြီး ဖော်ပြပါသည်.)



 

My Blog List