Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Friday, June 29, 2012
ကမ္ဘာတည်မယ့်အလွမ်း
မေ...
အလွမ်းရက်ရှည်ရှည်
နွမ်းလို့ကြွေရလိမ့်၊ 
မှန်းမျှော်လို့ရင်မော၊ 
(မေတစ်ယောက်..)
အဆင်မှ ချောပါလေစ...။
မေ...
တောစဉ်နဲ့တောင်တန်း
ရစ်သန်းတဲ့ မြို့ငယ်..
ချယ်ရီတွေ အဆုပ်အဆုပ်နဲ့..
မိုးနှင်းတွေကြားမှာ..
ချစ်သူနှလုံးသားလေး..
မတုန်မလှုပ်ရှိတုန်းပဲလားဟင်...။
မေ...
သံစဉ်တွေ ပွင့်ထွက်.
ရင်ခတ်တဲ့ တေးသီ
ပြတင်းတံခါးမှာပဲငေးမှီလို့....
ဟိုး....အဝေးဆီကို.
တမ်းတနေတာ 
မေသိမှ သိပါလေစ...။
ပုံမမှန်တဲ့ မိုးစက်..
တိုက်ခတ်တဲ့လေစိမ်း..
ရစ်သိမ်းတဲ့တိမ်လွှာ.
အရာရာအသစ်ပေါ့..
မချစ်တဲ့နေရာ..
မသာတဲ့ နှလုံးသားထဲမှာ..
သာနေတဲ့လမင်း...
တစ်စင်းသာရှိမယ်ဆိုရင်..
အဲဒါ မေပဲဖြစ်မှာပေါ့....။
မေရယ်...
ပန်းတိုင်းနွမ်းကြေးမဟုတ်သလို
စမ်းတိုင်းလည်း မခမ်းခဲ့တော့.
မနွမ်းသည့်ပန်း.
မခမ်းသည့်စမ်းနဲ့...
မဆန်းတဲ့ ဒီအလွမ်းတွေ..
ကမ္ဘာတည်သ၍ပဲလား..မေ..။ 
             ကျွန်တော်ကာရန်ကဗျာမရေးတာကြာခဲ့ပါပြီ..။ သွေးအေးသွားမှာစိုးလို့တစ်ပုဒ်ပြန်ရေးလိုက်ပါတယ်.။ 
ဝတ္ထု၊ ဆောင်းပါးလည်း မရေးတာကြာပြီဆိုတာ သတိရပါတယ်.။ ကျောင်းပိတ်ထားတော့ ပြန်ရေးတော့မှာပါ.။
Tuesday, June 26, 2012
ကျွန်တော့်ရဲ့ အကြင်နာအိပ်မက်...
  ၁၉၉၀ မှာထွက်ခဲ့တဲ့ ကိုငှက်ရဲ့ အကြင်နာ အိပ်မက် စီးရီးထဲက Title သီချင်းလေးပါ..
နားထောင်ကြည့်ပါဦး..
Wednesday, June 20, 2012
ဆိုင်းမဆင့်ဗုံမဆင့်...
     ကျွန်တော်တို့ မြန်မာစကားမှာရှိပါတယ်.။ဆိုင်းမဆင့် ဗုံမဆင့်တို့.၊ ခရီးရောက်မဆိုက်တို့..။ အဲဒီလိုစကား
တွေရှိပါတယ်.။ဒါက ဘာကိုပြောတာလဲဆိုတော့ အမှတ်မထင် လူတစ်ယောက်နဲ့တစ်ယောက်တွေ့တွေ့ချင်း
မှာ စကားဦးမသန်းပဲနဲ့ ပြောလိုက်တာမျိုး.၊ ကိစ္စတစ်ခုကို အမှတ်မထင် လုပ်လိုက်တာမျိုးကိုဆိုလိုတာပါ.။
ကျွန်တော် စာမရေးပဲ ပျောက်နေတာလဲ ကြာပါပြီ.။ဘာလို့ပျောက်နေတာလဲ ဆိုတာ မသိသူထက် သိသူများ
မယ်ထင်ပါတယ်.။ဟုတ်ကဲ့မောင်မိုးသက်တစ်ယောက် မပြီးဆုံးသေးသောပညာရေးခရီးရဲ့ လမ်းကွေ့တစ်နေ
ရာကိုကျော်ဖြတ်နေလို့ပါ.။ ပွင့်ပွင့်လင်းလင်း (ဒဲ့) ပြောရရင်တော့ စာမွဲ ဖြေနေတာဖြစ်ပါတယ်.:D.။(သည်းခံ
ပါခင်ဗျ.။ကျွန်တော်ကတစ်ခါတစ်ခါ ဖောက်တတ်ပါတယ်. :D. ။)
     ဒီကြားထဲမှာ အများကြီးဖြစ်ပျက်ခဲ့တာတွေအများကြီးပါပဲ.။ရခိုင်ကိစ္စတွေဖြစ်တယ်.။ ဘင်္ဂလားဒေ့ရှ်နဲ့
ဆိုက်ဘာ တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်တယ်.။အဲဒီမှာ ကျွန်တော် တစ်စုံတစ်ရာကို သတင်းဆိုးများကြား
ကနေ သတင်းကောင်းတစ်ခုအဖြစ်နှစ်ထောင်းအားရစွာမြင်မိတာ(၂)ခုရှိပါတယ်.။
ပထမတစ်ခုက ဘယ်လို ကွဲလွဲမှုတွေရှိပါစေ..။ လူမျိုး၊ ဘာသာ ၊သာသနာ နဲ့ပတ်သတ်လာရင် မိမိတို့ကွဲလွဲ
မှုတွေကို အားလုံးက မေ့ထားပြီးတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်သွားတဲ့ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓါတ်
ကို မထင်မှတ်ပဲတွေ့ရတယ်.။ဒါကတစ်ချက်.။
နောက်တစ်ခုက ကျွန်တော်တို့ရဲ့နောက်ပိုင်းတော်တော်လေးကိုငယ်တဲ့ လူငယ်တွေကို ပညာရပ်နယ်ပယ်
အသီးသီးမှာတွေ့လာရတာပါ.။ ဒီကိစ္စကိုအရင်ကတည်းက ရေးမယ်လို့တေးထားပါတယ်.။
ဥပမာပြောရင်.GhostArea.net hacking blog ကိုရေးတဲ့ Negative Thunder (၁၈ နှစ်)
Myanmar Hacker Uniteam က Cyber Coder ဆိုတဲ့ညီလေးကလည်း ၁၈ နှစ်ပဲ.။ ကျွန်တော်တို့ဘလော့
ဂါတွေထဲမှာလည်းထူးထူးခြားခြား ညီလေး ၀ိဝိက.၁၅နှစ်လောက်ပဲရှိသေးတယ်.။ဘာသာပြန်ဆောင်းပါးတွေ
ရေးနေတဲ့ စင်ကာပူက ညီမလေးဖြူအိတို့ အစရှိသဖြင့်ပေါ့.။ ဘာပဲပြောပြော ကိုယ့်နောက်က Generation
တစ်ခုရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာတွေ့ရတဲ့အတွက် ကျွန်တော် အတိုင်းမသိဝမ်းသာမိပါတယ်..။
ဒီလိုလူငယ်လေးတွေ အများကြီးရှိပါသေးတယ်.။
      စာမေးပွဲကိစ္စကတော့ရှင်းပါတယ်.။ ပထမနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကိုဖြေရတာပါ.။ပုံမှန်လေးစာလုပ်
သွားတော့အခက်အခဲမရှိခဲ့ပါဘူး.။စာမေးပွဲမဖြေခင်က. မြန်မာပြည်ကိုပြန်မယ့်အစ်ကိုတွေကိုနှုတ်ဆက်ဖို့
မော်စကို မြို့ရဲ့ဟိုဘက်ကို တစ်နာရီလောက်ကားစီးရတဲ့ မြန်မာလို မြို့စိမ်းကလေး လို့နာမည်ရတဲ့မြို့ကို
သွားခဲ့ပါသေးတယ်.။အဲဒီတုန်းက တစ်ခါမှ ကားမမူးဖူးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရော ကျွန်တော်ပါ အလဲ
လဲအကွဲကွဲဖြစ်ခဲ့တဲ့နေ့ ပါ.။ယာဉ်ကျောပိတ်ဆို့နေတာကြောင့် ဖြည်းဖြည်းလေးသွားလိုက် ဆောင့်ပြီးရပ်လိုက်
နဲ့.ဆိုတော့ တောင်ပေါ်လမ်းမှာ ကားမမူးခဲ့တဲ့ မောင်မိုးသက်တစ်ယောက်ခေါင်းမထူနိုင်ပါဘူး.။ဇကောထဲ
ဇီးဖြူသီးထည့်ပြီးလှိမ့်သလို မဟုတ်ပါဘူး.။နို့ဆီခွက်ထဲ ဆီးဖြူသီးထည့်ပြီးခလောက်သလိုပါပဲ.။ ဒီကြားထဲ
ဘေးက ထိုင်တဲ့အဘွားကြီးက သူ့အသားကိုမတော်တဆထိမိရင်ယောင်တတ်လို့ မနည်း ဂရုစိုက်ရပါသေး
တယ်.။ 
         ကားပေါ်ကနေ လှမ်းဆွဲလိုက်တာ..။ မော်စကိုမြစ်ကြီးပေါ့ဗျာ.။
               သွားရင်လာရင်ရိုက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ခု..
ဒါက အပြန်ရထားပေါ်ကရိုက်ထားတာထင်တာပါပဲ. ဘာတိုင်ကြီးလဲတော့မသိဘူး.. :D။
       ဟိုရောက်တော့ ညနေပိုင်းမှာ ဂါဒီယန်ရဲ့သူငယ်ချင်းနဲ့ မုန့်စားလိုက်သွားရင်းကနေ ဟိုဟိုသည်
သည် ကားပတ်မောင်းဖြစ်ပါသေးတယ်.။ မြန်မာနိုင်ငံမှာကတည်းက ကားမောင်းသင်တုန်းက ကျွန်တော်
မောင်းရင် နောက်မဆုတ်တတ်ဘူး.။နောက်ဆုတ်ရင် တစ်ခုခုနဲ့မတိုက်ရင် မြောင်းထဲကျပါတယ်.။
မမောင်းတာလဲ ကြာပြီဆိုတော့ မမောင်းဖြစ်ခဲ့ပါဘူး.။
       အဲဒီကနေ လူရှင်းတဲ့ဘက်ပတ်မောင်းကြရင်းနဲ့ သင်္ချိုင်းတစ်ခုကိုရောက်ပါတယ်.။ဟိုဟိုသည်သည်
ဓါတ်ပုံရိုက်ရင်းဆိုပါတော့.။ သင်္ချိုင်းလေးကလည်း ပန်းပေါင်းစုံနဲ့ အနံ့အသက်ကင်းလို့ လှပနေတာကိုတွေ့
မိပါတယ်.။
 ဓါတ်ပုံရိုက်ရင်းနဲ့ အဆောင်ရောက်လို့ပြန်ကြည့်ရင် သရဲမ ပုံတွေဘာတွေပါလာမလားတွေးမိပါသေးတယ်။
         အားလုံးကောင်းပါသည်..ခင်ဗျား..လို့ပြောရမှာပေါ့. .။ကြားထဲမှာ ပျက်ကွက်ခဲ့တာတွေအတွက်..
မောင်နှမများနားလည်ပေးကြမယ်ထင်ပါတယ်.။အော်. မေ့တော့မလို့.. ။မနေ့က ဆရာစိုင်းခမ်းလိတ်သီချင်း
တွေပြန်ဆိုထားတဲ့အခွေနားထောင်မိပါတယ်.။ ယနေ့ခေတ်အဆိုရှင်တွေပြန်ဆိုထားတာပါ.။ ပွင့်ပွင့်လင်း
လင်းပြောရရင်. ကိုထီးသီချင်းတွေ ကိုပြန်ဆိုမယ့် အဆိုရှင်ဟာ အင်မတန်တာဝန်ကြီးပါတယ်.။ တစ်ခေတ်
တစ်ခါက ကရုဏာသံပိုင်ရှင်ရယ်လို့ နာမည်ကြီးခဲ့တဲ့ ကိုထီးအသံနဲ့မတူနိုင်ရင်တောင်ဆိုပုံဆိုပေါက်တူ
အောင်ဆိုရမယ်လို့ ကျွန်တော်ထင်မိပါတယ်.။ဒါပေမယ့် နားထောင်ရတာ ရင်ထဲမှာ မကောင်းပါဘူး.။
ဘယ်တီးဝိုင်းနဲ့တီးသလဲတော့ ကျွန်တော်မသိပါ.။ ဒါပေမယ့် မိမိဖာသာ ပြောင်းလဲ တီးခတ်လိုက်တော့ သီ
ချင်းရဲ့ မူရင်း အနှစ် တွေပျောက်ကုန်သလိုပါပဲ.။ Rock ဆိုနေကြသူက Rock ပုံစံနဲ့ဆိုပစ်လိုက်ပါတယ်.။
Punk တွေဆိုနေကျသူက Punk ပုံစံပြောင်းပစ်လိုက်ပါတယ်.။ ပြောရမယ်ဆိုရင် သီချင်းတွေပျက်စီးသွား
တယ်လို့တောင်မြင်မိပါတယ်.။ ဘယ်လို Band တွေ သုံးသုံးဘယ်လို စက်တွေသုံးသုံးပါ.။ Analog ခေတ်
က ကိုထီးဆိုခဲ့တဲအခွေကို ခြေဖျားတောင်မမီတာအမှန်ပါ.။ (ကြုံရင်နားထောင်ကြည့်ပါခင်ဗျာ..)
 ကဲ ပြောခဲ့တာတွေလည်းများသွားပါပြီ.။ အားလုံးလည်း လတ်တလောအခြေအနေအရ စိတ်တွေပင်ပန်းနေ
ကြမယ်ထင်ပါတယ်.။အဲဒါကြောင့်ဒီနေ့တော့ ဒီလောက်ပါပဲလို့.....။
Tuesday, June 5, 2012
မနှစ်ကရွာတဲ့မိုး
အပြင်မှာ မိုးတွေရွာနေတယ်..။
သည်းကြီးမည်းကြီးပဲ..။
ငါ့ရင်မှာလည်း အတူတူပေါ့ လမင်းရယ်..။
မနှစ်က ရွာတဲ့မိုးကို နင်မှတ်မိလား..။ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ကြားက
နွေးထွေးမှုတွေရခဲ့တာ နင့်ကြောင့်ပဲဆိုတာ ငါမှတ်မိနေတယ်...။
အခုလည်း မိုးရွာနေတယ်..။
မိုးတစ်ဖျောက်ဖျောက်သံက..
ဂီတသံစဉ်တစ်ခုနဲ့ အလားသဏ္ဍာန်တူတယ်.။
ဒါပေမယ့်.
အဲ့ဒီအသံက ငါ့ရင်ဘတ်ထဲက ရင်ခုန်သံတွေနဲ့ ကွာခြားသွားပြီ...။
နင်ချမ်းနေလား...
အင်း..
မယုတ်မလျော့ ပဲဖြေတယ်..။
ငါနင့်ပခုံးပေါ်မှာ မှီလို့ရမလား..။
အင်း..
ဝတ်ကျေတန်းကျေလို့ မထင်ရတဲ့ မလှုပ်တစ်လှုပ် တုံ့ပြန်မှုမျိုး....။
ပခုံးသေးသေးလေးပေါ်မှာ ငါခေါင်းမှီခဲ့တယ်...
ရေစိုနေတဲ့ ဆံနွယ်စလေးတွေကို ခိုးနမ်းရင်းပေါ့..
ဒါပေမယ့်..
အဲဒီအချိန်ကတည်းက ဝေးရမယ်ဆိုတဲ့အသိနဲ့
ငါ့ရင်ထဲက လျှပ်ပန်းလျှပ်နွယ်တွေက..
မိုးကြိုးမုန်တိုင်းထန်နေတာ..
နင်သိမယ်မထင်ဘူး....။
မိုးရယ်..
မရွာပါနဲ့လားကွာ..
ငါ့ကို သနားရင်...
ငါ့ကိုကိုယ်ချင်းစာရင်..
ငါ့ဘ၀ကို မနစ်မွန်းစေချင်ရင်..
ငါ့နှလုံးသားကို မပွန်းပဲ့စေချင်ရင်...
မရွာပါနဲ့လားကွာ....။
တစ်ခါတစ်ခါပေါက်ထွက်တဲ့သံစဉ်တွေ..
အခါခါ တဆစ်ဆစ်နာကျင်နေတာတွေ..
မြန်မြန်ဇာတ်သိမ်းချင်နေပြီ...
ငါ့ဘ၀ရောပါသွားမလား...။
ရှေ့တိုးဖို့ အရှိန်ယူတာမဟုတ်ရဘူး..
ငါနောက်တစ်လှမ်းဆုတ်ထားတယ်...။
နင်သာအလိုရှိမယ်ဆိုရင်..
ကျောခိုင်းထွက်ခွာ ပေးမယ်..
နင်မမြင်ချင်ရင်..
ဒီတစ်သက် ပုန်းရှောင်ပေးမယ်...
နင်ပျော်ပါစေ...
နင်ဝမ်းသာပါစေ..
နင်စိတ်ချမ်းသာပါစေ...
အခါခါဆုတောင်းရင်းပေါ့...
တောင်းပန်ပါတယ်...
ငါမှားတယ်လို့ နင်ယူဆခဲ့သမျှ အတွက်...
အားလုံးကို ၀န်ချပါရစေ...
နင့်အတွက်..
ဒူးလည်းထောက်ထားတယ်..
ခေါင်းလည်းငုံ့ထားတယ်..
လည်လည်းစင်းပေးထားတယ်.
နင်လုပ်သမျှအားလုံးမှန်ခဲ့တယ်..
ငါမှားခဲ့တာတွေအတွက် ..
ငါထွက်သွားတော့မယ်..
နှုတ်ဆက်ပါတယ်လမင်း...
နှုတ်ဆက်ပါတယ် ပြင်ဦးလွင်...
အမှတ်တရနေရာအားလုံးအတွက်..
တိတ်တိတ်လေးပဲ နှုတ်ဆက်လိုက်ပါရစေ..
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောလိုက်ချင်တယ်..
ငါ့အသက်နဲ့ခန္ဒာ တည်နေသ၍...
ငါနင့်ကိုချစ်နေမှာ...
ငါနင့်ကိုမြတ်နိုးနေမှာ..
ငါနင့်ကို ကိုးကွယ်နေမှာပါ..
နင်က ငါ့အသက် ၊ ငါ့ဘ၀ဖြစ်ခဲ့ဖူးတာကိုး..။
ခုတော့လည်း မပြေလည်တဲ့ ၀ဋ်ကျွေးတွေကြားမှာ..
ကြေကွဲနေတဲ့နှလုံးသားအပိုင်းအစတွေကိုထုပ်ပိုးပြီး...
နင့်ရယ်သံလေးနဲ့ဝေးတဲ့နေရာကို...
ထွက်သွားပါရစေဟာ...
My Blog List