Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, January 17, 2012

ပြင်ဦးလွင်တမ်းချင်း (၁)

      ရေးမယ်ရေးမယ်နဲ့ ကြာတော့ကြာပါပြီ...။ မမကွန် ရဲ့ဘလော့မှာ.. ဖတ်ရတဲ့..ပြင်ဦးလွင်.အကြောင်း
တွေလေ... ။ ဓါတ်ပုံတွေဘာတွေနဲ့ဆိုတော့. ကြည့်ပြီးရင်းကြည့်လို့မ၀.. ချက်ခြင်းပင် ထပြန်ချင်အောင်
ဖင်တစ်ကြွကြွ ဖြစ်ရလွန်းလို့.. စိတ်တောင် ဆိုးမိသေးတယ်..။ လွမ်းတယ် လွမ်းတယ် နဲ့ ပိတ်အော်ပစ်ချင်
တာ..။ကျွန်တော်က ပြင်ဦးလွင်သားလေ..။ သိသားပဲလို့ မပြောနဲ့.. သိရင်လည်း ထပ်ပြီးနားထောင်ပေါ့.။
သိပ်ချစ်တဲ့ ပြင်ဦးလွင်..။ သိပ်လှတဲ့ ပြင်ဦးလွင်..။ သိပ်အေးတဲ့ပြင်ဦးလွင်ပေါ့..။
      ရေးတော်မူတဲ့.. ဒေါ်ကွန်တော့ ဘယ်လိုနေမယ် မသိဘူး..။ ကျွန်တော့်အသိတွေကတော့ ကျွန်တော့်
ပြင်ဦးလွင်ကလို့ပြောရင်..သူတို့ခမျာ. အင်္ဂါဂြိုဟ် လို့များကြားလိုက်ကြလား မသိဘူး.။ ချက်ခြင်းကိုခေါင်း
တွေထောင်လာကြတယ်.။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ. . ။ မြို့ကြီးသား မဟုတ်ရင်တောင် မြို့စကောစကသား
(ကြံဖန်ဂုဏ်ယူတာ) လောက်တော့ ကိုယ့်ကိုယ်ကို မှန်းမိပါတယ်.။ ဟုတ်တယ်လေ.. ကျွန်တော်တို့ပြင်ဦး
လွင်က သေးသေးလေးရယ်.။ ဒါပေမယ့်.. မြို့တွေထဲမှာတော့ စန်းပွင့်တယ်ပဲပြောရမလား... ။ လူချစ်လူ
ခင်တော့ အပေါသားဗျ...။
         ထားပါတော့.. ပြင်ဦးလွင် ကိုကျွန်တော်အခုလွမ်းနေတယ်..။ ဘာ့ကြောင့်လွမ်းတာလဲ ဆိုတော့.
ပြောတတ်ဘူး.။ လွမ်းတာကလွမ်းတာပေါ့.။ မွေးရပ်မြေကိုး..။ ငယ်ငယ်တုန်းက မေမေနဲ့ အတူတူကျောင်း
သွားခဲ့တဲ့.. ဂျပန်ပိတောက်ပင်တန်းတွေနဲ့ လမ်းလေးကိုသတိရတယ်.။ တောင်ကုန်းလေးတွေပေါ်ကဖြတ်
လာတဲ့ လေလေးတွေနဲ့.. ပါလာတဲ့.ယူကလစ်နံ့သင်းသင်းလေးကိုသတိရတယ်..။ ညနေဘက် လမ်း
လျှောက်ထွက်ရင်.. လေချွန်တတ်တဲ့ထင်းရှုးပင်လေးတွေကိုသတိရတယ်..။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင်.
နို့နဲ့ ပေါက်ပြီးကျွေးတတ်တဲ့ အဒေါ်တွေလည်း သတိရတယ်..။ အကုန်ပါပဲဗျာ..။ အမလေး အကဲပိုလိုက်
တာ.. လို့ ပြောလဲ ခံရရုံရှိတော့မပေါ့....။
       ခရီးသွားဧည့်သည်တွေကို အမြဲတမ်းဖိတ်ခေါ်နေတဲ့..ကျွန်တော်တို့ မြို့ကလေးက ရွှေခြေကျင်းမြို့
တော်ကြီး မန္တလေးနဲ့ ..(၄၂)မိုင်လောက်ဝေးပါတယ်...။ တကယ်လို့ရွှေမန်းကနေ. .ကားနဲ့တက်မယ်
ဆိုရင်..(ကားနဲ့ပဲတက်ကြပါတယ်.. ဖီးလ် လာရင်လာသလို ဆိုင်ကယ်နဲ့ လန်းတဲ့သူလည်းလန်းကြပါတယ်..)
မြေပြန့်ဒေသ အဆုံးဖြစ်တဲ့.. ကျောက်ချောရွာ.. အကျော်မှာ တောင်တက်လမ်းတွေစတော့တာပဲ ဗျာ.။
အဲဒီမှာဘာ သိသာလာလဲ ဆိုတော့. တိုက်နေတဲ့ .လေ.။ အပူပိုင်းဒေသမှာ တိုက်တတ်တဲ့. လေပူတွေ
ချက်ချင်းကြီးပျောက်သွားပြီးတော့. သိပ်ကို သန့်တဲ့ .လေအေးအေး လေးတွေ တိုက်လာတယ်.။ သိပ်ကို
အသက်ရှုဝတာပေါ့.။ ဒါပေမယ့် ကြိုတော့ပြောထားမယ်နော်.. ။ သိပ်အကြာကြီးမရှုပါနဲ့.. ။ နှာစေးတတ်
လို့ပါ...။လေက အေးသထက်အေးလာတယ်.. ။ သဘာဝပေါက်ပင်တွေကလည်း တစ်ဖြည်းဖြည်းချင်းရော
ခပ်မြန်မြန်ပါ ပြောင်းလာတယ်..။ ၂၁ မိုင် လို့ အလွယ်ခေါ်တဲ့.. ခရီးတစ်ထောက်နားရာနေရာ ရောက်ရင်
တော့. ..  လုံးဝ ပြင်ဦးလွင်ရာသီဥတုဖြစ်သွားပြီ..။
      ကြားထဲမှာရွာစဉ်တန်းတွေ ကျော်ရမယ်.. ရွာသေးလေးတွေ ရွာကြီးတွေ ပေါ့.။ အောင်ချမ်းသာကျေးရွာ
ရောက်ရင်. လမ်းညာဖက်မှာ မဟာဆုတောင်းပြည့် နှီးဘုရားကြီးကိုဝင်ဖူးလို့ရပါသေးတယ်. ။













မဟာဆုတောင်းပြည့်နှီးဘုရားကြီး
(http://magyi-parchuu.blogspot.com မှ ကူးယူဖော်ပြသည့်ပုံဖြစ်ပါသည်..။)
အဲဒီကကျော်လာတော့..
အနီးစခန်းဆိုတဲ့ ရွာကိုရောက်ပါတယ်.။ အနီးစခန်းက ရွာသာဆိုပါတယ်.။တကယ်
တမ်း ကမြို့ပေါက်စပါပဲ.။ အထက်တန်းကျောင်း၊ ဆေးရုံ ၊ မီးသတ်..၊ နေအိမ်တိုက်တာတွေနဲ့ပါ..။ သံမဏိ
စက်ရုံကြီးလဲ ရှိတော့. လူတော်တော်စည်တဲ့ ရွာအကြီးကြီးပါ..။
      အဲဒီက ကျော်လာရင် ကော်ဖီစက်ရုံတွေနဲ့ ကော်ဖီခြံတွေ..။ ရှီတာကီမှို စိုက်ပျိုးရေးက မှိုခြံတွေ.၊
ရှိတဲ့ ပွေးတောင်ရွာ၊ (ပွေးတောင်ရပ်ကွက်ဖြစ်နေပြီလား မသိ..) ကိုရောက်ပါတယ်.။ အဲဒီက ကျော်ရင်
တော့.. ပြင်ဦးလွင် အမြင့်ပေ(၃၅၃၈)ပေ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုစတွေ့တော့တာပါပဲခင်ဗျား. ။




















            ပြင်ဦးလွင်ကိုစ၀င်ပြီဆိုတာနဲ့ တိုက်တာအိုးအိမ်တွေကို မတွေ့ခင် အရင်ဆုံးဖူးတွေ့ရတာက
လမ်းရဲ့ ဘယ်ဘက်မှာ ရှိတယ်. ဇိနမာန်အောင် လွတ်လပ်ရေးအောင်စေတီပဲဖြစ်ပါတယ်.။ ဒီစေတီတော်
ကိုရွှေတိဂုံဘုရားနဲ့ပုံစံတူ တည်ထားတာပါ..။ လွတ်လပ်ရေးရခဲ့တဲ့.၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့မှာ
တည်ခဲ့လို့ လွတ်လပ်ရေးအောင်စေတီလို့ ခေါ်ပါတယ်.။ အခါကြီးရက်ကြီးတွေမှာ ဒီဘုရားမှာလူတွေစည်
ကားလေ့ရှိပါတယ်.။ ဒီဘုရားက တပ်မြေနဲ့မြို့မြေနဲ့ ခြားထားတဲ့ဘုရားဖြစ်ပါတယ်.။ ဒီဘုရားကတပ်မြေ
ထဲမှာ ရှိပါတယ်.။ ဘုရားပေါ်တက်ပြီး .  အနောက်မြောက်ဘက်( ဘာထောင့်ခေါ်လဲ သိဘူး..)ကိုကြည့်
လိုက်ရင်..ဗိုလ်လောင်းတပ်ရင်းအိပ်ဆောင်တွေနဲ့ တန်းပေါင်းစီကွင်းကို တွေ့ရပါတယ်.။ ဗိုလ်လောင်း
တွေတန်းစီ ပုံတွေ. အိပ်ဆောင် ထားရှိပုံတွေကို ရှင်းရှင်းလင်းလင်းမြင်ရပါတယ်.။ မြင်ရတဲ့တပ်ရင်းက
တော့ အနော်ရထာတပ်ရင်းဖြစ်ပါတယ်..။ ကျွန်တော်ဗိုလ်လောင်းတုန်းက တက်ခဲ့တဲ့တပ်ရင်းပေါ့ဗျာ..။
မနက်ခင်းဆို.. ပီတီ ထရက်ဆု လေးဝတ်ပြီး.. အပြေးကျင့်ရင်း ဘုရားတက်တက်ဖူး ကြတာ မှတ်မိပါသေး
တယ်..။ စနေနေ့တိုင်း ဂျူနီယာဗိုလ်လောင်းတွေကိုခေါ်ပြီး.. ဘုရားအောက်က လမ်းမှာ.. အမှိုက်သရိုက်
တွေ တံမြက်စည်းလှည်းရတယ်.. ။ စနေနေ့ဆို လူက အလိုလို ပျော်နေတတ်တာပေါ့..။




















အဲဒါက အနော်ရထာတပ်ရင်း အိပ်ဆောင်များပါ..(ဘောလုံးကွင်းဘေးက ဒီဘက်ကို မျက်နှာမူထားတဲ့
အဆောင်က တော့ ကျွန်တော် သုံးနှစ်သုံးမိုး..နေထိုင်ခဲ့တဲ့. အိပ်ဆောင်ဖြစ်ကြောင်းပါ.။ညာဘက်ဘေး
ကသစ်ရွက်စိမ်းစိမ်းလေးတွေ နဲ့တစ်ဝက်တစ်ပျက်ဖုံးနေတာက အနော်ရထာတန်းပေါင်းစီကွင်းကြီး.ပေါ့ )
           အဲဒီ ဘုရားကနေကျော်လာရင်.. လမ်းရဲ့ဘယ်ဘက်မှာပဲ မြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့ မင်း
သုံးပါး ရုပ်တု ကိုရောက်ပါတယ်. ။ အဲဒါက စစ်တက္ကသိုလ်ရဲ့အ၀င်ဝ ဖြစ်ပါတယ်..။ သင်္ကြန်တွင်းဆိုရင်
အဲဒီ အထဲမှာ ဗိုလ်လောင်းမဏ္ဍာပ်ရှိပါတယ်.။(မှတ်မှတ်ရရ ကျွန်တော်တို့ ဖိုင်နယ်ရီးယားတုန်းက အေသင်
ချိုဆွေတို့ လာသေးတယ်..) . တစ်ခုရှိတာက ကျွန်တော်တို့ပြင်ဦးလွင် မှာသင်္ကြန်ဆို သိပ်မစည်ပါ..။ဘာဖြစ်
လို့လဲ ဆိုတော့.. ။မြန်မာနိုင်ငံရဲ့ သင်္ကြန်မြို့တော်ကြီးရွှေမန်းရဲ့လောင်းရိပ်မိနေတာက တစ်ကြောင်း..။
ရာသီဥတု သိပ်အေးတာက တစ်ကြောင်းကြောင့်ပေါ့ဗျာ..။( ဗြန်းကနဲစိုသွားလိုက် ဂတ်ဂတ် ဂတ်ဂတ်နဲ့အေး
သွားလိုက်.. နေပူထဲထွက်လိုက် .။ လောင်းခံရလိုက် အေးသွားလိုက်နဲ့ဆိုတော့ .)ဗိုလ်လောင်းမဏ္ဍာပ်ကလွဲ
ရင် ကျန်တဲ့နေရာတွေမှာလူစည်လေ့မရှိပါ.. ။ (ဗိုလ်လောင်းမဏ္ဍာပ်ဆိုသော်လည်း .အရပ်သားများလည်း
လာကြပါတယ်.။ အရပ်သားတစ်ဝက်.၊ ဗိုလ်လောင်းတစ်ဝက် ဖြစ်ပါတယ်..။ )
 စစ်တက္ကသိုလ် အ၀င်ဝမင်းသုံးပါးအရုပ်.(အနောက်က အလံများမပါပါ..)
       အဲဒီကနေကျော်လာမှ ရွှေစံအိမ်ဟိုတယ်ကြီးအကျော်မှာ Down Town လို့ခေါ်လို့ရမယ့်နေရာကို
ဝင်မယ့် နေရာ. (မေမြို့အခေါ်အ၀ိုင်းကြီး)ကိုရောက်ပါတယ်..။အဲဒီကမှ ပြင်ဦးလွင်မြို့ထဲကိုရောက်ပါတယ်.။
ပြင်ဦးလွင်ကိုရောက်ကြရင်. အရင်ဆုံးသွားလေ့သွားထရှိတဲ့နေရာက ပြင်ဦးလွင်က ဈေးကြီးဖြစ်ပါတယ်။
ဘာဘာညာညာ ရာသီစာတွေဝယ်ဖို့ သွားကြပါတယ်.။ ပြီးတော့ နာမည်ကြီးတဲ့..ဆွယ်တာဆိုင်တွေကို
တိုးကြပါတယ်.။သိသင့်တာလေးတွေက ဒီလောက်ပါပဲ . ပြင်ဦးလွင်ကိုလာမယ်ဆိုရင်. စည်ကားတတ်တဲ့
အချိန်တွေ.. ၊ကားရှားတဲ့အချိန်တွေ ၊ ကိုသိသင့်ပါတယ်.။
        ပြင်ဦးလွင် မှာ အစည်ကားဆုံးအချိန်က ဒီဇင်ဘာလ ဖြစ်ပါတယ်.။ ဘာဖြစ်လို့လဲ ဆိုတော့. ပြင်ဦးလွင်
က စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ နဲ့ ဒီဇင်ဘာ ပန်းပွဲတော် တိုက်ဆိုင်တဲ့ကာလဖြစ်လို့ပါ.။ အ နယ်နယ်အရပ်
ရပ်က ဗိုလ်လောင်းမိဘတွေရောက်နေကြတယ်. ။ ပန်းပွဲတော်အတွက်. . ၀ါသနာရှင်တွေရောက်နေကြ
တယ်.။ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသမီးတွေ၊ ကအစ စုံလင်နေတတ်ပါတယ်။ အဲဒီအချိန်မျိုးဆိုရင်တော့
ကား ရှားပါတယ်.။ တည်းခိုစရာနေရာလည်း ရှားပါးပါတယ်..။ ပြင်ဦးလွင်က တည်းခိုခန်း ၊ ဟိုတယ်များဟာ
စက်တင်ဘာလလောက်ဆိုရင်ကို ဒီဇင်ဘာအတွက် နေရာမရှိတော့ပါဘူး..။ စစ်တက္ကသိုလ်နဲ့ တပ်မတော်
နည်းပညာတက္ကသိုလ် ဗိုလ်လောင်း ကျောင်းဆင်းပွဲတက်ရောက်မယ့် ဘွတ်ကင်တွေနဲ့ပြည့်နေတတ်ပါ
တယ်.။ အသိအကျွမ်းရှိရင်တော့ သွားလည်တာကောင်းပါတယ်.။ ပန်းပွဲတော်မှာ. . အိပ်မက်ဆန်ဆန် ရင်
သပ်ရှုမောဖွယ်တွေတွေ့ရမှာပါ..။ (အဟုတ်ပြောတာ..)
       
အမျိုးသားကန်တော်ကြီးဥယျာဉ် .(ပြင်ဦးလွင်အခေါ်ကန်တော်ကြီး)ထဲမှ ကြိုးကြာနီတစ်ကောင်..





















ပန်းပွဲတော်ပုံရိပ်အချို့..

             အခြားအချိန်များတွင် ကန်တော်ကြီးမစည်ဘူးလား လို့ မေးရင်တော့ စည်ပါတယ်လို့ ပြောရမှာပါ
ဘာဖြစ်လို့ လဲ ဆိုတော့.။ ကျောင်းပိတ်ရက် ရုံးပိတ်ရက်များမှာ .. လည်း ကန်တော်ကြီးကို မန်းကလာတဲ့
အဖွဲ့တွေ ပြင်ဦးလွင် မြို့သူ မြို့သားတွေလာရောက်လည်ပတ်ကြတာရှိပါတယ်.။ပန်းတွေကတော့ ၁၂ရာ
သီရှိပါတယ်.။




ကန်တော်ကြီးပုံရိပ်များ..


 ဆောင်းတွင်းချိန်ခါ.. ချယ်ရီလေးတွေနဲ့.. (ဆုန်သင်းပါရ်ရဲ့ ချယ်ရီမြို့ကိုသွားသတိရတယ်.သူ့ကိုလည်း
သတိရတယ်..)


 
အင်ကြင်းကျောက်တွေချည်း သီးသန့်ပြထားတဲ့နေရာ ..
       ကန်တော်ကြီးထဲမှာ အကောင်ပလောင်တွေလည်းရှိပါသေးတယ်... ငှက်ဥယျာဉ်တို့.. သားမင်း ခြံတို့
ပြချင်ပေမယ့် .. ဓါတ်ပုံက ဘယ်မှာမှ ရှာမရဘူးဖြစ်နေတယ်..။ ရွှေသမင်ခြံတွေ.. ။ မိုးပျံတံတား ၊ ရွှံ့နွံတော
တွင်းလျှောက်လမ်း..။ ပုံတွေ ရှာတာကိုမတွေ့ဘူး ဖြစ်နေတယ်.။ (မောတယ်..)
     ကန်တော်ကြီးကနေ လမ်းဟိုဘက်ကူးလိုက်ရင်..Nation Landmark ဆိုတဲ့ အမျိုးသားအထိမ်းအမှတ်
ဥယျာဉ်ထဲကိုရောက်တယ်.။ အဲဒီမှာ ကလေး ကစားကွင်းရှိတယ် .. ပြီးတော့.။တိုင်းနှင့်ပြည်နယ်၁၄ ခုရဲ့.
အထိမ်းအမှတ်တွေအဲဒီမှာ ရှိတယ်..။ ကစားကွင်းက ကလေး ကစားကွင်းဆိုပေမယ့် လူကြီးတွေလည်း
ဆော့ပါတယ်.။ ဥပမာ ပြရရင်....အင်း..
 အမျိုးသားအထိမ်းမှတ်ဥယျာဉ်ထဲတွင် လူကြီးများလည်းဆော့ကြတယ်..(ဘသူတွေလည်းသိဘူးနော်..)

       အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှ ပုံတွေက များပါတယ်..။ နောက်တစ်ခု ခွဲတင်ပါ့မယ်.။ နက်ဖြန်ပေါ့.
နော.. မနက်ဖြန်ကျရင်. ပြင်ဦးလွင်က.ပွဲကောက်ရေတံခွန်နဲ့ ပိတ်ချင်းမြှောင်ရေတံခွန်..မဟာအံ့ထူးကံသာ
ဆုတောင်းပြည့်ဘုရားကြီး အကြောင်းကို ဆက်ပါဥိးမယ်..။
(အချို့ဓါတ်ပုံများကို Google Earth မှကူးယူဖော်ပြပါသည်..)





ရေးသားသူ : မိုးသက် // 7:50 AM
အမျိုးအစား:

9 comments:

  1. ပန်းတွေအရမ်းလှတယ်နော်.. ပြင်ဦးလွင် ကန်တော်ကြီးကို အရမ်းရောက်ဖူးချင်တာ.. ကန်ဒီက ပန်းချစ်တယ်လေ..

    ပြင်ဦးလွင်မြို့ကိုလည်း ချစ်တယ်။ တခေါက်ရောက်ဖူးတယ်။ ဒါပေမယ့် ဘယ်မှ မလည်လိုက်ရဘူး :(

    ReplyDelete
  2. တကယ် မေမြို့သားကိုးးး...
    အစက မသိလို့..။
    အခုမှ ....

    ပေါက်

    ReplyDelete
  3. သွားချင်ပေမယ့်
    မရောက်သေးတဲ့နေရာကပြင်ဦးလွင်ဗျို့
    ခုလိုပုံတွေနဲ့ရှင်းပြပေးတာကျေးဇူးပါအကိုရေ

    ReplyDelete
  4. အဲဒိနေရာကို တစ်နေ့ ရောက်အောင် သွားအုံးမယ်..
    လုံးဝ မရောက်သေးတဲ့ နေရာပဲ ဘရိုးရေ..

    by the way,,
    Word verification ကြီး ဖြုတ်ပေးပါလား.. :)

    ReplyDelete
  5. ဖြုတ်လိုက်ပီ..ကိုရင်. သင့်ခရု.

    ReplyDelete
  6. ပြင်ဦးလွင်က ဘယ်တော့သွားသွား ဘယ်နှစ်ခါသွားသွား မန်းသူ မန်းသားတွေဖြစ်တဲ့ ကျွန်တော်တို့အတွက် မရိုးနိုင်တဲ့ အေးချမ်းတဲ့ နေရာလေးပါပဲ။

    ခင်မင်လျက်

    ReplyDelete
  7. ခွဲခဲ့တာ ၁၅ နှစ်ကျော်ခဲ့ပြီ ပြန်ကိုးမရောက်တော့တာ
    သတိရနေမိသေးတယ် အမှတ် ၃ကျောင်းကြီးကိုး)

    သတိရလျှက်
    ခင်မင်စွာဖြင့်

    မဒိုးကန်

    ReplyDelete
  8. ဓာတ်ပုံလေးတွေဝေဝေဆာဆာကိုစာအရေးအသားလေးနဲ့
    ပေါင်းဖက်လိုက်တဲ့ စုံစုံလင်လင်ပြင်ဦးလွင်ကို ရောက်ပြီးရင်း
    ရောက်ရင်းကနေ နောက်ထပ်သွားချင်စိတ်ပေါ်လာပြန်ပြီ မေမြို့မိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. မေမြို.သင်္ကြန်ကတော့မောင်လေးကျောင်းစတက်ကတည်းက သွားနေဖြစ်တာ၃နှစ်ရှိပြီ။ရေပက်မခံနိုင်ဘူး။အရမ်းအေးတယ်နော်။ရေပက်လဲအရမ်းကြမ်းတာပဲ။မေမြို.ကတော့ဘယ်အချိန်ချိန်သွားသွားမရိုးရဘူးနော်။ညနေခင်းဆို ကန်ပတ်လမ်းတလျှောက်လမ်းလျှောက်ရတာလဲကောင်းတယ်။ဈေးလေးမှာမုန်.သွားဝယ်စားရတာကိုလည်းကြိုက်တယ်။မြန်မာပြည်ပြန်ရောက်ရင် မေမြို.ကအမတို.အိမ်ကိုလဲဝင်လာလည်ပါအုန်းနော်။ဂေါက်ကွင်းနားမှာပါ။
    Arëãl Thû

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List