Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Tuesday, January 24, 2012
Gloomy Sunday....
        မနေ့က ဘယ်မှ မသွားဖြစ်ပါဘူး..။ ဆရာမ Алёна (အာလျော့နာ)က တနင်္လာနေ့ပိတ်ပေးတဲ့အတွက်
ကြောင့်ပါ..။ သူငယ်ချင်းတွေက ဟိုဘက်ကျောင်းကို သွားကြတယ်..။ အခန်းထဲမှာ ကျွန်တော် တစ်ယောက်
တည်း ပျင်းပျင်းနဲ့.စာတွေဖတ်နေတယ်..။ အပြင်မှာလဲ နှင်းတွေချည်းပဲ..မှတ်မှတ်ရရ မော်နီတာပေါ်က
Weather Gadget ကိုလှမ်းကြည့်တော့..-16 ဒီဂရီဆဲလ်ဆီးယပ်စ်တဲ့.. ဘေးနားက ကုန်တိုက်မှာ ဖုန်းပိုက်ဆံ
ဖြည့်ဖို့တောင် မသွားချင်တော့ဘူး..။ နေပူနေပါလျက်နဲ့ ဒီလောက်တောင်အေးတာကိုအံ့သြမိပါတယ်...။
Monday, January 23, 2012
ကျွန်တော်.လိမ္မာနေဆဲပါ အဖေ.....
         အဖေရေးပေးတဲ့စာကိုတော့ ချွေတာစာ..လို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတယ်.. ။ ဘာဖြစ်လို့လဲဆို
တော့ အဖေ ရေးပေးတဲ့စာထဲမှာ..ချွေတာဖို့ အကြောင်းတွေ အများကြီးပါနေလို့ပါ..။အဖေ ပေးလိုက်တဲ့စာ
လေးကို..နံရံမှာကပ်ထားပါတယ်..။ အိပ်ယာထတိုင်းကြည့်ပါတယ်..။ အိပ်ယာဝင်ခါနီးတိုင်းလည်း ကြည့်ပါ
တယ်..။အိပ်ယာထတိုင်းကြည့်တာ က..အဖေမှာထားတာနဲ့ လွတ်မှာစိုးလို့..တစ်နေကုန်ဘာမှမလုပ်ခင်
ကြည့်တာ ဖြစ်ပါတယ်..။ အိပ်ယာဝင်ခါနီးတစ်ခါကြည့်တာက.. ဒီနေ့တစ်နေကုန် အဖေမှာထားတဲ့ ထဲက
ဘာတစ်ခု ကျိုးသွားပြီလဲဆိုတာ ပြန်ကြည့်တာဖြစ်ပါတယ်..။
       အဖေ့စာကို ဖတ်ပြီး ကျွန်တော့်ကို ပြောစရာတစ်ခုရှိမယ်ထင်ပါတယ်.။ အပေါ်ဆုံးက သားသားဆိုတာ
ပါ..။ ဟင်..ဒီအသက်ဒီအရွယ်ကြီးရောက်နေပြီ..သားသားတဲ့..။ဘာညာပြောမလားတော့မသိပါဘူး.။ ဒါပေ
မယ့် အဖေက ထူးထူးခြားခြားစာထဲမှာ ရေးရင် ငယ်ငယ်ကခေါ်တဲ့အတိုင်း သားသားလို့ရေးပါတယ်..။ အိမ်
မှာတော့..နာမည်ကိုခေါ်ပါတယ်.။ (စိတ်မကြည်ရင်တော့ .ဟေ့ကောင်.ပေါ့..။) အိမ်မှာက ညီမလေးနဲ့ကျွန်
တော် မောင်နှမ နှစ်ယောက်တည်းရှိတာပါ..။
     အဖေ က ကျွန်တော့်နဲ့ပတ်သတ်ပြီး တော်တော်ကိုရည်မှန်းထားခဲ့ပါတယ်..။ ငယ်ငယ်လေးကတည်းက
Friday, January 20, 2012
အရင်ကဇာတ်လမ်းလေး...
(၁)
သို့
            မိုးသက်
            ငါစာရေးလိုက်တယ် ၊ ရေးရမှာပျင်းလို့ဟာ.. နဲနဲပဲရေးလိုက်တယ်..။နင်ထည့်ပေးလိုက်တဲ့ဓါတ်ပုံရတယ်.။
နင်ကလည်းဟာ..။ အသားအရောင်နဲ့ဟပ်နေတာပဲ..။အင်္ကျီအရောင်ကအနီရောင်ဆိုတော့..။ရုတ်တရက်ကြည့်ရင်
ကျီးကန်းက ငရုတ်သီးကိုက်ထားသလိုပဲ..။ဟီ ဟိ..ဒါနဲ့နင်တောင်ကြီးလာမယ်ဆို..။လာမယ့်ရက်ကြိုပြောလေ..ငါ
ရှောင်နေမလို့..ဟဲဟဲ အလကားစတာပါ..နင်လာရင်မုန့်ဝယ်ခဲ့..။ဒါပဲနော် ညနက်နေပြီ.. မနက်စောစောဂျူတီဝင်ရ
မှာမို့..
                                                                                    နင့်ရဲ့
                                                                                                            နန်းမိုဟွမ်
            မစားရ၀ခမန်းချစ်သ၀ဏ်လွှာကိုကြည့်၍ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်မိသည်…။ ကြည့်  ဒါလား
ချစ်သူကိုရေးတဲ့စာ…။ ချစ် ဆိုလို့ မီးခြစ်ပင်မပါ..။
            သူနဲ့ပတ်သတ်၍ ကျွန်တော့်ရင်ထဲတွင်စွဲစွဲမြဲမြဲ မှတ်မိနေသောအကြောင်းအရာများစွာရှိပါသည်..။ ထိုအ
ကြောင်းအရာများမှာ ဘာမှပင်မထူးခြားသော်လည်း လွန်စွာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှသည်ဟု ဇွတ်အတင်း
ခံစား၍စာဖတ်သူတို့ကိုပြောပြပါမည်..။
                ကျွန်တော့်အနေဖြင့် မိန်းကလေးများနှင့်ကြုံပေါင်းများပါပြီ(တစ်မျိုးမထင်ပါနှင့် ယခုထိ ရေမရောသော
“အော်” စစ်စစ်ဖြစ်ကြောင်းပါ)ကြုံဖူးသမျှ မိန်းကလေးထဲတွင် သူမလောက် ဂဂျီဂဂျောင်၊ ဂျစ်တီးဂျစ်ကန်၊ ကိုးလိုး
ကန့်လန့်၊ ပေါက်တိပေါက်ရှာ၊ ပေတိပေစောင်း၊ ဂဂျိုးဂဂျောင်၊ ကတ်သီးကတ်သတ် နိုင်သူကိုမတွေ့ဖူးပါ..။
            “ဟင် သူလုပ်သမျှခံနေရအောင် မင်းက ပိန်းတာကိုး” ဟုဆိုလျှင်ကား မှားပါလိမ့်မည်။ ကျွန်တော်ကား ခေ
သူမဟုတ်ပါ..။ဂျူနီယာဗိုလ်လောင်းဘ၀က နယ်သား စီနီယာကစနောက်သည့်သဘောဖြင့် အပြစ်ပေးနေရင်း
“ရည်းစားဓါတ်ပုံပြနိုင်တဲ့သူ တန်းထ” ဟုဆိုလျှင်ထိပ်ဆုံး ကရင်ကော့ပြီးထနိုင်သူ ဖြစ်ပါသည်..။(ကျန်သည့်နယ်သား
Thursday, January 19, 2012
ပြင်ဦးလွင်တမ်းချင်း (၃)
           မနေ့က လိုက်ပို့တာ ဘယ်ရောက်သွားပြီလဲ.. ။အော်.. ပွဲကောက်ရေတံခွန်ရောက်သွားပြီထင်ရဲ့..။
အင်း.. ဟုတ်တယ်..။ပွဲကောက်ရေတံခွန်ကို ပြင်ဦးလွင်ကို ပြန်ရောက်မှ ၂ ခေါက်တိတိရောက်ပါသေးတယ်။
ဒီကိုမလာခင် အချိန်အထိပေါ့..။ ပွဲကောက်ကနေ ဟိုးဘက်ကို ဆက်သွားရင်.. ရုပ်ရှင်တွေ အင်မတန်ရိုက်တဲ့
တော အုပ်လေးထဲရောက်သွားမယ်... ။ တကယ်တမ်းတောအုပ်ဆိုပေမယ့်.. လျှိုကြီးဖြစ်နေတာပါ..။တတိယ
 ရေတံခွန်လို့ခေါ်တဲ့.. ရေပြာပြာရေတံခွန် ဘက်.. (လူတော်တော်ပြတ်) ကိုပြောတာပါ..။
       အဲဒီက နေ ဟိုးဘက်ကိုဆက်သွားရင်ပွဲကောက်ရွာ. ရှိပါတယ်.။ အဲဒီရွာကိုအစွဲပြုပြီးတော့ပွဲကောက်ရေ
တံခွန်လို့ ခေါ်ခဲ့ကြတာထင်ပါတယ်..။ ဟိုးဘက်ဆက်သွားရင်.Second Yearဘ၀က ပြည်သူ့ဘ၀လေ့လာရေး
ထွက်ခဲ့ဖူးတဲ့..  ဆေးတစ်လုံးရွာ.ပင်လိန်ရွာ.. ညောင်ကုန်း၊သက္ကံ..မိုးကြိုးပစ်.. ဒီဘက်ကမြို့နဲ့ဆက်သွားပြီ..။
ဒီဘက်ကိုပြန်ကြည့်ရင်လည်း .. ဘုရားကိုကျော်လာတာနဲ့..ထုံးဘို.၊ စိုးမြတ်နန္ဒာတို့ မော်ဒယ်မြို့သူရိုက်သွား
တဲ့..ပင်လိန်.၊ အင်းယား ၊ ကျည်းကိုင်၊  သင်္ဂတုံ..၊ ဖာ့သင်း..၊ အင်းပုတ် ၊ ညောင်နီ..။ (ရွာနာမည်တွေအလွတ်
ရရုံတင်မကဘူး..၊ အကုန်ရောက်ဖူးသဗျ. ၊ SRP , LRP တွေတုန်းကပေါ့ဗျာ...)ညောင်နီကျော်ရင်တော့.. ကန်တော်ကြီး နယ်နိမိတ်ထဲပြန်ရောက်လာပြီ..။
           ထားပါတော့ . ကျွန်တော်ပြောချင်တာက ပိတ်ချင်းမြှောင်....နဲ့ တရုတ်ဘုံကျောင်းလို့အလွယ်ခေါ်
ကြတဲ့ တရုတ် ငါးပါးသီလ သတ်သတ်လွတ်ကျောင်း...။ဒီနှစ်နေရာကျန်ပါသေးတယ်..။ အဲဒီတော့ .ဘယ်ကို
အရင်သွားမလဲ ဆိုတော့ ဟိုဘက်ကိုနီးနေပြီဆိုတော့ ပိတ်ချင်းမြှောင်ကိုအရင်သွားကြတာပေါ့ဗျာ..။
ပိတ်ချင်း မြှောင်က ဟိုဘက်ကိုဆက်သွားရင်.၀က်ဝံရွာဖြစ်ပါတယ်..။ဝက်ဝံဟိုဘက်က ခြေမြစ်ပင်ရွာကို
ကျော်ရင်. မန္တလေးတိုင်းဒေသကြီး ဆုံးပြီး.. ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ၀င်မှာဖြစ်ပါတယ်..။ နောင်ချိုမြို့
နယ်က စပါတယ်..။ ထားပါတော့ ပြောချင်တာတွေလွဲကုန်ပြီ..။ အဲဒီဝက်ဝံရွာကိုရောက်ခါနီး လမ်းရဲ့ဘယ်
ဘက်မှာ.. ပိတ်ချင်းမြှောင် မဟာနန္ဒမူလိုဏ်ဂူတော် လို့ရေးထားတဲ့ မုခ်ဦး အကြီးကြီးကိုတွေ့ပါလိမ့်မယ်..။
အဲဒီကနေ အထဲကိုတော်တော်ဝင်ရပါတယ်..။ လမ်းကလည်းကုန်းဆင်းကြီးပါ..။ဂီယာကြီးနဲ့ဆင်းရပါတယ်.။
တော်တော်လေး ၀င်မှာ ပိတ်ချင်းမြှောင်ကိုရောက်ပါတယ်ခင်ဗျား...။
          ရောက်တာနဲ့ စမြင်ရမှာက . ကျောက်နံရံအမြင့်ကြီးတွေပါ..။ ဘာရယ်တော့မဟုတ်ပါဘူး.။ငယ်ငယ်
ကလေးလေးတုန်းက အဲဒီကျောက်နံရံကြီးတွေကို မြင်ပြီး ..အော်ခဲ့တာကိုသတိရတယ်.. ။ ဘာ့ကြောင့်ရယ်
မဟုတ်ဘူး .. ။ မြင်တာနဲ့ကို လန့်နေတာ....။ ဘာလို့လန့်တာလဲဆိုတာကိုတော့ ခုထိစဉ်းစားမရပါဘူး..။
ကျွန်တော်ငယ်ငယ်က ကြောက်တဲ့ကျောက်နံရံကြီးတွေ..(ဘာလို့ကြောက်လဲတော့မသိပါခင်ဗျား..)
Wednesday, January 18, 2012
ပြင်ဦးလွင်တမ်းချင်း (၂)
        မနေ့က ပြောထားတဲ့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ထဲမှာ တိုက်ကားတို့ ဘာတို့ မြင်းကမ္ဘာတို့
ဘာညာတွေရှိသေးတယ်..။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီကိုရောက်ရင် ဓါတ်ပုံရိုက်ဖို့လူ မချန်ဘဲ အား
လုံး ၀င်ဝင်ဆော့လို့ ဓါတ်ပုံ တစ်ပုံမှ မရှိခဲ့ဘူး..။ နောက်တစ်ခါရိုက်မယ်ရိုက်မယ်နဲ့..နောက်တော့ အထဲ
ကလက်မှတ်ရောင်းတဲ့ ကောင်မလေးတွေနဲ့သာ ခင်လာတယ်. ဓါတ်ပုံက မရိုက်ဖြစ်ပါဘူး.။
     ထားပါတော့ .. အဲဒီက နေရာလေးတွေကို ပြမယ်.. ။ သိပ်တော့ အစီအစဉ်မကျဘူး ထင်ရဲ့..။
အဲဒါ က အ၀င်ဝ ပါ.. ကစားကွင်းဘက် က အ၀င်ဝလည်းရှိတယ်..။ ဒါပေမယ့်.
Tuesday, January 17, 2012
ပြင်ဦးလွင်တမ်းချင်း (၁)
      ရေးမယ်ရေးမယ်နဲ့ ကြာတော့ကြာပါပြီ...။ မမကွန် ရဲ့ဘလော့မှာ.. ဖတ်ရတဲ့..ပြင်ဦးလွင်.အကြောင်း
တွေလေ... ။ ဓါတ်ပုံတွေဘာတွေနဲ့ဆိုတော့. ကြည့်ပြီးရင်းကြည့်လို့မ၀.. ချက်ခြင်းပင် ထပြန်ချင်အောင်
ဖင်တစ်ကြွကြွ ဖြစ်ရလွန်းလို့.. စိတ်တောင် ဆိုးမိသေးတယ်..။ လွမ်းတယ် လွမ်းတယ် နဲ့ ပိတ်အော်ပစ်ချင်
တာ..။ကျွန်တော်က ပြင်ဦးလွင်သားလေ..။ သိသားပဲလို့ မပြောနဲ့.. သိရင်လည်း ထပ်ပြီးနားထောင်ပေါ့.။
သိပ်ချစ်တဲ့ ပြင်ဦးလွင်..။ သိပ်လှတဲ့ ပြင်ဦးလွင်..။ သိပ်အေးတဲ့ပြင်ဦးလွင်ပေါ့..။
      ရေးတော်မူတဲ့.. ဒေါ်ကွန်တော့ ဘယ်လိုနေမယ် မသိဘူး..။ ကျွန်တော့်အသိတွေကတော့ ကျွန်တော့်
ပြင်ဦးလွင်ကလို့ပြောရင်..သူတို့ခမျာ. အင်္ဂါဂြိုဟ် လို့များကြားလိုက်ကြလား မသိဘူး.။ ချက်ခြင်းကိုခေါင်း
တွေထောင်လာကြတယ်.။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ. . ။ မြို့ကြီးသား မဟုတ်ရင်တောင် မြို့စကောစကသား
(ကြံဖန်ဂုဏ်ယူတာ) လောက်တော့ ကိုယ့်ကိုယ်ကို မှန်းမိပါတယ်.။ ဟုတ်တယ်လေ.. ကျွန်တော်တို့ပြင်ဦး
လွင်က သေးသေးလေးရယ်.။ ဒါပေမယ့်.. မြို့တွေထဲမှာတော့ စန်းပွင့်တယ်ပဲပြောရမလား... ။ လူချစ်လူ
ခင်တော့ အပေါသားဗျ...။
         ထားပါတော့.. ပြင်ဦးလွင် ကိုကျွန်တော်အခုလွမ်းနေတယ်..။ ဘာ့ကြောင့်လွမ်းတာလဲ ဆိုတော့.
ပြောတတ်ဘူး.။ လွမ်းတာကလွမ်းတာပေါ့.။ မွေးရပ်မြေကိုး..။ ငယ်ငယ်တုန်းက မေမေနဲ့ အတူတူကျောင်း
သွားခဲ့တဲ့.. ဂျပန်ပိတောက်ပင်တန်းတွေနဲ့ လမ်းလေးကိုသတိရတယ်.။ တောင်ကုန်းလေးတွေပေါ်ကဖြတ်
လာတဲ့ လေလေးတွေနဲ့.. ပါလာတဲ့.ယူကလစ်နံ့သင်းသင်းလေးကိုသတိရတယ်..။ ညနေဘက် လမ်း
လျှောက်ထွက်ရင်.. လေချွန်တတ်တဲ့ထင်းရှုးပင်လေးတွေကိုသတိရတယ်..။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင်.
နို့နဲ့ ပေါက်ပြီးကျွေးတတ်တဲ့ အဒေါ်တွေလည်း သတိရတယ်..။ အကုန်ပါပဲဗျာ..။ အမလေး အကဲပိုလိုက်
တာ.. လို့ ပြောလဲ ခံရရုံရှိတော့မပေါ့....။
       ခရီးသွားဧည့်သည်တွေကို အမြဲတမ်းဖိတ်ခေါ်နေတဲ့..ကျွန်တော်တို့ မြို့ကလေးက ရွှေခြေကျင်းမြို့
တော်ကြီး မန္တလေးနဲ့ ..(၄၂)မိုင်လောက်ဝေးပါတယ်...။ တကယ်လို့ရွှေမန်းကနေ. .ကားနဲ့တက်မယ်
ဆိုရင်..(ကားနဲ့ပဲတက်ကြပါတယ်.. ဖီးလ် လာရင်လာသလို ဆိုင်ကယ်နဲ့ လန်းတဲ့သူလည်းလန်းကြပါတယ်..)
မြေပြန့်ဒေသ အဆုံးဖြစ်တဲ့.. ကျောက်ချောရွာ.. အကျော်မှာ တောင်တက်လမ်းတွေစတော့တာပဲ ဗျာ.။
အဲဒီမှာဘာ သိသာလာလဲ ဆိုတော့. တိုက်နေတဲ့ .လေ.။ အပူပိုင်းဒေသမှာ တိုက်တတ်တဲ့. လေပူတွေ
ချက်ချင်းကြီးပျောက်သွားပြီးတော့. သိပ်ကို သန့်တဲ့ .လေအေးအေး လေးတွေ တိုက်လာတယ်.။ သိပ်ကို
အသက်ရှုဝတာပေါ့.။ ဒါပေမယ့် ကြိုတော့ပြောထားမယ်နော်.. ။ သိပ်အကြာကြီးမရှုပါနဲ့.. ။ နှာစေးတတ်
လို့ပါ...။လေက အေးသထက်အေးလာတယ်.. ။ သဘာဝပေါက်ပင်တွေကလည်း တစ်ဖြည်းဖြည်းချင်းရော
ခပ်မြန်မြန်ပါ ပြောင်းလာတယ်..။ ၂၁ မိုင် လို့ အလွယ်ခေါ်တဲ့.. ခရီးတစ်ထောက်နားရာနေရာ ရောက်ရင်
တော့. ..  လုံးဝ ပြင်ဦးလွင်ရာသီဥတုဖြစ်သွားပြီ..။
      ကြားထဲမှာရွာစဉ်တန်းတွေ ကျော်ရမယ်.. ရွာသေးလေးတွေ ရွာကြီးတွေ ပေါ့.။ အောင်ချမ်းသာကျေးရွာ
ရောက်ရင်. လမ်းညာဖက်မှာ မဟာဆုတောင်းပြည့် နှီးဘုရားကြီးကိုဝင်ဖူးလို့ရပါသေးတယ်. ။
မဟာဆုတောင်းပြည့်နှီးဘုရားကြီး
(http://magyi-parchuu.blogspot.com မှ ကူးယူဖော်ပြသည့်ပုံဖြစ်ပါသည်..။)
အဲဒီကကျော်လာတော့..
Sunday, January 15, 2012
ကျွန်တော်မှတ်မိသမျှပြန်ပြောရလျှင်...
      ကျွန်တော်ဒီစာကိုစရေးတော့ စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်သည်..။ ပိုမိုတိကျစွာပြောရပါမည်ဆိုလျှင်
ကျွန်တော်တို့မော်စကိုစရောက်သည့်၂၃ ရက်မြောက်နေ့ ၊တနင်္ဂနွေနေ့ဖြစ်သည်..။ကျွန်တော့်၏ တစ်ဝမ်းကွဲညီမ
လေးတွိတွိ ၏ ၁၈ နှစ်ပြည့်မွေးနေ့လည်းဖြစ်သည်..။မနေ့ကအကြောင်းကိုညကပင်ရေးရန်ကြံသေးသည်..။
သို့ရာတွင် မနေ့ညကအလုပ်များနေသဖြင့် ယနေ့မှသာရေးဖြစ်တော့သည်..။
            ကျွန်တော်အမှန်အတိုင်းမကွယ်မ၀ှက်တမ်းသာပြောရမည်ဆိုပါလျှင် မော်စကိုမြို့တွင်ကျွန်တော် မပျော်
နိုင်သေးပါ..။ အတော်ပင်ပျော်နေကြသောသူငယ်ချင်းများကိုအားနာ၍သာ လျှင် ပျော်ချင်ယောင်ဆောင်နေရ
သည်..။ရှင်းရှင်းပြောရလျှင် ကျွန်တော့်ရင်ထဲမှ မေ နှင့် ခွဲခွာခဲ့ရခြင်းအပေါ် မည်သို့ဖြေသိမ့်ရမည်ကိုမတွေးတတ်
နိုင်သည့်ကာလတစ်ခုဟုပြောရမည့်ကာလဖြစ်သည်..။ကျွန်တော့်အကျင့်တစ်ခုမှာမည်သို့ပင်ပျော်မြူးစေကာ
မူအိနြေ္ဒ ပျက်လောက် အောင်ပျော်မြူးခြင်းမရှိသော်လည်းစိတ်ထိခိုက် လျှင်လည်းဟန်မဆောင်နိုင်လောက်
အောင် သိသာလေ့ရှိတတ်သည်.။ထို့ကြောင့်ကျွန်တော်မပျော်ပိုက်ရခြင်းအကြောင်းအရင်းကို အခြားသူငယ်ချင်း
များမသိအောင် အတော်ပင် ကြိုးစားခဲ့ရသည်..။
            မနေ့ကလည်းထုံးစံအတိုင်းပင်ကျွန်တော်စိတ်ညစ်နေခဲ့သည်..။မော်စကိုစံတော်ချိန်၃ နာရီလောက်တွင်
ကျွန်တော့်ရဲ့ သူမအွန်လိုင်းပေါ်တက်လာသည်..။ကျွန်တော်နှင့်စကားပြောရင်းသူမပြောသောအချို့စကားများ
ကိုကျွန်တော်ဘ၀င်မကျ ..။ စိတ်ထဲမှာစနိုးစနောင့်ဖြစ်ရင်းကျန်နေခဲ့သည်..။ညနေပိုင်းတွင် ကျွန်တော် မြန်မာ
နိုင်ငံမှာကတည်းကသူငယ်ချင်းတစ်ဦးဖြစ်သောအောင်ဆက်ပိုင်ထွန်းကလာခေါ်သည်..။အခြားသူငယ်ချင်းအ
ချို့နှင့် မော်စကိုမြစ်အနီးပန်းခြံသို့သွားရန်ဖြစ်သည်။မသွားတော့ဟုစိတ်ကူးမိသော်လည်း စိတ်ပြေလက်ပျောက်
သဘောဖြင့် လိုက်သွားခဲ့သည်..။
            ပန်းခြံကအတော်ပင်ဝေးသည်..Metro(Метро)ခေါ်မြေအောက်ရထားသုံးဆင့်စီးရသည်..။ရုရှားနိုင်ငံ
တွင်မြေအောက်ရထားမှာအတော်ပင် အရေးပါသောဆက်သွယ်ရေးယာဉ်တစ်ခုဖြစ်သည်..။ကျွန်တော်တို့ မြေ
အောက်ရထားဘူတာကိုရောက်တော့
Saturday, January 14, 2012
ဒိုရေမီဖာတွေထဲမှာ..မျက်ရည်တွေရောနေတယ်....
            “ နင်အဲဒါတွေလျှောက်မတီးနဲ့ဦး.. ။ ဒိုရေမီဖာကိုအရင်ကျင့်ပါဆိုနေ...ပြောထားတာကိုပြောလို့
မရဘူး..”
         လက်ထိပ်ကိုခပ်ဆတ်ဆက် အခေါက်ခံလိုက်ရသောကြောင့်..နူးညံ့သောလက်ဖမိုးလေး.သွေးခြည်
ဥမတတ်ဖြစ်သွားသည်.။နာကျင်စိတ်ကို.ချုပ်ထိန်းရင်းနှုတ်ခမ်းလေးကိုပေါက်ထွက်မတတ် ဖိကိုက်လိုက်
သည်.။
       “ နင်ကလည်းဖြည်းဖြည်းမလုပ်ဘူး..သူ့ကိုယ်သူဆရာများမှတ်နေလားမသိဘူး...” 
မ.သူ့ကိုတကယ်ပင်စိတ်ဆိုးမိပါသည်.။ စေတနာနဲ့ခေါက်တာပဲဆိုတာတော့သိပါသည်..။ ဒါပေမယ့်.. ဒီလိုခေါက်ခံရတာသိပ်တော့မကျေနပ်.. ။ နေရာတကာ သူကအလျှော့ပေးသော်လည်း သူတစ်ခုခု သင်ပေးရတော့မည်ဟုဆိုလျှင်ဆရာစိတ်ကပေါက်ပေါက်လာတတ်သည်..။ချစ်သူတစ်ယောက်၏ကြင်နာမှုတွေ 
ပျောက်သွားပြီး. ဆရာတစ်ယောက်၏ ဂရုဏာဒေါသောလေးတွေ ပါလာတတ်သည်..ဒီတော့မနည်းနည်း
နာမည်ပေါ့..။ဒါပေမယ့် ကိုယ်က တတ်ချင်တာဆိုတော့ သူ့ကိုအလျှာ့ရတော့သည်..။
      “ ဒိုရေ မီဖာပဲတီးနေတာ လေးရက်ရှိသွားပြီ.. တစ်ခြားဟာ တက်ပေးပါတော့ဟာ. ငါလည်းတော်တော်
တီးတတ်နေပြီပဲ.. နင့်သူငယ်ချင်းယောက်ျားလေးတွေတောင်ငါ့လောက်မတီးတတ်တဲ့သူတွေအများကြီးပဲ..”
        တစ်ခါတစ်ခါ မေသူ့ကို  စိတ်ရှုပ်သည့်လေသံ ဖြင့်ပြောမိတိုင်း..သူ့မျက်နှာချက်ခြင်းညှိုးငယ်သွား
တတ်ပါသည်..။ငါက ငါမှာရှိသမျှ ပညာတွေအကုန်လုံး နင့်ကို ပေးပစ်လိုက်ချင်တာ.. တရုတ်ကားထဲကလို
အတွင်းအားတွေပေးသလိုမျိုး..ကွန်ပျူတာထဲကလို. Copy-Paste လုပ်လို့ မရတာလဲ နင်အသိပဲ..ဆိုတဲ့.
စကားကိုသာကြားရမြဲ.. ။ သူမေ့ကိုဘယ်လောက်ချစ်တယ် ဆိုတာ မေသိပါသည်.. ။အဲဒီလိုပြောလိုက်
တိုင်းလည်း မေသူ့ကိုအကြင်နာပိုရမြဲပါ..။ ဒါပေမယ့် မေ့အကျင့်က တော်ရုံသင့်ရုံတတ်လျှင်ကျေနပ်တတ်
သည်..။ သူကတော့ ဒီလိုမဟုတ်.. ။ပညာရပ်တစ်ခုကိုရေဆုံးရေဖျားထိ သင်ပေးချင်သည်.. ။ သူ့စေတနာ
ကပင် ဆရာလုပ်ချင်သော သူတစ်ယောက်ရဲ့စေတနာပဲလား.. ။ မိန်းကလေးတန်မဲ့ ဂစ်တာ ရစ်သမ်ကို
ညက်ညက်ညောညော တီးတတ်နေတာကို ..  လိဒ် အတီးထပ်သင်ပေးနေသည်..။ နင်ဘယ်အချိန်ထိသင်
မှာလဲ ဆိုတော့.. တစ်သက်လုံးသင်ပေးမှာ ဟုပြုံးပြီးပြန်ပြောသည်..။ ဘယ်အချိန်မှရပ်မှာလဲ.. ။ငါလည်း
ဂစ်တာတီးစားမှာမဟုတ်ဘူးရပ်ပါတော့ ဆိုတော့.. City FM ထဲက ဂစ်တာတီးသည့်တူးတူးမာလောက်
တီးတတ်ရင် ရပ်မည်တဲ့.. သေရချည်ရဲ့.. ။ လောလောဆယ်တော့..မေ တစ်သက်လုံးအမြတ်တနိုးထား
သည့် ဘယ်ဘက်က လက်သည်းအရှည်တွေညှပ်လိုက်တာ ကြာပြီ..။ဘယ်ဘက်လက်ကလေးက အသား
မာများပင်တက်နေပြီ..။
       တစ်ခါတစ်ခါ မေစိတ်ကြည်နေတဲ့အခါမျိုးမှာ..သူ့ကို သူခေါ်စေချင်သလို..မောင်လို့ ခေါ်ပါသည်..။အဲ
ဒီအခါမျိုးမှာ. သူ့မျက်နှာကပြုံးပြီး..မေ့မျက်နှာကိုစိုက်ကြည့်နေတတ်သည်.. ။ဖီလင်တက်သွားတာလား
ဘာလဲ မသိ..မျက်လုံးကိုမှေးစင်းပြီး. ရွှန်းရွှန်းစားစားကြည့်နေတတ်သည်..။ အဲဒီလိုကြည့်ပြန်ရင်လည်း
မေ မနေတတ်ပြန်..။ သူနဲ့မေနဲ့က များသောအားဖြင့်တော့ နင်နဲ့ငါနဲ့ပဲပြောတာများပါသည်. ။ဘာလို့လဲ
ဆိုတော့ မေတို့ က ငယ်ငယ်လေးကတည်းက သူငယ်ချင်း တွေဖြစ်ကြသည်ကိုး..။
        သူဂစ်တာတီးတာအလွန်နားထောင်လို့ကောင်းသည်...။ မေဂစ်တာ မတီးတတ်ခင်တုန်းက.ရစ်သမ်၊
ဆိုတာ ဘာမှန်းမသိ.၊ ပလက်ကင် တို့ဘာတို့တော့အစ်ကိုတွေ ၊သူငယ်ချင်းတွေပြောတာကြားဖူးသည်.။
သူ ဂစ်တာတီးစသင်ပေးမှ သူတီးပြတာတွေကို သိရသည်..။ကလပ်စစ်ကယ် ဆိုတာ ဘယ်လို. လိဒ်ကဘယ်
လို.၊ ဖင်းဂါးပစ်ကင် ကဘယ်လို အစရှိသဖြင့်..။သူကလည်း အားလုံးကို မတတ်ကျွမ်းရင်တောင် အားလုံးကို
နည်းနည်းပါးပါးအခြေခံလောက်တော့တီးတတ်သူဖြစ်သည်..။
     “ ချိုမြတဲ့သံစဉ်တွေကို နားဆင်တဲ့သူတွေဆီပေးဆပ်နိုင်ဖို့အတွက်.. ဂစ်တာတီးသူရဲ့ ဘယ်ဘက်လက်
တစ်စုံကတော့ အသားမာတတ်ပေးရတာပဲမေရဲ့.. ၊ အဲဒီလိုပေးဆပ်ခြင်းဆန်တဲ့ တူရိယာမို့လို့. မောင်က
ဂစ်တာကို စွဲစွဲလမ်းလမ်း ကြိုက်ခဲ့တာ..” အဲဒါ သူအမြဲပြောတဲ့စကားဖြစ်သည်.။ သူ့ဘ၀မှာ ဂစ်တာက
တစ်စိတ်တစ်ပိုင်းပါဝင်နေသည်..။ ဂစ်တာနှင့်သူနှင့်ခွဲထားလို့မရ ဟုဆိုဖူးသည်...။တစ်ခေါက်က မေသူ့ကို
မေနှင့်ဂစ်တာ ဘယ်သူ့ကိုပိုချစ်သလဲ ဟု မေးဖူးသည်.။ သူက ပြုံးစေ့စေ့ဖြင့်ဆိုသည်..။
  “ ဂစ်တာမရှိရင် မောင်တော့ရူးမှာကွ. ” ဟုဆိုသည်.. ။ မေနှုတ်ခမ်းစူပြီးစိတ်ဆိုးဖို့ကြံတော့..
   “ မေ မရှိရင်တော့... မောင်ရူးရုံတင်မကဘူး သေမယ်ထင်တယ်..” တဲ့.. အဲဒီလိုနောက်ပိုင်းမှလျှောချသွား
တတ်သည်..။
      ရာသီဥတုသာယာသော စနေနေ့များတွင်မေတို့ နှစ်ယောက် ကန်တော်ကြီးထဲကိုသွားတတ်ကြသည်.။
ဂစ်တာတစ်ယောက်တစ်လုံးနှင့်. မက္ကဆီကိုထင်းရှုးပင်ကြီးနောက်ဖက်က သစ်ပင်လေးအောက်မှာဂစ်တာ
လက်ချာပို့ချမြဲ..။ ပျော်ဖို့တော့ကောင်းသည်..။ သူငယ်ချင်းတွေက မေတို့အတွဲကို. ။ အားကျကြသည်.ရိုမန်း
တစ်ဆန်သည်ဟု ဆိုသည်..။ မေကတော့.. ဂစ်တာတီးတိုင်း သူဆိုတာကိုသာနားထောင်ချင်လှသည်.။ သူ
သီချင်းဆိုလျှင် ခံစားချက် အပြည့်နှင့်ဆိုတတ်၍သီချင်းက တစ်မျိုးမျိုးတော့နားထောင်၍ကောင်းတတ်သည်.။
တစ်ယောက်က ရစ်သမ်တီးလျှင် တစ်ယောက်က လိဒ်တီး.. တစ်ယောက်က လိဒ်တီးလျှင်. တစ်ယောက်က
ရစ်သမ်တီး ဟန်ကျနေသည်..။
       တစ်ခါတစ်ခါ သူက သုံးလေးယောက်စာ ကိုတစ်ယောက်တည်းဖြင့်တီးသည်ဆိုသော.. ဖင်းဂါးပစ်ကင်
များတီးပြတတ်သည်..။ မေအားကျသော်လည်း သူ့လို မျိုးတီးတတ်ချင်၍သင်ခိုင်းလျှင်သူက ဤ မုန်းစရာ
ကောင်းသော ဒိုရေမီဖာကို သာပြန်ကျင့်ခိုင်းသည်.။ ဒိုရေမီဖာမနိုင်ပဲ.. ကလပ်စစ်ကယ်လိုင်းဖက်ကို ကူး
လို့မရဘူး လေ. တဲ့.. နောက်တော့လည်းရလာမှာပါ လို့ မေတွေးမိသည်..။
     တစ်ရက်က ဖြစ်သည်.. ကန်တော်ကြီးထဲရောက်မှ မိုးတွေအရမ်းရွာသည်..။ (မှတ်မှတ်ရရ အဲဒီနေ့က
Valentine Day မရောက်ခင် သုံးရက်အလို.ဖေဖော်ဝါရီ ၁၁ ရက်နေ့ဖြစ်သည်.။ )မေတို့ ဂစ်တာ အိတ်
ကြီးတွေလွယ်ပြိး ဘယ်မှ သွားလို့မရသည်နှင့်. အင်ကြင်းကျောက်ပြတိုက်ကြီးထဲသွားထိုင်ကြသည်..။
ပထမဆုံးအကြိမ်အဖြစ် . . ဂစ်တာမတီးပဲ .စကားတွေပြောဖြစ်ကြသည်......။သူပြောတဲ့စကားတွေကို
မေကြားရသည်..။ ဒါပေမယ့် သူ့မျက်နှာမှာ တစ်ခုခု ရှိနေသလိုလို..အရိပ်အယောင်တွေတွေ့နေရသည်.။
ပြိုတော့မည့်မိုးလို..ဖြစ်နေသည်..။
        “ မောင် . နေမကောင်းဘူးလားဟင်.. ”
     “ ကောင်းပါတယ် မေ.. မောင်ဘာမှ မဖြစ်ဘူး.. ”
 အဲဒီနေ့က မေသူ့ကိုတော်တော်စိတ်ပူမိသော်လည်း ... လန်းလန်းဆန်းဆန်း ဖြစ်ကာပြုံးရွှင်သွားသော သူ့
မျက်နှာကြောင့်....စိတ်အေးရတော့သည်.. ။
       အဲဒီနေ့က သူမှတ်မှတ်ရရ မေ့အတွက်သီချင်းတစ်ပုဒ်ကို ဆိုပြသည်...။ သီချင်းက မေ တို့ငယ်ငယ်က
စိုင်းထီးဆိုင်ဆိုခဲ့သည့် သီချင်းတစ်ပုဒ်.. “ မေမြို့မိုး..”.. ။ မေ ဆရာစိုင်းခမ်းလိတ်ရေးသောသီချင်းများကို
သဘောကျသည်.. ။စာသားများအင်မတန်ကောင်းသည်...။ မေလည်း သီချင်းကိုရနေသည်ဖြစ်ရာ.. သူ
နှင့်အတူတူ လိုက်ဆိုဖြစ်သည်...။
         “ လိုက်ဆိုရုံနဲ့မရဘူး.. အဲဒီသီချင်းကို ကော့ဒ်ရော နုတ်စ်ရောရှာထားနော် ဟုတ်ပြီလား.မနက်ဖြန်
ကျရင် ပြန်တီးပြရမယ်.. ”
       တီးနေရင်းနဲ့သူပြောလိုက်မှ အရှိန်ကပျက်သွားသည်...။အင်းအင်း ဟုခေါင်းညိတ်ပြလိုက်မှသူ့ပြုံးပြီး
ဟိုဘက်လှည့်သွားသည်..။ မေတို့ ဆက်စကားမပြောဖြစ်တော့ချေ...။
     နောက်ရက်မနက်.. သူရောက်မလာပါ.. ။ မေ ဖုန်းဆက်ကြည့်တော့..သူသိပ်နေမကောင်းဟု ဆိုသည်.။
စိတ်မပူပါနှင့်..ခိုင်းထားသည့် အလုပ်များကိုပြီးအောင်လုပ်ပါ..ဟုပြောတော့. သိပ်မဖျားပါဘူးဟုထင်မိသည်။
မေလည်း Valentine နေ့ပြီးနောက်တစ်ရက် တော့သူ့ဆီ သွားမည် ဆိုကာမှ သူကရောက်လာသည်..။
ဂစ်တာလည်း မပါ.. ။ပုံစံကနေမှကောင်းသေးရဲ့လားမသိ..။ ဖျော့တော့နေသည်..။
    “ မေရေ.. ပြောစရာရှိလို့..ငါ သဘက်ခါလောက် မေမေတို့နဲ့ စင်ကာပူကိုလိုက်သွားမလို့..
တစ်မိသားစုလုံးသွားတာဆိုတော့..လိုက်သွားမလို့ကွာ..  မကြာပါဘူး.. နင့်မွေးနေ့အမီငါပြန်လာခဲ့
မယ်နော်...”
       “ နင်ကျန်းမာရေးကိုလည်းဂရုစိုက်ဦးနော်..လူက အရိုးပဲရှိတော့တယ်..နဲနဲလေးနေကောင်းမှသွားတာ
မဟုတ်ဘူး... ”
           မေသူ့ကိုဆူလိုက်ပါသေးသည်.. မေ့မွေးနေ့ က ၅ လပိုင်း ၃ ရက်နေ့ဆိုတော့.. သူသိပ်တော့ကြာ
မည်မဟုတ်ပါ..။
        “  ပြန်လာရင် မုန့်ဝယ်လာခဲ့နော်.. ” .
           သူ့မျက်နှာ သိသိသာသာ ညှိုးသွားတာကိုတွေ့လိုက်ရပါသည်...။
   “ တွေ့လား မုန့်ကျွေးဆိုတော့ ဖြစ်သွားတဲ့မျက်နှာက.. ” ဆိုတော့ သူက ပြန်ပြုံးပြပြန်ပါသည်.။အသက်
တော့သိပ်မပါလှချေ..။
      အဲဒီနေ့က မေ သူ့ထံမှ ရတောင့်ရခဲ့ လက်ဆောင်တစ်ခု ရလိုက်သည်.. ။အဲဒါက သူချစ်သူဘ၀တစ်
လျှောက်လုံး ၁ ခါသာပေးဖူးတဲ့.. အနမ်းလေးတစ်ခုပင်ဖြစ်ပါသည်....။
+++++++++++++++++++++++++++++++++++++++++++++++++++++++
       သူသွားပြီး  ၃ ၄ ရက်ကြာတဲ့အထိ သူ့ထံမှ အဆက်အသွယ်မရပါ.. .။သူ မအားလို့ဖြစ်မှာပါလေ..ဟု
နားလည်ပေးကြည့်သည်.. တစ်ပတ်. နှစ်ပတ်လောက်ကျမှ. မေးလ်တစ်စောင်ဝင်လာသည်..။ သူမအား
သဖြင့်ဖုန်းမဆက်နိုင်သေးကြောင်း..၊ မွေးနေ့ မမီလျှင်လက်ဆောင်ကိုပို့လိုက်မည် ဖြစ်ကြောင်း .မေးလ်
ထဲတွင်ရေးထားသည်..။ မေ နည်းနည်းတော့ ဒေါသထွက်သွားသည်.။ ကိုယ့်ချစ်သူတစ်ယောက်ရဲ့မွေးနေ့
ပွဲကို မလာနိုင်ဘူး ဆိုလျှင် စောစောကတည်းက ကတိမပေးပါနှင့်လား..။ရှိစေဦးတော့ သူလာမှ ရန်တွေ့
ပစ်မည်ဟု တေးထားလိုက်သည်..။
        နောက်ပိုင်းတွေလည်း ဖုန်းမလာပါ.. ။မေးလ်များသာ တစ်စောင်ပြီးတစ်စောင်ဝင်သည်..။
သူပြောတဲ့စကားတွေက ရှေ့နောက်မညီချင်သလိုလိုဖြစ်လာသည်..။ သူမှ ဟုတ်ရဲ့လားလို့ထင်ချင်စရာ
တွေဖြစ်လာသည်..။ မဖြစ်နိုင်ဘူးဆိုတာ မေ့အတွက် မခိုင်လုံတော့သလိုဖြစ်လာသည်..။ နောက်ကွယ်မှာ
ဘယ်သူတွေရှိနေသလဲ.။ ဒါမေ့သိက္ခာကို သူစော်ကားလိုက်တာ..။ မေ့ကိုသူချိုးသွားတာ..။ဘာတွေအငြှိုး
အတေးတွေများရှိခဲ့လို့လဲ..။ ယောက်ျားတွေက အကြောင်းမရှိပဲနဲ့ ဒီလိုလုပ်ရင် နောက်အသစ်တစ်ယောက်
တွေ့တာဖြစ်နိုင်ကြောင်း.. ပြောသူကပြောလာသည်.။မေဘယ်လိုလုပ်ရမှာလဲ.. ။ ငါနင့်ကိုချစ်ခဲ့တာ ဒီလို
ခံစားဖို့မဟုတ်ဘူး..။ ဘာတွေ မဖြောင့်ဖြူးခဲ့လို့လဲ. ။ဒီလောက်သာယာနေတဲ့...အချစ်လမ်းကို ဘာကြောင့်
သွေဖယ်ချင်ရတာလဲ..။ မေ ကိုယ်တိုင် အရူးတစ်ယောက်လို မြည်တမ်းမိတော့သည်.။
+++++++++++++++++++++++++++++++++++++++++++++++++++++++
        ၃-၅-၂၀၁၀..။
      မေ့မွေးနေ့.. ။
လာမှာမဟုတ်သော လူတစ်ယောက်ကို တွေးမိ၍ ကိုယ့်ကိုယ်ကိုပင်ဒေါသထွက်ချင်သလိုလိုဖြစ်မိသည်.။
ဖေဖေနှင့်အတူ.သူငယ်ချင်းများမလာခင်. ကိတ်မုန့်ကိုသွားယူမည်လုပ်သည်.. မနေ့ကတည်းကယူရမည်
ဖြစ်သော်လည်း..ညက ဟိုလူ့ဆီ ဖုန်းဆက်၍ ဖိတ်ရ. ဒီလူ့ဆီဖုန်းဆက်၍ ဖိတ်ရနှင့်. .. အလုပ်တော်တော်
ရှုပ်သွားသည်....။ သွားမယူဖြစ်လိုက်...။ ပြီးခဲ့တဲ့မွေးနေ့တုန်းက သူနဲ့ပဲ တစ်နေကုန်ရှိခဲ့သည်..။ သူကိုယ်
တိုင်ပဲ မေ့ကို.. အဘိုးကြိးအဘွားကြီးဖြစ်တဲ့အချိန်အထိဆိုတဲ့အထိမ်းအမှတ် အဘိုးကြီးအဘွားကြီးအရုပ်
ကလေးတွေလက်ဆောင်ပေးခဲ့သည်..။သူပေးတဲ့လက်ဆောင်လေးတွေက အဓိပ္ပါယ်တစ်ခုခု တော့ရှိ
တတ်သည်.. ။ နောက်ပြီးသွားပွတ်တံတစ်ချောင်း.. ။ အဓိပ္ပါယ်က “မရှိမဖြစ် ”တဲ့...။
       မေတွေးရင်းဖြင့်ပင် မျက်ရည်ကဝေ့တက်လာသည်..။ သူပေးတဲ့ လက်ဆောင်လေးတွေကိုပြန်ကြည့်
ရင်းပင် မေ မွေးနေ့ကိုပင်ဂရုမစိုက်ပဲငိုမိသည်..။သူဘာဖြစ်လို့လိမ်ခဲ့တာလဲ..။ သူဘာဖြစ်လို့ မေ့ကိုဒီလိုနာ
ကျင်အောင်လုပ်ခဲ့ရတာလဲ. ။တကယ်တော့ အဲဒီမျက်ရည်က ဒေါသအလျောက်ငိုသောမျက်ရည် ဖြစ်သည်။
သူ့ကို မေ နာကျည်းသည်..။ ကမ္ဘာမှာ မေအမုန်းဆုံးလူက သူ .. ။သူ့မျက်နှာကို ဒီတစ်သက် မမြင်ချင်
လောက်အောင် မုန်းသည်.။ မုန်းသည်..။ မုန်းသည်..။
           မွေးနေ့ကိတ်သွားသယ်တော့ လမ်းမှာ အသုဘကားတန်းကြီးနှင့်တွေ့နေ၍ တစ်ခြားလမ်းက ရှောင်
မောင်းကြရသည်..။ မကြည့်လိုသည်ထက်.. သူငယ်ချင်းများ. လာလျှင်မတွေ့မည် ..နောက်ကျမည်ကိုစိုး
၍ ဖြစ်သည်..။.ပြီးတော့မွေးနေ့ကိတ်ကို သယ်လာပြီး အိမ်မှာ သူငယ်ချင်းများကိုစောင့်သည်...။
ဘယ်သူမှ မလာကြချေ.. ။ ၁၀ နာရီထိုးခါနီးမှ.မန္တလေးက သူငယ်ချင်းများတက်လာကြ၍ ပွဲစည်သွားသည်။
ညနေပိုင်း..ကျတော့သူတို့မန္တလေး ပြန်ဆင်းသွားသည်..။ ငယ်သူငယ်ချင်းများဘာလို့မလာကြပါလိမ့်..။
သူမနေ့က သေသေချာချာဖိတ်ပါသည်.။ စိတ်တော့ သိပ်မကောင်း.. မိချေ.။မအားဘူးဆိုလျှင်လည်းအကျိုး
အကြောင်းလေးပြောရန်သင့်သည်..။ဘာပဲဖြစ်ဖြစ်ညနေရောက်တော့ . မေ ၀ါဝါ တို့ဘက်ကို ထွက်လာခဲ့
သည်..။
        “  နင်တို့ကလည်းနေနိုင်တယ်နော်.. ငါ့မွေးနေ့ကိုမလာကြဘူး....”
“ ဟယ် ၀ါဝါ နင်ငိုထားတာလား.. ”
      မေထပ်မေးသည်..။
ဝါ၀ါက မေ့ကိုဖက်လိုက်သည်.. ။ ဖက်ထားရင်းနှင့်မှ ၀ါဝါ့နောက်ကျောမှာ ချထားသော.နာရေးမှကမ်းသည့်
ယပ်တောင်လေး ပေါ်မှစာကို မေမြင်လိုက်သည်..။
                                   မောင်မိုးသက်.
                             အသက်(၂၂)နှစ်...။
+++++++++++++++++++++++++++++++++++++++++++++++++++++++
         ၃-၅-၂၀၁၁..။
 ဟက်ပီးဘက်ဒေးသီဆိုပြီး ဖယောင်းတိုင်များကိုမှုတ်လိုက်သည်..။ သူငယ်ချင်းများကလက်ခုပ်သြဘာ
တီးကြသည်..။ ကိတ်မုန့်ကိုလှီးပြီးလိုက်ခွံ့သည်...။ဖြစ်ချင်တော့ ကိတ်မုန့်က တစ်တုံးပိုနေသည်.....။
သူရှိနေရင်သိပ်ကောင်းမှာပဲ ဟုတွေးမိသည်..။ ဦးနှောက်ကင်ဆာရောဂါနှင့် စင်ကာပူမှာဆေးသွားကု
ရင်း.. သေဆုံးသွားခဲ့သောချစ်သူကိုတွေးမိပြီး  ၀ဲတက်လာသောမျက်ရည်ကို သုတ်ပစ်လိုက်သည်..။
        “ ညီမလေး ရေ.ညီမလေး.. မေသော်တာတို့ အိမ်လားမသိဘူး..”
        အိမ်ရှေ့မှာအစ်ကိုကြီးတစ်ယောက်.. ။
   “ ဟုတ်ကဲ့ ရှင့် ကျွန်မ ကမေသော်တာပါ...”
“ ဟုတ်ကဲ့.. လွန်ခဲ့တဲ့နှစ် ၂ လပိုင်းက ကိုမိုးသက်က. ညီမလေးအတွက် ဂစ်တာတစ်လက် အပ်သွားတယ်..
အဲဒါကို.သူက ပြီးခဲ့တဲ့ နှစ်၅ လပိုင်းမှာ ဂစ်တာ မပြီးခဲ့ရင်.. ဒီနှစ်မှပေးပေးပါ ဆိုလို လာပေးတာပါ.. ”
         သားရေအိတ်အဖြူကလေးဖြင့် ထည့်ထားသော.. ဂစ်တာ ကလေးကို...ကားပေါ်မှချပေးသည်..။
မေတုန်ရီနေသောလက်အစုံဖြင့်.. ဂစ်တာလေးကိုလက်ခံသည်...။မျက်ရည်များက အတားအဆီးမဲ့စွာကျ
လျက်..။ ဂစ်တာကုမ္ပဏီမှလူက နားမလည်စွာကြည့်ပြီးပြန်သွားသည်..။
         မေဂစ်တာလေးကို အခန်းထဲယူလာသည်.. အိပ်အဖြူလေးကိုဖွင့်သည်.. အထဲက ဂစ်တာလေးက
ပန်းနုရောင်လေး...။ မောင်သေချာ. အော်ဒါမှာသွားတာဖြစ်မည်....။အိုးပေါ်မှာ မေ့ကိုချစ်တဲ့မောင်..
လို့စာလုံးစောင်းကလေးများဖြင့်.ရေးထားသည်...။Pletctrum လေးကိုဖြုတ်သည်.....။ကြိုးကညှိပြီးသားဖြစ်
သည်...။မျက်ဝန်းမှာ မျက်ရည်များက ကျနေသည်.. မျက်လုံးထဲမှာ မောင့်ကိုမြင်နေသည်..။
 “ လက်သန်းကို အားပါမှရမယ်.. ကုတ်ပြီး ဆွဲချလိုက် .. ဒါမှ မဟုတ်ရင်အပေါ်ကိုတွန်းတင်လိုက်..”
     “ အသံ မဆုံးခင်မှာ Hammer ကို ၂ချက်ကနေ ၃ ချက်၎ချက်အထိပေါက်လို့ရတယ်. အဲဒါ ကလပ်စစ်
သဘောတရားတွေပဲ..”မောင့်အသံကိုကြားနေရသည်...
မေတစ်ယောက်...ဂစ်တာလေးကိုသာ  အယောင်ယောင်အမှားမှားဖြင့်တီးခတ်မိတော့သည်...............။
Friday, January 13, 2012
ရင်နှင့်အမျှ
      “ ဟေ့ကောင်..မလွတ်စေနဲ့..ဒီခွေးမ .. တောက်.... ငြိမ်းဇော်.မင်းတံခါးကိုပိတ်ထား..ငါနဲ့..မျိုးဝင်းအထဲကိုဝင်မယ်..”
                             “  မိုးသက် မင်းက ဘာလုပ်နေတာလဲ.. မင်းလည်း တံခါးကိုပိတ်ထားလေ..”
                           “ ဟုတ်ကဲ့အစ်ကို ”
        ခပ်ငေါက်ငေါက် အသံဖြင့် ပြောခံရသောကြောင့် ..ကျွန်တော် လည်း ကြောက်ကြောက်ဖြင့် တဲခါးကိုပိတ်ထားပြီးလက်ဖြင့်ကိုင်ထား
ရသည်..။အစ်ကိုတွေကိုငယ်ငယ်ကတည်းက ကြောက်ရသည့်ညီတစ်ဦးပီပီ.. အစ်ကိုခိုင်းသမျှ လုပ်ရသည်.။
        အခု ကိစ္စမှာကျွန်တော် မပါဝင်လိုပါ..။ ဒီကိစ္စက လည်းကြာတော့ကြာပြီဖြစ်သည်.။မီးဖိုခန်းထဲကို ညဘက်ဆိုလျှင် ပြတင်းပေါက် မှ
ခွေးမ တစ်ကောင် ၀င်ဝင်လာသည်...။အိုးခွက်များ.၊ လှန်လှောပြီး..စားသောက်ကာ.၊ထွက်သွားတတ်သည်.။ သူထွက်သွားလျှင် ပန်းကန်
တစ်ချပ် နှစ်ချပ်ကွဲတတ်သည်.။ တစ်ရက်နှစ်ရက်မဟုတ်တော့ အစ်ကို လုပ်သူများက သည်း မခံချင်တော့..။ ဒါကြောင့်ပင် စောင့်ဖမ်းခဲ့
ကြသည်..။ ခွေးမကလည်း လည်သည်.။ စောင့်ဖမ်းသော တစ်ရက် နှစ်ရက်တွင်ရောက်မလာ..။ သုံးရက်လောက်စောင့်ကြည့်တော့.။
မလာလောက်တော့ဘူး ဟု မှတ်ယူလိုက်ကြသည်.။
          ဒီနေ့ က မန်ယူပွဲရှိသည်..။ ညီအစ်ကိုတစ်တွေ မန်ယူပွဲကို ဧည့်ခန်းထဲတွင်ကြည့်နေတုန်း ဖြစ်သည်..။ ည ကသိပ်မနက်သေး.ပါ။
ခပ်စောစောလောက်သာရှိသေးသည်..။ သေချာအောင်.အိုးတွေခွက်တွေ ပန်းကန်ပလုံးတွေကို ဧည့်ခန်းနှင့် .နံရံတစ်ချပ်ခြားသော
ထမင်းစားခန်းထဲတွင်ထည့်ထားသည်.။အေးအေးဆေးဆေး ကြည့်နေချိန်မှာပင်.. ဘေးခန်းထဲက..ဂလုံးကနဲ.. အိုးတစ်လုံးလှပ်သံ
ကြားရသည်.။ ညီအစ်ကို ၄ ယောက်စလုံး..ခေါင်းထောင်သွားကြသည်. ။ဘယ်သူလဲ ဝေခွဲနေချိန်.. ။ လှမ်းမြင်ရသော.မှန်ချပ်ကြီး
ထဲမှာ ခွေးမ ကို လှမ်းမြင်လိုက်ရသည်..။ အဲဒီမှာ ဇာတ်လမ်းက စခြင်းဖြစ်သည်..။
            အခန်းတံခါး ပိတ်ထားရင်း..။ အခန်းထဲကိုလှမ်းကြည့်သည်.။ ခွေးမ ၏ တစ်ဂီးဂီးမာန်ဖီသံ. .. အစ်ကိုကြီးကိုရဲလွင်၏ ဆဲ
ရေးသံများကိုတစ်ချက်တစ်ချက်ကြားရသည်..။
        ဧည့်ခန်းက အကျယ်ကြီးဖြစ်သည်..။ ဧည့်ခန်းနှင့်.ထမင်းစားခန်း မှာနံရံခြားပြီး .. တံခါးရွက်မရှိသော .အပေါက်များဖြင့်
ပိတ်ထားသည်..။ခွေးမက ဟိုဟိုသည်သည် ပတ်ပြေးနေသည်.။ အပေါက်ဝက ကျွန်တော်ကိုင်ထားသော...တံခါးပေါက်ကို လက်ဖြင့်
တစ်ချက် တစ်ချက် လာလာကုတ်သည်..။ဟနေသော အထဲကိုလှမ်းမြင်နေရသည်..။ မျက်လုံးရဲရဲတွေ..။ သတ္တ၀ါတစ်ကောင်.. ။အထူး
သဖြင့် အသားစားသတ္တ၀ါများ သေဘေးနှင့်ကြုံလာရလျှင်
My Blog List