Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, October 27, 2012

မေမေကျန်းမာပါစေ မေမေ...




































မြင်းမိုရ်တောင်တဲ့
အဆင်းကိုတောင်မမြင်ဖူးပေမယ့်..
အသွင်ထူးမှန်း ကျွန်တော်ယုံစားဖူးတယ် မေမေ...

ပုံဖော်မကြည့်ပေမယ့်..
အကုန်ကျွန်တော်သိတာပေါ့မေမေ...
အသိဥာဏ်တစ်ထွာတစ်မိုက်နဲ့
အကြိုက်တွေကို  လိုက်ရင်းလိုက်ရင်း..
အမိုက်တွင်းထဲ ဆင်းမယ်လုပ်တိုင်း...
ငြင်းပယ်ခဲ့တယ်ဆိုတာ..
မေမေ့မျက်နှာကို မြင်မိလို့ပါမေမေ...

တစ်ခါတစ်လေမှာ..
အထာမသေတဲ့ ကျွန်တော့်အကျင့်တွေ...
အခွင့်အဆင်မသင့်တိုင်း...
ထင့်စရာ..
နင့်စရာတွေနဲ့...
တစ်ဟင့်ဟင့် ရှိုက်တဲ့မေမေ့ငိုသံ..
တစ်မြေ့မြေ့ဆူဝေလို့..
အပူတွေရှိတိုင်း..ပြန်ကြားမိတယ် မေမေ..

ကျွန်တော့်ရင်ထဲမှာလေ..
ဟိုး.. အသင်္ချေ .အသင်္ချေ..
မေမေ ဆိုတဲ့လူသားတစ်ဦး..
ဆက်၍ ဆက်၍...
နောက်ထပ်ဆက်၍..
ကမ္ဘာတည်သ၍ပေါ့လေ...
အသွင်သဏ္ဍာန်တွေ..
ရှင်သန်နေရဦးမယ်လေ....

ဦးတင်လိုက်ပါရဲ့...
နဖူးပြင်မြေထိလျက်ပေါ့  မေမေ..
ဆွေးမလောက်ပေမယ့်..
အဝေးရောက်သားတစ်ယောက်အတွက်...
ကြားလောက်မယ်ထင်ဆဲမှ...
ရင်ထဲကဆုတောင်းပေးလိုက်ပါတယ်...
မေမေကျန်းမာပါစေ.. မေမေ...။



Tuesday, October 16, 2012

ပျော်ရွှင်ပြည့်စုံသောလူသားဖြစ်လိုလျှင် မိမိကမ္ဘာကိုမိမိလက်ထဲမှာပဲထားပါ...














 
           ဟုတ်ကဲ့.. ။ ခေါင်းစဉ်က သိပ်ကြီးသွားမလားမသိဘူး.။သေချာကြည့်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးပဲ
တွေးတောနိုင်ပါတယ်.။စာဖတ်သူတို့အနေနဲ့ ပထမဆုံးသတိပြုရမှာက ဒါဟာ ဘာလုပ်ရမယ် ၊ ဘာမလုပ်ရ
ဘူးဆိုတဲ့..တက်ကျမ်းမဟုတ်ပါဘူး.။ စာရေးသူရဲ့ မူပိုင်အမြင်ပါ.။ ဒီအမြင်ဟာ ကျွန်တော့်ရဲ့ အသိုင်းအ၀ိုင်းနဲ့
ရော မိတ်ဆွေ၊သင်္ဂဟများနဲ့ပါ ဘယ်လိုမှမပတ်သတ်ပါဘူး.။ ဘယ်သူ့ဆီကမှ လာတာမဟုတ်တဲ့ ကျွန်တော့်ရဲ့
အမြင်သက်သက်လို့ ရဲရဲကြီးဆိုပါ့မယ်.။ ဒီအတွက် အယူအဆတူရင် လက်ခံနိုင်ပြီးတော့ ၊ အယူအဆ မတူရင်
လည်း လက်မခံပဲနေလို့ရပါတယ်.။ အဲဒါက ပြဿနာမဟုတ်သလို. ဝေဖန်သုံးသပ်ရုံသပ်သပ်ပဲဖြစ်တဲ့အတွက်
ကျွန်တော် ဒီပို့စ်ကို တင်ဝံ့တာဖြစ်ပါတယ်.။
            ပြောလိုတဲ့အရာကို တိုက်ရိုက်မပြောခင် ကျွန်တော့်အိမ်တွင်းက အဖြစ်အပျက်တစ်ခုကိုချပြလိုပါတယ်.။
ကျွန်တော့်အမေအကြောင်းပါ..။
ကျွန်တော့် အမေက ကျွန်တော့်ကို သိပ်ချစ်ပါတယ်.။ ဒါပေမယ့် သူချစ်တာက ကျွန်တော့်ကို ငယ်ငယ်
ရွယ်ရွယ်နဲ့အိမ်ထောင်ကျမှာကို အင်မတန်စိတ်ပူတာပါ.။ အိမ်ကိုလာလည်တဲ့ မိန်းကလေးသူငယ်ချင်းတွေရှိပါ
တယ်.။ သူတို့ရှေ့မှာ ဘာမှ မပြောပေမယ့်. သူတို့ပြန်ပြီဆိုတာနဲ့ ကျွန်တော့်ကို စောင်းပါးရိပ်ချည် ဆူပါတော့
တယ်.။
            ကျွန်တော်က မိဘနဲ့စကားပြောရင် ပြန်ခံပြောလေ့မရှိပါဘူး.။ များသောအားဖြင့်ပေါ့.။ တစ်ခါတစ်ရံမှာ
သဘောတရားဆန်ဆန်နဲ့ ပြောတတ်တယ်.။ အဲဒီလိုပြောတိုင်းလဲ မိဘတွေက လက်ခံရတာ များပါတယ်.။ ဘာ
ဖြစ်လို့လဲဆိုတော့ ကျွန်တော်က မိဘနဲ့စကားပြောရင် စကားလုံးအင်မတန်ရွေးပါတယ်.။ တစ်လုံးတည်းနဲ့ ပြော
ချင်တာကိုသိသွားမယ့် စကားလုံးမျိုးကိုပဲရွေးပြောတာပါ.။ ထားပါတော့…။ အထက်ကအကြောင်းကို ဆက်ရရင်
အမေက ရည်းစားသနာထားတဲ့ကိစ္စကို လုံးဝသဘောမကျပါဘူး.။ (မိဘတိုင်းဖြစ်မယ်ထင်ပါတယ်.) ဒါကို ကျွန်
တော်လက်ခံပါတယ်.။ တစ်ရက်တော့ အမေနဲ့ ကျွန်တော်နဲ့စကားပြောဖြစ်ပါတယ်. ။ အမေက ထုံးစံအတိုင်းမိဘ
ရှာဖွေပေးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ စကားပြောပါတယ်.။(မယုံမရှိနဲ့ အဲဒီအချိန်က ကျွန်တော့်အသက်
၂၀ စွန်းစွန်းလေးရှိပါသေးတယ်.။)ဒါပေမယ့် ကျွန်တော်လုံးဝ လက်မခံပါဘူး.။ ဘာဖြစ်လို့လဲ လို့မေးစရာရှိပါ
တယ်.။မိဘက ကောင်းစေချင်လို့စီစဉ်တာပဲဆိုတဲ့လူတွေလည်းရှိမှာပေါ့.။ အဲဒီအချိန်မှာ ကျွန်တော်ချစ်သူမရှိရင်
တစ်မျိုးပေါ့လေ.။ တကယ်လို့သာချစ်သူရှိနေခဲ့မယ်ဆိုရင် ကျွန်တော် မိဘပေးစားတဲ့သူကိုငြင်းမှာပါ.။ အဲဒီနေ့
ကအမေ့ကို ကျွန်တော် ပြန်ရှင်းပြပါတယ်.။
            “ အမေ .. တရားသဘောကို ချွင်းချက်ထားပြီး လောကရဲ့ဖြစ်နိုင်ချေ တရားအရကြည့်မယ်ဆိုရင် အဖေ
တို့ အမေတို့က ကျွန်တော့် ဘ၀ထဲက အရင်ထွက်သွားကြမှာပါ..။ အဲဒီတော့ ကျွန်တော်နဲ့ အကြာဆုံးရှိနေမယ့်..
ကျွန်တော်နဲ့ တစ်သက်လုံးအတူနေရမယ့်.ကျွန်တော့် အိမ်ထောင်ဖက် ကို ကျွန်တော်ရွေးချယ်တာပဲကောင်းပါ
တယ်.အမေ.” လို့ပြောပါတယ်.။
            အမေ အစပိုင်းကတော့တွေခနဲဖြစ်သွားပါတယ်.။
“ နင်ကငါ့ကိုသေခိုင်းနေတာပေါ့ မိုးသက်.”
“ အာဘယ်ဟုတ်မလဲအမေရဲ့.. ဘာပဲပြောပြော အမေတို့ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ  . ကျွန်တော်က အဲဒီမိန်း
မနဲ့ပဲတစ်သက်လုံးနေရတော့မှာအမေ.”
              အစပိုင်း က အမေစဉ်းစားနေပါသေးတယ်.။နောက်တော့ အမေလက်ခံသွားပါတယ်.။
            ကိုယ့်ဘ၀နဲ့ပတ်သတ်တဲ့အိမ်ထောင်ရေးကိစ္စကို ဘယ်သူ့ကိုမှ အစွက်ဖက်မခံပါနဲ့..။နောက်တစ်ချက်
ကျန်ပါသေးတယ်.။
            နောက်တစ်ခုက အသက်မွေးဝမ်းကျောင်းကိစ္စ..။
            မြန်မာနိုင်ငံကျောင်းသားများရဲ့ ၇၅% နဲ့အထက်က မိမိတို့ ၀ါသနာနဲ့ မကိုက်ညီတဲ့အသက်မွေးဝမ်း
ကျောင်းပညာရပ်တွေကိုသင်ကြားနေကြတယ်..။ ကျွန်တော်အခု မော်စကိုမှာ တစ်ခုကိုတွေ့ရတယ်.။ဥပမာ
ကျွန်တော်တို့ ကျောင်းပေါ့.။ ကျွန်တော်တို့ ကျောင်းက ရူပဗေဒကျောင်း။ ရူပဗေဒနဲ့ပတ်သတ်ပြီး နိုဘယ်ဆု
ပေါင်းမြောက်မြားစွာ ရရှိခဲ့တဲ့ကျောင်း ၊ အာကာသ ပညာမှာ ကမ္ဘာ့နံပတ်(၁) ကျောင်း ။
            ကျွန်တော်တို့ကျောင်းက ရုရှားကျောင်းသားတွေ သိပ်တော်ကြတယ်.။ သိပ်ကြိုးစားကြတယ်.။ထူးချွန်
ကြတယ်.။ မာစတာ ဘွဲ့မရပဲ သာမာန်ဘွဲ့နဲ့ထွက်သွားတဲ့ကျောင်းသားဆိုတာ ၂၀% အောက်မှာပဲရှိတယ်.။
ဘာဖြစ်လို့လဲဆိုတာ လေ့လာကြည့်တော့ ဒီကျောင်းကိုရွေးချယ်တက်ရောက်ခဲ့တဲ့ကျောင်းသားအားလုံးနီးပါး
ဟာ ရူပဗေဒကို အင်မတန် စိတ်ပါဝင်စားပြီး ရူးသွပ်တဲ့ သူတွေ ။ ဒီဘာသာရပ်ကို ခရေဇီကျကျ လေ့လာချင်
တဲ့ကျောင်းသားတွေဖြစ်နေလို့ပဲ.။
            သူတို့အားလုံးက ရူပဗေဒကို ၀ါသနာပါကြတယ်.။ရူးသွပ်ကြတယ်.။ အားလပ်ချိန်ဆိုရင် ဒီအကြောင်း
တွေကိုစဉ်းစားနေကြတယ်.။ အသစ်အသစ်တွေကို ထပ်ပြီးရှာဖွေနေကြတယ်.။ ဓါတ်ခွဲခန်းထဲမှာနိုင်ငံတကာအာ
ကာသစခန်းက ပေးပို့တဲ့ ဥက္ကာမှုန်တွေကို ဒြပ်ခွဲနေကြတယ်.။ အဲဒီအတွက်လည်း ဒီနိုင်ငံမျိုးမှာ ကိုယ်တိုင်လေ့
လာသင်ယူခြင်းစနစ်(Self-study) ကအင်မတန်အောင်မြင်တယ်.။ထားပါတော့ ။ဒါကကျောင်းသားဘ၀.။
            အပြင်လောကမှာလဲ ဒီကကလေးငယ်တွေက ရူးသွပ်မှုတစ်ခုကို လွတ်လပ်စွာရူးသွပ်ခွင့်ရရှိတယ်.။ဥပ
မာပြောရမယ်ဆိုရင် ဂစ်တာတီးတာရူးသွပ်တဲ့ကလေးက ငယ်ငယ်ကတည်းက မိဘကဂစ်တာဝယ်ပေးထား
တယ်။ ထောက်ပံ့ပျိုးထောင်ပေးတယ် ။အဲဒီလိုပဲ ဒရမ်ကြိုက်တဲ့ကလေး ဒရမ် ၊ ရေကူးချင်တဲ့ကလေး ရေအမြဲ
တမ်းကူးရမယ်.။ (ဒါတွေကတော့ မိသားစုတစ်စုချင်းရဲ့ဝင်ငွေကွာခြားတာ စတဲ့အချက်တွေပါအကြုံးဝင်သွားပါ
တယ်.။)
            ကျွန်တော် အထက်က ဆိုခဲ့တဲ့ နှစ်ချက်ကိုပြန်ကြည့်ရရင်. နှစ်ချက်စလုံးက တစ်ဘ၀လုံးစာအတွက်
ရည်ရှည်ဆောင်ရွက်ရမယ့် အရာတွေချည်းပဲဖြစ်ပါတယ်.။ အသက်မွေးဝမ်းကျောင်းဆိုတဲ့အရာနဲ့ မိမိဝါသနာ
တစ်ထပ်တည်းကျသူအတွက် အောင်မြင်ဖို့ ရာခိုင်နှုန်း၇၀ ရှိပါတယ်.။ကျန်တဲ့ ၃၀% ဆိုတာ ကံ၊ဥာဏ်၊၀ီရိယ
နဲ့ကိုယ်စွမ်းကိုယ်စ ပေါ်မှာမူတည်နေပါတယ်.။ ဘာဖြစ်လို့ဒီလိုပြောနိုင်ရတာလဲ လို့မေးလာရင်ရှင်းပါတယ်.။
ဝါသနာဆိုတဲ့အဓိပ္ပာယ်ကိုပဲပြန်စဉ်းစားကြည့်ပေါ့.။ ၀ါသနာဆိုတာ အားလပ်ချိန်တိုင်းလုပ်ချင်တယ်.။ အဲဒီအလုပ်
ကိုလုပ်ရရင်ကို ပျော်နေတာ.။ သဘောကျနှစ်ခြိုက်ဆုံးအလုပ်ဆိုတာ ၀ါသနာပါပဲ။ ဒီတော့ အဲဒီလိုကိုယ်ဝါသနာ
ပါတာကို အသက်မွေးဝမ်းကျောင်းရွေးချယ်လိုက်တဲ့သူအဖို့ ဒီအလုပ်မှာ မပျင်းရိတော့ဘူး။ သူ့အနေနဲ့ အလုပ်
လုပ်ရတာကို ပျော်မွေ့နေတယ်. ။တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်စွာနဲ့ ကောင်းသထက်ကောင်းအောင်ကြိုးစား
မှာပါပဲ.။ဒီအတွက် အောင်မြင်မှုဆိုတာ အဆင်သင့်ပါပဲ.။
            ခေါင်းစဉ်အတိုင်းဆိုရမယ်ဆိုရင်.. ပျော်ရွှင်ပြည့်စုံသောလူသားဖြစ်လိုလျှင် မိမိကမ္ဘာကို၊ မိမိအနာဂါတ်
ကိုမိမိလက်ထဲမှာပဲထားပါ...။ မိမိရဲ့အနာဂါတ်ကို ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးပါနဲ့.။ယုတ်စွအဆုံး မိမိ
ကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီးဝေဖန်ပိုင်းခြားနိုင်တဲ့အရွယ်ရောက်လာတဲ့အခါ မိဘ လက်ထဲကိုတောင်
မထည့်ပေးပါနဲ့..။ မိမိဘ၀ကို မိမိလက်ထဲမှာပဲထားပါ.။ မိမိ စိတ်ကြိုက်ပုံသွင်းပါ.။ ကိုယ့်ဘ၀ရဲ့ အရှင်သခင်ဟာ
မိမိကိုယ်တိုင်ပဲဖြစ်ပါစေ.။  မိမိ လိုချင်သောဘ၀ကို စိတ်ကြိုက်တည်ဆောက်ရင်း အောင်မြင်မှုများရယူနိုင်ကြ
ပါစေခင်ဗျာ..။



Thursday, October 11, 2012

ငါဘယ်ဘုံမှာလဲ???



  မှန်..။
            ကျွန်တော်တို့ အားလုံး မှန်ကြည့်ကြသည်..။ရုပ်ချောသူဖြစ်စေ၊ ရုပ်ဆိုးသူဖြစ်စေ၊ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ  မှန်ကြည့်ကြသည်.။ရည်ရွယ်ချက်ချင်းကတော့ အများအားဖြင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရှုမြင် ပြင်ဆင်လိုခြင်းကြောင့် ဟုသာအကြမ်းဖျဉ်းအားဖြင့် သတ်မှတ်ရမည်ဖြစ်သည်..။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က အဆောင်အောက် ၀င်ပေါက် တစ် ဖက် တစ်ချက် တွင် ကြည့်မှန်များထားရှိပေးသည်.။မိမိ ၀တ်စားဆင်ယင်မှုကိုယ်မိမိ သပ်ရပ်ခန့်ညားအောင် ပြန်လည်ပြုပြင် နိုင်ရန် ထားရှိခြင်းဖြစ်သည်..။ မိမိ ကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ခြင်းပြုရန်ဟုလည်းတစ်နည်း ဆိုနိုင်ပါ လိမ့်မည်..။
            မှန်ကြည့်ခြင်းနှင့် အလားသဏ္ဍန်တူသော နေ့စဉ်အလုပ်တစ်ခု ကျွန်တော့်မှာ ရှိပါသည်.။ ထိုအလုပ်ကနေ့စဉ် ဒိုင်ယာရီရေးသားခြင်းဖြစ်ပါသည်..။ ကျွန်တော်ညစဉ် ဘုရားရှိခိုးပြီးနှင့် မအိပ်ခင်စပ်ကြားတွင် နေ့စဉ်ဒိုင်ယာရီ ရေးသား လေ့ရှိပါသည်.။ ဒိုင်ယာရီရေးသားခြင်းမှာခက်ခဲသော အလုပ်တစ်ခု မဟုတ်ပါ.၊ တစ်ဖွဲ့တစ်နွဲ့ ရေးသားနေရန်လည်းမ လိုအပ်ပါ.။ မိမိဖာသာ နားလည်သော အရေးအသားမျိုးဖြင့် ရေးသားရုံသာဖြစ်ပါသည်.။ ဒိုင်ယာရီရေးသားခြင်းသည်လည်း တစ်နည်းဆိုရလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းပင်ဖြစ်ပါသည်.။ တစ်နေကုန် မိမိလုပ်ခဲ့ ကိုင်ခဲ့သမျှ.အားလုံးကို ပြန်လည် စဉ်းစား၍ အကြမ်းဖျဉ်းပြန်လည်ရေးချခြင်းဖြင့် မိမိယနေ့ကောင်းမှု မည်မျှလုပ်ခဲ့သည်၊ မကောင်းမှု မည်မျှလုပ်ခဲ့သည်စသဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်နိုင်စေပါသည်.။မိမိတစ်ဦးတည်းသာ ဖတ်ရှုမည့်စာအုပ်ဖြစ်သဖြင့် မည်သူမှ နားလည်ရန်မလိုသလို မည်သည့်အရာကိုမျှထိန်ချန်ထားရန်မလိုပါ.။ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် လုံခြုံရေးအတွက် မူ.မိမိဖာသာသိသော သင်္ကေတများ အမှတ်အသားများ သုံးနိုင်ပါသည်.။ ဥပမာ. နာမည် အတိုကောက် စာလုံးများအသုံးပြုခြင်း အစရှိသဖြင့်ဖြစ်ပါသည်.။ အမှန်စင်စစ် ဒိုင်ယာရီရေးသားခြင်းသည်ပင် ညမအိပ်မီ.မိမိကိုယ်ကိုယ် တစ်နေ့တာ မှန်ကြည့်ခြင်းပင်ဖြစ်ပါသည်.။
            “A CLEAR CONSCIENCE IS THE SOFTEST PILLOW ”  “လိပ်ပြာသန့်ခြင်းသည် အနူးညံ့ဆုံးသောခေါင်းအုံး ဖြစ်သည်.. ” ဟု. အိန္ဒိယ အတွေးအခေါ်ပညာရှင်. Vikram Karve ကဆိုခဲ့သည်.။ ကောင်းမှုကုသိုလ်ဖြင့် အိပ်စက်ရခြင်း၊လိပ်ပြာသန့်သန့်ဖြစ်အိပ်စက်ရခြင်းဖြင့်အိပ်စက်ချိန်များကိုငြိမ်းချမ်းစေရပါမည်.ဆိုသည့်သဘောပဲဖြစ်သည်။
            ကျွန်တော်စိမ်းလန်းမြေကို ၀င်ရောက်ခဲ့စဉ်က မည်သည့်ရည်ရွယ်ချက်မှ တိတိပပ ဆိုမရခဲ့.။ သို့ရာတွင်နောက် ပိုင်းမှာ ကျွန်တော့် ခံယူချက်တွေခိုင်မာသည်ထက်ခိုင်မာလာသည်.။ မနေ့က ရထားပေါ်မှာစာအုပ်တစ်အုပ်ဖတ်ရသည်.။ စာအုပ်က ဒေါက်တာခင်မောင်ညို ရေးသားသော “ အကောင်းဆုံးကိုသာပေးပါ..” စာအုပ်။ စာအုပ်က အတော်ပင် ကောင်းသည်. ။ လူငယ်အကျိုးပြု ဆောင်းပါးများ နှင့် ဘ၀အားမာန်ဖြည့်ပေးသောဆောင်းပါးများဖြစ်သည်.။ ထိုဆောင်းပါးများအနက်မှ ကျွန်တော် သဘောကျတဲ့ ငရဲဘုံနဲ့ ချမ်းမြေ့ဘုံ (Hell and Heaven) ဆိုတဲ့ ဆောင်းပါး လေးထဲကဥပမာလေးကိုတော့ တော်တော်လေးကို သဘောကျမိသည်..။ဇာတ်လမ်းက ဒီလိုဖြစ်သည်.။ လူတစ်ယောက် ဘုရားသခင်နှင့် တွေ့ဆုံသည့်အခါ. ငရဲဘုံနှင့် ချမ်းမြေ့ဘုံ ကွာခြားမှုကိုသိလိုကြောင်း ပြောသည်.။ ဘုရားသခင်က ဦးစွာ ငရဲဘုံကိုခေါ်သွားသည်. ။ လူများ ဟင်းအိုးကြီးဘေးတွင်ထိုင်နေကြသည်..။ထိုလူတို့၏.လက်များတွင် ဇွန်းရှည်ကြီးများကို အသေတပ်ထားသည်.။ ဇွန်း၏ အရှည်မှာ လက်ထက်ပင်ရှည်လျားနေသဖြင့် ပါးစပ်တွင်းသို့ဟင်းခပ်၍မစားနိုင်.။ ထို့ ကြောင့် သူတို့အားလုံးမှိုင်တွေနေကြသည်.။ထိုသူကဘုရားသခင်ကို ငရဲဘုံဆိုတာလက်ခံကြောင်းပြောသည်.။ နောက်ထပ် ဘုရားသခင်က ချမ်းမြေ့ဘုံ ကို ခေါ်သွားသည်.။ ချမ်းမြေ့ဘုံတွင် လည်း ထိုအတိုင်းပင်ဖြစ် သည်.။ ချမ်းမြေ့ဘုံက လူများ သည်လည်း သူတို့လက်များ တွင်ဇွန်းရှည်ကြီးများတပ်ထားသည်.။ သို့ရာတွင် သူတို့ပျော်ရွှင်နေကြသည်.။ အကြောင်းမှာ သူတို့သည် မိမိပါးစပ်အတွင်းထည့်မည့် အစား တစ်ဦးကိုတစ်ဦး ခွံ့ကျွေးရန် ကြိုးစားခဲ့ကြခြင်းကြောင့် ဖြစ်သည်.။ ငရဲဘုံမှ လူများ ကတော့ ထိုအချက်ကို မေ့လျော့နေခဲ့ကြသည်.။ ကျွန်တော် ထို ဥပမာကို ဖတ်ပြီး ကိုယ့်ကိုယ်ကို သုံးသပ်မိသည်.။
ငါငရဲဘုံမှာရောက်နေသလား ၊ ချမ်းမြေ့ဘုံမှာရောက်နေသလား ဆိုတာပင်ဖြစ်ပါသည်.။
            စာဖတ်သူများလည်း မိမိကိုယ်ကိုယ် သုံးသပ်နိုင်ပါသည်.။ အသိဥာဏ်ရှင် လူသားတစ်ဦးဖြစ်နေပါလျက် နှင့်မျှဝေ ဖေးမမှု၊ အပြန်အလှန်ကူညီထောက်ပံ့မှုမရှိလျှင်.လူသားလောကကြီးတစ်ခုလုံးအတွက် ပိုလျှံသလိုဖြစ် နေမည်ဟု ဆိုရ မည်ဖြစ်သည်.။ သင်လူပိုတစ်ယောက်ဖြစ်နေပြီလောဆိုသည့်မေးခွန်းကို ဖြေနိုင်ရန် ကျွန်တော်တို့အတွက် မိမိကိုယ်ကို ဆန်းစစ်ဝေဖန်မှုလိုလာပါပြီ.။ သင်သေသွားသော် ၊ သင်ဖွားသောမြေ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်း သင့်၏ ဆိုသောကဗျာစာသားအတိုင်းပင်.မိမိမသေဆုံးမီမိမိမွေးဖွားရာနိုင်ငံအတွက်၊  ပိုမိုကျယ်ပြန့်စွာဆိုရပါလျှင်ကမ္ဘာကြီးအတွက်လူသား မျိုးနွယ်တစ်ခုလုံးအတွက်.၊ကျေးဇူးတုံ့ပြန်မှုတစ်စုံတစ်ရာ ပြုခဲ့ရပါမည်.။ သို့မှသာလျှင် လူသားတစ်ဦးအတွက် ဘ၀အဓိပ္ပာယ်ပြည့်စုံပါလိမ့်မည်.။
            စာဖတ်သူများအနေဖြင့် တစ်စုံတစ်ခုသော Message ကိုရရှိမည်ဟုမျှော်လင့်ပါသည်.။ လေ့ကျင့်ယူစရာမလိုပါ.။ မှန်တစ်ချပ်ဆောင်ထားပါ.။ ထိုမှန်ဖြင့် မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ပါ.။ မိမိချို့ယွင်းချက်ကို ပြင်ဆင်ပါ.။မျှဝေမှုဖြင့် ရှင်သန်နိုင်အောင်ကြိုးစားပါ..။ထို့အပြင်တစ်စုံတစ်ရာကိုလည်းတွေးတောကြည့်ပါ..။
            -ငါငရဲဘုံမှာလား.?
-သုခ ဘုံမှာလား.?...။



Wednesday, October 3, 2012

တီးတိုးစကား..

        မရေးတာလည်း တော်တော်ကြာနေပါပြီ.။ ကျွန်တော်ကိုယ်တိုင်ကလည်း အလုပ်များနေတယ်လို့ ဆင်
ခြေပေးမလို့ အစကကြံပါသေးတယ်.။ နောက်တော့ ဒီလူနဲ့ဒီလူ ဖဘ မှာ အားအားယားယား ကွိကွိကွကွလုပ်
နေတာတွေ မမြင်တာ မှတ်လို့. ညာတော့ပါဝူးလေ ဆိုပြီး. ၀န်ခံရပါတယ်. ။ဟုတ်ကဲ့ ကျွန်တော် အပျင်းထူ
သလိုလို အလွမ်းပူသလိုလို ဖြစ်နေတာ ပါ.။
       လူက အရည်ထွက်မတတ်ပျင်းနေတဲ့အချိန်မှာ အားထားစရာတစ်ခုတည်းသော ကွန်ပျူတာလေးကို
ဝင်းဒိုးတင်မယ်လုပ်ပါတယ်.။ ကွကို အေးဆေးတင်လည်းရရဲ့သားနဲ့ ပုံးမဖွင့်တာလဲ ကြာပြီ.၊ ဖုန်လေးဘာ
လေးသုတ်ဦးမှ ဆိုပြီး. စက်ကိုဖွင့် fan ကိုဖြုတ်.၊ အောက်က Processor ကို ဖြုတ် ၊ ကော်တွေဘာတွေပြန်
သုတ်ပေါ့ဗျာ။ ပြန်တပ်တော့ ဆရာသမား မော်နီတာ က တက်မလာတော့ဘူး.။ အဲဒါနဲ့ ကြိုးတွေ သေချာ
ပြန်စစ် ၊ တစ်ညလုံး ထိုင်ရှာတာကို ဘာဖြစ်မှန်းမသိပါဘူး.။နောက်တော့ စစ်စရာက မားသားဘုတ်နဲ့
processor ပဲကျန်တော့ တယ်ဆိုပြီး ပြန်ဖြုတ်မှ. လားလား မျက်စိ မှုန်ခြင်းရဲ့အကျိုးဆက်ကို ခံစားရတာပဲ။
Processor လေးကို အံမကျပဲ ကလစ်ပိတ်လိုက်တော့ အောက်က socket လေးတွေကို ထောက်မိပြီး socket
သေးသေးလေး ၂ ချောင်း ၊(သေးသေးလေးမှ တကယ့်သေးသေးလေး ၂ ချောင်း )အထဲကိုကျွံဝင်နေတာ
တွေ့တယ်.။ သေရောဗျာ..။ မားသားဘုတ် အသစ်လဲမှ ရတော့မယ်ဆိုတာ သိလိုက်တယ်.။
        ဒီနေ့မနက် အဖော်မရှိတာနဲ့ ယောက်ဖ လုပ်သူကို ဇွတ်မရရအောင်ခေါ်ပြီး မော်စကို မှာ အဲဒါသွားဝယ်
ဖို့လုပ်တယ်.။ ဆိုင်ဝက်ဘ်ဆိုက် http://www.forum3.ru မှာကိုယ်နဲ့သင့်တော်တဲ့ မားသားဘုတ်ကိုရှာ၊ပြီးတော့
နံပတ် မှတ်.၊ မနက်ကျတော့ ကော်ဖီသောက်ပြီးထွက်ခဲ့ကြတယ်.။ အရင်ဆုံး စာတိုက်မှာ E-bay က မှာထား
တဲ့ပစ္စည်းတွေ ရောက်လို့ သွားယူတယ်။ ပြီးတော့ ပစ္စည်းသွားဝယ်တယ်.။ အဲဒီဆိုင်ရဲ့ System က တစ်မျိုး၊
စနစ်တော်တော်ကျပါတယ်.။ ဆိုင်မှာ နံရံကပ် ကွန်ပျူတာတွေရှိတယ်.။ အဲဒီမှာ ပစ္စည်းအမျိုးအစား အလိုက်၊
မော်ဒယ်အလိုက် ၊ ဈေးနှုန်းအလိုက် ၊ ရှာလို့ရတယ်.။ (ကျွန်တော့်လို ဆိုင်ဝက်ဘ်ဆိုက်က တစ်ခါတည်းရှာ
လာရင်လည်းရတယ်. ) ပြီးရင် ပစ္စည်းနံပတ်ကို စာရွက်လေးနဲ့ ရေးပြီး ဘောက်ချာသွားဖြတ် ၊ ပြီးတော့ အဲဒီ
ဘောက်ချာကိုယူပြီး တစ်နေရာမှာ ငွေသွားရှင်း.၊ ပြီးရင် အောက်ထပ်မှာ ကိုယ့်ပစ္စည်းကို သွားထုတ် ရုံပဲ.။
 ဒီနေ့ကျောင်းဘဏ်မှာ ဒေါ်လာသွားလဲ ရင်းနဲ့ရိုက်လာတာ.. လူကြည့်တော့ လက်တောက်လောက်ရှိသေး
တယ် .။ စကေးကတော့ မသေးလှဘူး။
                စကိတ်မစီးဖြစ်တာလဲ ကြာပါပြီ.။  ရာသီဥတုက နည်းနည်းချမ်းလာပြီ..။ အနွေးထည်တွေဝယ်
နေကြပြီ.။ ကျွန်တော်လည်း Ebay က တစ်ထည်ဝယ်ထားတယ်.။ အရမ်းအထူကြီးတော့မဟုတ်ဘူး.။ အထူက
တစ်ထည်ထပ်ဝယ်ရမယ်ထင်တယ်.။ ပုံစံလေးသဘောကျလို့ပါ.။
           ဟိုတစ်နေ့က ဖဘ မှာတွေ့သလို လေ.။ သူပြထားတာက လှတပတ ကိုယ်ဝတ်လိုက်မှ ကိုးလိုးကန့်
လန့်ဖြစ်နေမှာက ကြောက်ရသေးတယ်.။ဘော်ဒီလည်း တောင့်မှ လှမှာဆိုတော့ ကွကို ကြိတ်ပြီးလေ့ကျင့်
နေရတယ်.။ဒါနဲ့ ကျွန်တော် ဗိုက်ခေါက်နဲနဲ ထူလာသလိုပဲ.(သများကို လျှောက်ပြောနေလို့ဝဋ်လည်တာလား
သိဝူး..:'(....)ဘောဆင်းမကန်တာ ကြာလို့လားမသိဝူး.။ ဘာမှလည်းသောက်ပဲနဲ့ ဗိုက်ပူချင်နေတယ်.။
အသိသာကြီးတော့မဟုတ်ဘူး .။ တိတ်တိတ်ကလေး ခိုးပူနေတာ.။
            ထားပါတော့.အဲ့တာနဲ့ လိုရင်းမရောက်တော့ဘူး.။ မားသားဘုတ်ဝယ်ပြီး ပြန်လာတော့ တစ်သက်
နဲ့တစ်ကိုယ်တစ်ခါမှ မကြုံဖူးတဲ့ လူကြပ်တာကိုကြုံတယ်.။ခါတိုင်းတစ်ခါမှမကြပ်တာတော့မဟုတ်ဘူး.။
ဒီတစ်ခါ ကြပ်တာက နိုင်းလောက်ရှိတယ်.။ အရင်က ဆရာတွေပြောဖူးတယ်။ မော်စကိုမှာ လူဦးရေရဲ့
တစ်ဝက်လောက်ကမြေအောက်ထဲမှာ ပုံမှန်ရှိတယ်တဲ့.။ ဒီတစ်ခါ မက်ထရိုစီးတာလောက်ကြပ်တာမကြုံဖူး
သေးဘူး.။ တကယ့်ကို ငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေတာ.။ မြေအောက်ရထားကထွက်တော့လည်း မြေပေါ်ရ
ထားမှာ တစ်ခါကြပ်ပြန်ရော.၊ မြေပေါ်ရထားပေါ်မတက်ခင်.. မျှော်နေတဲ့သူဆီ ဖုန်းဆက်လိုက်သေးတယ်.။
ဒီနေ့လည်း မအားပါ ဆိုတဲ့အကြောင်းကိုစိတ်မကောင်းစွာဖြင့်ပေါ့.။
         အခုတစ်လော လည်းတော်တော်ပင်ပန်းပါတယ်.။ ကျွန်တော်တို့ ယူထားတဲ့မေဂျာက စီနီယာမရှိတဲ့
မေဂျာဖြစ်နေတယ်.။ မေဂျာယူတုန်းကလည်း ရီရတယ်.။ ပရော်ဖက်ဆာက အခန်းထဲခေါ်ပြီး သူက ရူပဗေ
ဒဆိုင်ရာ တွေမေးတယ်.။ ကျွန်တော်တို့ကလည်း မေ့တဲ့ဟာကမေ့ဆိုတော့ ဟုတ်တိပတ်တိ မဖြေနိုင်ကြဘူး။
ပြီးတော့တစ်ချို့ဟာတွေက အင်္ဂလိပ်လိုသိပေမယ့်. ရုရှားလိုကကျတော့ terms တွေက မတူတော့ သိတဲ့
ဥစ္စာတောင် ဘာမေးမှန်းမသိတာမျိုးတွေဖြစ်နေတယ်.။ သူက Informal ပြောတဲ့ စကားနဲ့မတူတာလည်းပါ
မှာပေါ့.။ အဲဒီမှာ သူကဘာမေးလည်းဆိုတော့ နာနို အကြောင်းပြောတယ်.။ Nano-electronics  ကိုရုရှားလို
အသံကျတော့ နာနို အလက်သရိုညိကာ လို့ပြောတော့အားလုံးကနားလည်ပြီး အလုအယက်ရှင်းကြတော့
ဆရာက သဘောကျသွားပြီး ကျွန်တော်တို့လုပ်ရမယ့်စာတမ်းကို နာနို လို့ရွေးပေးလိုက်ပါလေရော.။ အခု
ကျတော့ စီနီယာ မရှိတော့ နဲနဲတော့အလုပ်ရှုပ်ပါတယ်. ။ သူပေးတဲ့ စာအုပ်ကြီးတွေကို ဖတ်ရတာ ၊ဘာသာ
ပြန်ရတာ.၊ Presentation လုပ်ရတာ တွေနဲ့ဆိုတော့ တစ်ခါတစ်လေ မအားဘူး.။(ဒါမဲ့ ဖဘတော့ဝင်သား..)
အခု မရေးဖြစ်တာလည်းတော်တော်ကြာနေပြီ.။ ဒီပို့စ်ကတော့ ဖြစ်ကတတ်ဆန်းရေးလိုက်တာတော့မဟုတ်
ပါဘူး.။ ကိုယ့်လက်ရှိ အခြေအနေလေးကို Update ဖြစ်အောင်လုပ်တာပဲပြောပြော..။ မောင်နှမတွေကို
တီးတိုးစကားလေးတွေဆိုပြီး  တွတ်ထိုးတဲ့သဘောပါပဲ....။ ပြီးတော့ ၀တ္ထု.၊ ကျွန်တော်ဝတ္ထုမရေးတာကြာပြီ
ထင်တယ်နော်.။ ဆက်ရေးပါမယ်.။ သိပ်မကြာခင် လာပါမယ်..။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း
ဖလန်းဖလန်း ထနိုင်ကြပါစေဗျာ.။
             



 

My Blog List