Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, December 31, 2011

နှစ်ဟောင်းကျန်ရစ်၊ နှစ်သစ်ရောက်လျှင်-တျာချင်း

နှစ်ဟောင်းကျန်ရစ်၊ နှစ်သစ်ရောက်လျှင်
စိတ်ဟောင်းစွန့်ပစ်၊ စိတ်သစ်စမည်ပင်
လန်းလန်းရွှင်ရွှင်၊ အားအင်နိုးထ
စိတ်မှရွှင်စွာ၊ ကိုယ်ကျန်းမာ
ချမ်းသာစွာရှိကြပါလို့လေး...။

ကျန်းမာရွှင်ပျ၊ ရှိကြသောခါ
လုပ်ခွင်လှပ၊ တက်ကြွကြသည်သာ
အားတက်ဖွယ်ရာ၊ မြူးစွာနိုးထ
ကင်းပပြဿနာ၊၀န်းကျင်မှာ
ခြင်းရာသာတိုးတက်သည်နှင့်လေး...။

ဝန်းကျင်တိုးတက်၊ကောင်းခြင်းဆက်လျှင်
မြန်ပြည်ကျိုးတွက်၊ဦးရွက်ကြမည်ထင်
မြန်မြန်လျင်လျင်၊ရွှင်စွာကြိုးပ
မုချအောင်မြင်၊ တိုင်းတစ်ခွင်
မျက်မြင်သာထင်ရှားပါလို့လေး..။

မြို့ခွင်ကျေးရွာ၊ စည်ပင်သာလျှင်
ညီစွာဖျဖျ၊ ကြိုးကုတ်ကြသည်ပင်.
တို့အားတို့အင်၊ ကျွမ်းကျင်မှုပြ
စံပြနည်းနာ၊တို့လိုက်နာ
ခေါင်းဆောင်ရာလေးမြတ်ပါလို့လေး...။

နှစ်သစ်ကယ်ပြည်ရွာ၊ ကောင်းစွာစည်တော့မည်..။
ချစ်မြတ်ဖွယ်ပီစွာ၊ကောင်းစွာတည်တော့သည်..။



Wednesday, December 28, 2011

ခဲပန်းချီလေးတွေ .. လေ့လာလို့ရတာပေါ့ဗျာ...

ဟဲဟဲ... ကျွန်တော်ဆွဲထားတာတော့မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့ ဂါဒီယန် လည်းဖြစ် ..ဆရာလည်းဖြစ်တဲ့..
ကျော်ဇေယျာလွင်(neo.neo744@gmail.com) ဆွဲထားတာပါ..။ သူဆွဲထားတာကလည်း တော်တော်ကောင်းတော့..ကျောင်းမှာပါ
နာမည်ကြီးပါတယ်..။ သူက တရုတ်မင်းသမီးလေး.. Liu Yi Fei ကို..Crazy ..ပါ..သူဆွဲထားတဲ့ပုံတွေကလည်း Liu Yi Fei (ဂူဂူးလို့ခေါ်
ကြတယ်..) ပုံတွေများပါတယ်..။
ကဲကဲအောက်မှာပါ...။
အပေါ်က ပုံတွေက တော့ Liu Yi Fei ပုံတွေပါ...။အောက်ကပုံကတော့ ကျွန်တော်ပူဆာလို့ ဆွဲပေးတဲ့.. Green Rose မင်းသမီးလေး
Lee Da Hae ပုံပါ..။
 
ယှဉ်ကြည့်နိုင်အောင် မူရင်းပုံကိုပါတင်ပေးလိုက်ပါတယ်..ခင်ဗျာ..။
    သူဆွဲတာက ပလတ်စတစ်စ ကို အကွက်လေးတွေဖော်ပြီး မူရင်းဓါတ်ပုံကို အုပ်ပြီး ဆွဲတာပါ..။ ပြီးတော့ သူ့ရဲ့ထူးခြားချက်က
မျက်လုံးနဲ့ နှုတ်ခမ်း ကို မှင် နက်နဲ့ သေချာဆွဲတာပါ..။ ကျွန်တော့် ဂန္ဒ၀င်ဆည်းဆာလေးပုံကို ဆွဲပေးထားတာ တင်ချင်ပေမယ့်..။
စိတ်ဆိုးမှာစိုးလို့ .....နောက်မှ ပဲ.....................အင်း..။ပျော်ရွှင်ပါစေဗျာ..



နေရစ်ခဲ့တော့ သူငယ်ချင်း............

(၂၅-၁၂-၂၀၁၁ တွင် တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားသော သူငယ်ချင်းတစ်ဦးအား
ဂုဏ်ပြုရေးဖွဲ့ပါသည်.)

လေကြမ်းလှိုင်းထန်၊ လောကဓံနှင့်
လမ်းမှန်ကိုရွေး၊ ဘ၀ပေးကာ
အသွေးအသား၊
အများပြည်သူ၊ ပေးဆပ်လှူသည့်
ထမ်းယူတာဝန်၊ ရွက်ကျေပွန်ရင်း
စစ်နွံနက်နက်၊ ၀ဲဂယက်မှာ
တစ်ခက် ကြွေလွင့်ရပြန်ပြီ.........။

စစ်သားကောင်းတို့..
အလောင်းမြေခ၊ ပျက်ကြွေရလည်း
ရဲကမသေ၊
သေက ငရဲမလား၊ ဆိုရှိထားသည့်
စကားသစ္စာ၊ ရှိသည့်ရာတိုင်း
ဝန်တာကျေပွန်၊ အားစိတ်သွန်သည့်
ပြည့်မွန်ချစ်စွာ၊မင်းရှိရာကို
ငါသည်ဦးညွတ်လိုက်ပါ၏......။

နယ်ပယ်မသိ၊ဆုံး မရှိသည့်
တိုင်းပြည့်ငြိမ်းရေး၊ မပြီးသေး၍
မဝေးလှစွာ၊ ရွှေပြည်သာရေး
တောပြာစိမ့်စမ်း၊ အသွင်ဆန်းသည့်.
ငြိမ်းချမ်းပျိုမြစ် ၊နေရာသစ်မှာ
နေရစ်ခဲ့တော့ သူငယ်ချင်း......။
             ကျွန်တော့် သူငယ်ချင်း ကျော်ဇေယျာလွင်ဆွဲထားသော Band of Brothers ဇာတ်ကား မှပုံဖြစ်ပါသည်..။ခဲပန်းချီလေ့လာ
လိုသူများအတွက်တင်ပေးလိုက်ပါသည်...........။



Sunday, December 25, 2011

ချစ်သည်...သို့သော်..

သံယောဇဉ်လား
ရှိတာပေါ့ကွာ.. ပိုတောင်နေသေးတယ်.။
မင်းတို့ထက် ဘယ်သူသာခဲ့လဲ ..
ကိုယ့်ဝမ်းနာကိုယ်သာသိပါ..။
ကိုယ့်ကိုယ် ကိုသာ အကောင်းမြင်တတ်တဲ့ လောကကြီးမှာ
ဘာမဆို သူများလုပ်သမျှကို ဝေဖန်ဖို့ ကြီးပြင်းမယ်လို့ တော့ တွက်မထားနဲ့...။

နားလည်မှုလား
ပြောစရာမလိုဘူးထင်တယ်.။
နေပုံထိုင်ပုံနဲ့တင်..အမှတ်ပြည့်
ကွက်လပ်ဆိုတာ..
စာမေးပွဲရောက်မှ မြင်ဖူးသလိုထားခဲ့တာတောင်
တစ်ခါတစ်ခါ..
တွေ့တာ မြင်တာတွေထောက်တတ်တာပိုဆိုးတာပဲ..။

သစ္စာ.
ရယ်ဖို့တောင်ကောင်းနေပြီ..
ကိုယ့်ဖက်က နာလွန်းလို့
ဘေးကတောင် အားမရဘူး.။
မှတ်ထားဖို့က အဲဒီစကားနဲ့ မယဉ်ပါးသ၍
ငါ့ကို လာမတိုက်ခိုက်ကြနဲ့....
သစ္စာစူး မယ်......။

အချစ်....
တကယ်ပဲ မသိတာလား...။
ချစ်တတ်လွန်းလို့လေ..
အရာအားလုံးပြာကျ...
ရည်မှန်းချက်ဆိုတာတောင်ဘေးခေါက်ထားခဲ့လို့
တစ်ခါတစ်ခါ အရူးလို့ပြောခံရသူလေ..။

အမုန်း...
ပြောဖို့လိုသေးလား...
ငါလိမ်တာကိုမုန်းတယ်...။
ဟန်ဆောင်တာလား..။
ဟန်ဆောင်မှုအရေခြုံထားတဲ့လက်တွေနဲ့တော့.
အပျင်းပြေ ပခုံးလာမဖက်နဲ့တော့..။
သူငယ်ချင်းတွေ...........
မင်းတို့ကိုချစ်ပါတယ်....ဒါပေမယ့်.....
သိက္ခာ ဆိုတာနဲ့.. တစ်ခုခု အခဲမကြေတိုင်း..
အနာကိုနင်း
အရင်းကို တိုက်ခိုက်တာကတော့..
ယောက်ျားသိပ်မပီသဘူးထင်တယ်..နော်..။
မင်းလည်းလူငါလည်းလူပဲ..
သိမ်မွေ့တဲ့ ဟန်ဆောင်မှုကြောင့်
လူမသေပေမယ့်..
စိတ်ဓါတ် .. သေသွားမယ်....။
မင်းတို့ကိုချစ်ပါတယ်....ဒါပေမယ့်....။



Wednesday, December 21, 2011

တာဂျစ်ကစ္စတန် တစ်ယောက်ရဲ့ ...ဒီဇင်ဘာ တရားတစ်ပုဒ်

  ခရစ်စမတ် ပွဲတော်ကြီးနီးလာပါပြီ.။ ခရစ်ယာန်ဘာသာဝင်များရဲ့အထိမ်းအမှတ်ပွဲဆိုသော်ငြားလည်း၊တစ်ကမ္ဘာလုံးကကျင်းပ
ကြတဲ့ ပွဲ ဖြစ်သည်..။ သို့ပေမယ့် ကျွန်တော် မပျော်နိုင်ပါ.........။ ရင်နှင့်အမျှခံစား၍ ဖြစ်တည်လာသော..ခံစားချက်အချို့က ကျွန်တော့်၏
စိတ်အစုံကို ဟိုမှ သည်မှ ဆောက်တည်ရာမရ ပြေးလွှားစေသည်..။ ကျွန်တော့် နှလုံးသားအစုံ ကိုထုရိုက်ကြသည်..။ကျွန်တော့် မျက်ဝန်းမှ
မျက်ရည်အချို့ ကို ကြွေကျစေကြသည်.။ ကုန်ကုန်ပြောရလျှင် ကျွန်တော့်ကိုပါ မှောင်မိုက်သော ကမ္ဘာတစ်ခု အတွင်းသို့ရောက်အောင်သူ
တို့ စွမ်းနိုင်ကြသည်ပဲ..။
           သူမ..။ကျွန်တော့်ရဲ့ အသက် ..။ ကျွန်တော့်ရဲ့ ဘ၀ ..။သူမအတွက် ကျွန်တော်ရှင်သန်နေတာ ..။ ဒါက သေချာသည်..။ဒါပေမယ့်
ကိုယ့်ကို ကြိုးနဲ့တုပ်ပြီး နှလုံးသားကိုထုတ်ယူသွားသလိုခံစားချက်မျိုးကတော့ ..ဘာနဲ့မှ တိုင်းတာလို့မရအောင်နာကျင်လွန်းသည်...။
တစ်ယောက်နဲ့တစ်ယောက် ထုတ်ဖော်မပြောပဲ ချစ်ကြသောအချစ်လောက်ခိုင် မြဲတာ ဘာမှ မရှိဘူးဆိုတာ ကာယကံရှင် ၂ ယောက်ပဲ သိ
ပါသည်..။ သူမနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ..။တစ်ချိန်က သူမအတွက် နက်နက်ရှိုင်းရှိုင်းရရှိခဲ့သည်..နှလုံးသားဒဏ်ရာတစ်ခု ကို
ကုသရင်း ကျွန်တော် သူမ ကို ကျွန်တော်ချစ်မိခဲ့သည်..။ ဖွင့်ပြောမိသည်..။ သူမကလည်း ကျွန်တော့်အချစ်ကိုနားလည်ပါသည်..။အချစ်
ထက်ပိုမိုမြဲမြံသော သံယောဇဉ် ဆိုတဲ့ကြိုးတစ်ချောင်းကြောင့်..။ သူမနှင့်ကျွန်တော် နှလုံးသားချင်းနားလည်မှုရခဲ့သည်.။ သို့ရာတွင်..ဘာမှ
ရေရေရာရာ မရှိကြသေးခင်..။ ကျွန်တော် သူမနဲ့ ဝေးကွာသွားရသည်..။ ၄ နှစ်ဆိုတဲ့အတိုင်းအတာ တစ်ခုကိုဖြတ်ကျော်ရန်ကြိုးစားနေဆဲ
မှာပင်..။ သူမထံမှ သတင်းစကား အချို့ပါလာခဲ့သည်..........။
   “ သူပြန်ရောက်နေပြီသိလား.. ။ တို့ကိုလာတောင်းတော့မယ်တဲ့.. စိတ်ညစ်တာပဲ မောင်......”
   ကျွန်တော်ဘာပြောရမလဲ....။ လောလောဆယ် ကိုယ်က အဝေးမှာ ၊ ချက်ခြင်းပြန်လာလို့ရတဲ့ ခရီးလည်းမဟုတ်..။
   “ မေ့ဖက်မှာ မောင် တစ်ယောက်ပဲရှိတယ်..။ ဒါပေမယ့် .. မောင်ကအဝေးမှာ...”
       သူ့အသံက အားငယ်နေပုံရပါသည်...။ကျွန်တော်ဘယ်လိုလုပ်ရမည်နည်း...။ ခေါင်းခဲစရာ ဒီပြဿနာ နှင့်ကျွန်တော် ကတစ်ဖက်မှာ
ကြီးလေးသော တာဝန်တစ်ဖက်ရှိနေသည်..။ကျွန်တော် လူသားတစ်ယောက်ပါ..။ ကျွန်တော့်ဘ၀ရဲ့နောက်ဆုံးလို့ သတ်မှတ်ထားတဲ့သူမ
ကို ကျွန်တော်ဆုံးရှုံးဖို့ရာဆိုတာအိပ်မက်တောင်မမက်ဖူးပါ..။
      “ မေ့ကို မောင်ပွင့်ပွင့်လင်းလင်းမေးမယ်နော်..။ မေဖြေပေးပါ..”
      “အင်း ..”
      “ မေ့ မိဘတွေဆန္ဒကို မေလွန်ဆန်နိုင်ပါ့မလား...”
     “ မသိဘူးမောင်....မေ သတ္တိမရှိတော့ဘူး..နောက်တစ်ခါ ထပ်ဖြစ်မှာစိုးတယ်..”
            သူမစကားက အကုန်ပါပဲလေ..။သိသိကြီးနဲ့ ကိုယ့်မျက်စိရှေ့တင် ကိုယ့် နှလုံးသားကို ထုတ်ယူသွားမည်ဆိုတော့..မနာပဲ ရှိ
ပါမည်လား..........။
           ဒီနေ့မနက်စောစောထသည်..။လက်အိပ်၊ခေါင်းစွပ် စုံလင်စွာဝတ်ဆင်သည်..။သူပေးခဲ့သော.. ရှပ်အကျီင်္လေးကို ၀တ်ဆင်သည်
သူကိုယ်တိုင်ရေးပေးခဲ့သည့် ဒိုင်ယာရီ စာအုပ်ကလေးကို အိပ်ကပ်ထဲထည့်သည်..။ ဓါတ်ပုံ အယ်လ်ဘမ်လေးကို ကြည့်သည်...။Desktop
ပေါ်က အမေနဲ့အဖေပုံလေးတွေကိုကြည့်သည်..။ သူငယ်ချင်းကိုဒီနေ့ ခွင့်တိုင်ပေးရန်ပြောပြီး...။ပန်းသီးပန်းခြံသို့ထွက်လာခဲ့သည်..။
ပန်းခြံက မော်စကို မြစ်ဘေးမှာ..။
          မြစ်ကရေခဲနေပြီ..။ ကျွန်တော်မြစ်ကမ်းနံဘေးမှာ ထိုင်သည်..။ ကံဆိုးမိုးမှောင်ကျစွာ ဖြစ်ပေါ်နေသည့်အကြောင်းများကို ပြန်စဉ်း
စားရင်းတစ်ယောက်တည်း ၀မ်းနည်းနေမိသည်..။ စီးကရက်ကို ထုတ်ပြီး ပါးစပ်မှာ တပ်သည်.။မီးခြစ်ကို ရှာဖို့ကြံနေရင်းမီးခြစ်မပါခဲ့တာ
သတိရသည်..။
          “ မီးခြစ် ကလေး တစ်ဆိတ်လောက်..  ”
        ဘေးနားက တာဂျစ်ကစ္စတန်တစ်ယောက်က ကျွန်တော့်ထံမီးခြစ်လာငှားသည်..။
         “ ကျွန်တော့်မှာလည်း မရှိဘူးခင်ဗျ...”
          ကျွန်တော်တို့ အသံကြားသွား၍လားမသိ ဘေးက ရေခဲစကိတ်ဖိနပ် ချွတ်နေသော အဘိုးကြီးက မီးခြစ်ထုတ်ပေးသည်..။
သို့နှင့်စကားပြောဖြစ်ကြသည်..။
         “ ခင်ဗျား မျက်နှာက စိတ်ညစ်နေတဲ့ပုံပဲ.. ဘယ်လိုဖြစ်လို့တုန်း..”
  တစ်ဖက်က ကိုတာဂျစ်က မေးလာပါသည်...။
      “ ဒီလိုပါပဲ.. ကျွန်တော့်မှာ လူမှုရေးကိစ္စလေးတွေ ရှိလို့ပါ....”
       သူက အသံထွက် ရယ်လိုက်ပြီး..တစ်ဖက်ကိုလှည့်သည်...။ကုန်သွားသော ဆေးလိပ်ကို နှင်းပွင့်တွေထဲ ထိုးသတ်လိုက်သည်..။
      “  မြန်မာ လူမျိုးတွေက အမြဲတမ်းပျော်နေတယ်တဲ့.. စိတ်ညစ်နေတဲ့ မြန်မာတစ်ယောက် တွေ့ပြီပေါ့....”
       ကျွန်တော် နဲနဲတော့စိတ်တိုသွားတာအမှန်ပါ..။ တွေ့ရာလူနဲ့တွဲ ပြီး အိမ်ထောင်ဆက် များပြားလှသည့် အနောက်တိုင်းအိမ်ထောင်
ရေးစနစ် ကိုလည်း ကျွန်တော် မကြိုက်တာ အမှန်ပါ..။ တစ်လင် တစ်မယားစနစ်တွေ၊ ရိုးမြေကျစနစ်တွေ.. ။ မေတ္တာ၊ သစ္စာ တရားကို
အလေးထားပုံတွေကို .. ကျွန်တော်သူ့ကို ပယ်ပယ်နယ်နယ်ရှင်းပြဖို့ စကားလုံးစီနေစဉ်မှာ ပင်သူက ဆက်ပြောသည်..။
     
        “ အကြာကြီးမဟုတ်ပါဘူး....။ အခိုက်အတန့်ပါ...။ ဘယ်ဟာ မဆိုပေါ့..။ ဥပမာဗျာ..။ ခင်ဗျားစိတ်ညစ်စရာ ရှိလည်းစိတ်မညစ်နဲ့.
အဲဒါ ခင်ဗျား တစ်ဘ၀လုံးညစ်ရမှာ မဟုတ်ဘူး..။ ပျော်စရာရှိရင်လည်း .. လွှတ်မပျော်နဲ့..တစ်ဘ၀လုံးမပျော်ရဘူး..။ ဘယ်ဟာမဆို
ခနလေးပဲ ..အမြဲတမ်းကြီးဖြစ်မနေဘူး..။ ဒါ့ကြောင့်ခင်ဗျားစိတ်ညစ်မနေပါနဲ့..”
        ကျွန်တော် တွေဝေသွားသည်...။ တကယ်တော့ ဘာပြန်ပြောလို့ပြောရမှန်းကို မသိတာဖြစ်ပါသည်..။ သူထိုသို့ပြောလာလိမ့်မည်
ဟုလည်း တကယ်ကိုထင်မထားပါ..။ခန ကြာတော သူက အလုပ်ရှိလို့ နှုတ်ဆက်ပြီးပြန်သွားပါသည်..။ ကျွန်တော် တစ်ယောက်တည်း
မြစ်ကမ်းဘေးမှာ တွေးပြီးကျန်နေခဲ့သည်..။ သူပြောတဲ့စကားက တကယ်ကိုမှန်ကန်နေလို့ဖြစ်ပါသည်..။ ကျွန်တော့်ကို ပြောသွားသော
တာဂျစ်မှာ ဗုဒ္ဓဘာသာ ၀င်မဖြစ်နိုင်ပါ..။(ဖြစ်နိုင်ရန်အလွန်ခဲယဉ်းသည်..)ဒါပေမယ့် သူပြောသွားတာတွေက တရားနည်းလမ်းကျလွန်း
နေ၍ဖြစ်ပါသည်..။ဘယ်အရာ မဆို အမြဲမရှိပါ..။ ဟုတ်ပါသည်..။ အနိစ္စ.. ဆိုသည့် သဘောတရားတွေပါ..။ သူက ဒါကို သူသဘော
ပေါက်သလို ပြောပြသွားခြင်းပင်ဖြစ်ပါသည်..။
           ယနေ့၏စိတ်ညစ်စရာများသည်..မနက်ဖြန် ပျော်ရွှင်ဖို့အခြေခံပင်ဖြစ်ပါသည်..။ တကယ်တမ်းပင် ကျွန်တော်တို့ ပျော်ရွှင်စရာ
များကိုလည်း တစ်ကမ္ဘာထင်တတ်ကြသည်.။ တကယ်တမ်းက ဘုရားဟောထားသလိုပင် တကယ်ပင် မတည်မြဲပါ..။တစ်ဖန် ဆူကြုံ
နိမ့်မြင့်.. သဘောတရားအရ.လည်းလူက အမြဲတမ်းအကောင်းချည်းဖြစ်နေနိုင်မည်မဟုတ်သလို အဆိုးချည်းပဲလည်း မဖြစ်နိုင်ပါ..။
သူပြောမှ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါလျက်နဲ့ မသိရလေခြင်း ဆိုသည့် အသိဖြင့် ကိုယ့်ကိုယ့်ကို အပြစ်တင်မိပါသည်..။
            ထိုနေ့က ကျွန်တော် ညနေ ၅ နာရီခွဲ ၊ နေ၀င်မှ ကျွန်တော် အဆောင်သို့ပြန်မိသည်..။ အဆောင်ပြန်ရောက်သောအခါ ဖုန်း
ဆက်သည်..။ အခြေအနေ ဘယ်လိုဖြစ်သွားသည် ထင်ပါသနည်း..။ ကံကံ၏ အကျိုးနှင့် ဘယ်အရာ မှ အမြဲမရှိဆိုသောစကားကို
နှစ်ခြိုက်စွာရွတ်ဆိုမိသည့် နောက်ပိုင်း ကျွန်တော့်အတွက် ၀မ်းသာစရာ သတင်းတစ်ခု ဖြစ်လာခဲ့ပါသည်..။
ဘယ်အရာမှ အမြဲတစေမရှိနိုင်ပါချေ..။
မနေ့က ကျွန်တော့်ကို မျက်ရည်များဖြင့် ကြွေကွဲစေခဲ့သော ချစ်သူဘယ်လိုဖြစ်သွားပါသနည်း....။
ဒီနေ့ညတွင် မိဘများနှင့် အောင်မြင်စွာညှိနှိုင်းနိုင်ခဲ့ပါသည်...............................................။



Tuesday, December 20, 2011

မွေးနေ့မှာ ဘာလုပ်ကြမလဲ...

   ဟုတ်ကဲ့.. ။ ခေါင်းစဉ်လေးက သိပ်ပြီး ရိုးစင်းပါတယ်..။ အမှတ်တမဲ့ကြည့်ရင်...ကလေးငယ်ငယ်လေး ၃ ၄ တန်းကလေးလေးတွေရေးတဲ့ စာစီစာကုံးခေါင်းစဉ်လေး လိုပါပဲ..။တကယ်ကို ရိုးရိုးလေးပါခင်ဗျား..။ ဒါပေမယ့်. အဲဒီရိုးစင်းမှုလေး တွေက သိပ်ကိုထူးခြားပြည့်စုံတဲ့. အကြောင်းအရင်းတွေ ရှိတယ် ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်..။
           မွေးနေ့တဲ့..။ မွေးနေ့ ဆိုတာဘာလဲ.။ မွေးနေ့ဆိုတာ မွေးတဲ့နေ့ပေါ့..။ ဒါတော့ မင်းပြောမှလား ဆိုပြီးငြိုငြင်မလား မသိဘူး..။ဟုတ်ပါတယ် .။မွေးနေ့ဆိုတာ..မွေးတဲ့နေ့..။ လူ့လော က ကို ပထမ ဆုံး ရောက်တဲ့နေ့ပေါ့ဗျာ..။ ၀မ်းဗိုက်ထဲမှာ အချင်းကိုခေါင်းအုံးပြီး.ကွေးကွေးလေးနေခဲ့ရ တဲ့ အချုပ်အနှောင်ကနေကင်းလွတ်တဲ့ “ လွတ်လပ်ရေးနေ့” လို့ လည်းပြော လို့ရတာပေါ့ဗျာ...။ကိုးလလွယ်၊ဆယ်လဖွားတဲ့မိခင်တို့ရဲ့ အပြုံးမျက်နှာ နဲ့ စတင်ထိတွေ့ခွင့်ရတဲ့နေ့..။ မိခင်ရဲ့ နို့ရည်ကို ပထမ ဆုံးသောက်သုံးခွင့်ရတဲ့နေ့ဆိုလည်း မမှားဘူးပေါ့ဗျာ.။
        ဒီလို ထူးခြားပြည့်စုံတဲ့နေ့ မှာ ဘာလုပ်ကြမလဲ..။အမှတ်တရလေး ဖြစ်အောင်လုပ်ကြမလား.။ ဒါမှ မဟုတ် ကုသိုလ်ကောင်းမှု တစ်ခုခု လုပ်ကြမလား.။ဘယ်တော့မှမမေ့နိုင်တဲ့နေ့တစ်ခုဖြစ်အောင်လုပ်ြ ကြမလား..။ဒါကတော့လူတစ်ယောက်ချင်းပေါ် မူတည်မယ်နဲ့ တူပါ တယ်..။ 
      ဟုတ်ပါတယ်.။ ကျွန်တော် ဒီနေ့ပဲ ကိုညီနေမင်း ရဲ့ မွေးနေ့မှာရေးထားတဲ့ ပို့စ်လေး ကိုဖတ်ခဲ့ပါတယ်..။ သူကပြောထားပါတယ် ..။ မွေးနေ့လုပ်ရခြင်းအချက် ၂ချက်ပါတဲ့..။
  • သေဆုံးဖို့ ရက်နီးလာပြီဆိုတာကို သတိရစေဖို့
  • အမေလုပ်တဲ့သူရဲ့ အသက်နဲ့ရင်းပြီး မိမိကို မွေးဖွားပေးခဲ့တဲ့ နေ့တစ်နေ့ကို သတိမမေ့ဖို့ပါပဲ။
တဲ့..။
             ဟုတ်ပါတယ်..။ မွေးနေ့ဆိုတာ ကိုယ် သေဆုံးဖို့ တစ်နှစ်နီးလာပြီ..။ (တစ်နှစ်ကြီးလာပြီ၊တစ်နှစ် အိုလာပြီ) လို့ပြောတာပါ.။နောက်တစ်ချက်ကလည်း အမေလုပ်သူရဲ့ အသက်နဲ့ရင်းပြီးမိမိကိုမွေးဖွားတဲ့ ရက် ဖြစ်တယ်ဆိုတာ သိထားဖို့ပါ.။ ဥပမာ.. အသက် ၂၀ပြည့် မွေးနေ့ဆိုပါတော.။ လွန်ခဲ့တဲ့ နှစ်၂၀ က မိမိရဲ့ အမေ ဖြစ်သူ က အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးမှာ အသက်လုနေရတဲ့အချိန်ဖြစ်နေ မှာပေါ့..။ အဲဒါလေးကို သိထား ဖို့အတွက်ဖြစ်ပါတယ်.။ တချို့က မွေးနေ့မှာ ဟိုဟို သည်သည်ခရီးထွက်ကြပါတယ်.။ ပျော်ပွဲစားတန်သည်..။အပန်းဖြေခရီးတန်သည်ပေါ့ဗျာ..။တစ်ချို့က(ယောက်ျားလေးများတစ်ချို့)မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရအဖြစ် အရက် သောက်တာ ဘာညာ လုပ်တတ်ပါသေးတယ်..။ ဒါကတော့သိပ်ကိုမှားယွင်းတဲ့အလုပ်ပါ..။ မိမိ အသက်ရှင်သန်လာတဲ့နေ့။မိမိ မိခင်ရဲ့ အသက်နဲ့ရင်းပြီး မွေးဖွားလာရတဲ့နေ့ကိုဒီလို မလုပ်သင့်ပါဘူး..။ ဒါက ကျွန်တော့်အမြင်ပါ..။မိခင်တစ်ယောက် က ကလေးမွေးနေတဲ့ အချိန်မှ စိုက်ထုတ်ရတဲ့အားနဲ့ပတ်သတ်ပြီး သိပ္ပံပညာရှင်တစ်ယောက် က -
        “ မိခင်တစ်ယောက်က ကလေး ငယ်ကို မွေးထုတ်တဲ့အခါမှာ စိုက်ထုတ်ရတဲ့အားသည်..။ ၃ တန် အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခုကို..။၎ ပေခွဲ အမြင့်သို့ရောက်အောင် မတင်ရတဲ့အားနဲ့ တူညီတယ်”
 လို့ ဆိုပါတယ်..။ ဒီလောက်တောင် ပင်ပန်းခဲ့တဲ့ မိခင်တွေရဲ့ကျေးဇူးကို ဒီလိုနေ့မျိုးမှာ မိမိက သိတတ်ကြောင်းပြသသင့်ပါတယ်..။ မိဘလောက်ကြီးမြတ်သောအရာသည်လောကတွင် မရှိပါခင်ဗျာ..။ဆရာဦးဘုန်း(ဓါတု) ကတော့ မိဘကျေးဇူးကို သူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ပြောပြဖူးပါတယ်..။ သူ့တပည့်ကျောင်းသားတစ်ယောက်နဲ့သူ စကားပြောမိပါတယ်..။ စကားစပ်မိရင်း..ကျောင်းသားက.သူ့ သူငယ်ချင်းတစ်ယောက်က ဆိုင်မှာ One Table စီစဉ်ပေးတဲ့အကြောင်း.၊ သူ့အနေနဲ့ ထိုသူငယ်ချင်းကို သိပ်ကျေးဇူးတင်ကြောင်းပြောတော့ ဦးဘုန်းက ထို တပည့်ကို စကားတစ်ခွန်းပြောပါတယ်..။ အဲဒီစကားလေးကို ကျွန်တော် တော်တော်သဘောကျပါတယ်.။
 စကားလေးကမေးခွန်းလေး တစ်ခွန်းပါ.“ One Table ကျွေးလို့ကျေးဇူးတင်တယ်လား..။ မင်းမိဘတွေမင်းကိုကျွေးခဲ့တဲ့ One  Tableပေါင်းဘယ်လောက်ရှိ ပြီလဲ ..” ဆိုတဲ့မေးခွန်းလေးပါ..။ ရင်ထဲမှာ ငြိသွားပါတယ်..။ ကျွန်တော် လည်း ဒီလို စဉ်းစားမိပါတယ်.။အမှန်ကန်ဆုံးက တော့ မွေးနေ့ရောက်ရင် မိခင်နဲ့ဖခင်ကို ကန်တော့ရပါမယ်..။ သူတို့ ရဲ့ ၀တ်ကြီးဝတ်ငယ်ကို ပြုစုသင့်ပါတယ်.။
သူငယ်ချင်းတွေကို ကျွေးတာမွေးတာ အမှတ်တရ လုပ်တာကတော့ နောက်မှပါ..။ အဲဒါကတော့ကိုယ့် အသော်ရတီ အတိုင်းပေါ့ဗျာ.။ကိုယ့်စိတ်တိုင်းကျလုပ်လို့ရပါတယ်..။ တစ်ခု တော့ရှိတယ်ဗျ..။ အသောက်အစားကတော့မပါသင့်ပါခင်ဗျား..။ကျွန်တော့်အထင်မမှားဘူးဆိုရင် ကျွန်တော်နဲ့ အတွေးတူကြမယ်ထင်ပါတယ်..။ ဘုရားသွားကျောင်းတက်လုပ် ရင်တော့ အကောင်းဆုံးပေါ့ဗျာ..။ ဥပုသ်စောင့်တာမျိုး..၊ ဇီဝိတ ဒါန လုပ်တာမျိုး အလှူလုပ်တာမျိုးဆိုရင်တော့ သိပ်ကိုကောင်းပါတယ်..။ ကျွန်တော်ကတော့ တောသား.. ဆိုတော့..မွေးနေ့ကို တစ်ခါမှ ခမ်းခမ်းနားနားမစီစဉ်ဖူးပါဘူး..။ မိဘကိုကန်တော့တယ်..။ ဘုရားစောစောထပြီးရှိခိုးတယ်..။မိသားစုနဲ့ ပဲ.ပြီးဆုံးသွားတာများပါတယ်..။ ရံဖန်ရံခါ ဘုရားဖူးတာမျိုးကတော့ မွေးနေ့ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သွားပါတယ်..။
           ထားပါတော့ ဗျာ.. ။ မွေးနေ့ ဆိုတာ လူတိုင်းအတွက်တော့ ထူးခြားတဲ့နေ့ပါ..။.ကဲ... အဲဒီလို ထူးခြားတဲ့နေ့ မျိုးမှာ ဘာလုပ်ကြမလဲ..?



ဆရာစိုင်းခမ်းလိတ်၊ နိုင်းနိုင်းစနေနဲ့...ကျွန်တော်မေမြို့မိုး..


  ဟုတ်ကဲ့ ခေါင်းစဉ်ကြည့်ပြီး ကျွန်တော့်ကို မြင်ပြင်းကတ်သွားပြီး မဖတ်တော့ဘူးတော့မလုပ်ပါနဲ့နော်..။ ကိုယ့်ကိုယ်ကိုနိုင်ငံကျော် ကြီးတွေနဲ့ ယှဉ်ထားတာမဟုတ်ပါဘူး..။ ကျွန်တော် လေးစားမိတဲ့...စာပေဂီတ၊ အနုပညာရှင် တွေအကြောင်းကို နည်းနည်းလေးပြောချင်လို့ပါ..။ကျွန်တော်စိတ်ထဲမှာ လေးစားအားကျတဲ့ အနုပညာရှင်တွေအများကြီးရှိပါတယ်..။ စာပေ ရော တစ်ခြား ဂီတ ရုပ်ရှင်အစရှိသဖြင့်ပေါ့ဗျာ...။ကျွန်တော်တို့ ငယ်ငယ်က သီချင်းတွေနားထောင်ကြတယ်..။ ကျွန်တော်ကလည်း လူငယ်တစ်ယောက်ပါ..။ ပြောရမယ်ဆိုရင်
ကျွန်တော်တို့ သီချင်း ဆိုတတ်တဲ့အရွယ်က ဗဒင်တို့ ခေတ်..၊ ဇော်ဝင်းထွဋ်တို့ခေတ်...။ကျွန်တော်မွေးတဲ့ ၁၉၉၀ မှာပဲ..၊ဆရာငှက်ကြီး(ဆရာထူးအိမ်သင်) က အကြင်နာ အိပ်မက် စီးရီးကိုထွက်တယ်..။ သိပ်ကိုကြိုက်ခဲ့တဲ့ အ ခွေ ပါ..။ အဲဒီနောက် နဲနဲကြီးလာတော့.ဦးညီထွဋ်တို့ ဦးရင်ဂိုတို့ အတောင်ပံပါရင်  မင်းဆီကို  တို့ခေတ်စားလာ တယ်...။  ဆေးဆိုးပန်းရိုက်တို့ ..။ အပေါ်ထပ်နဲ့အောက်ထပ်ဇာတ် လမ်းတို့ ဘာတို့ ပေါ့ဗျာ.။ ပြောချင်တာက ကျွန်တော်က ဟိုဘက်က ခေတ်ကို ကောင်းကောင်းမမီလိုက်ဘူး..။ငယ်ငယ်ကတည်းက ရော့ခ်အင်ရိုး တို့ ပေါ့ပ်  တို့နဲ့ကြီးလာတာလို့ပြောရမယ်..။ မြန်မာသံတွေဘာတွေသိပ်မသိခဲ့ဘူး..။ ဒါပေမယ့်  ကျွန်တော်ကငယ်ငယ် က တည်းကသီချင်းနားထောင်တဲ့အခါ စာသားကို သိပ်အလေးထားတယ်..။တစ်ချို့သီချင်းတွေ. ၊ ကျွန်တော်ကြိုက် ပေမယ့်..သူများတွေသိပ်မကြိုက်ကြဘူး..။ တစ်ချို့သီချင်းတွေကျပြန်တော့ သူများတွေအရမ်းကြိုက်ကြပေမယ့် ကျွန်တော် သိပ်မကြိုက်ပြန်ဘူး.. ။ ကျွန်တော်ကတကယ် သေချာနားထောင်ဖြစ်တာက .. စာသားကို ခံစားပြီးနားထောင်တတ်တယ်...။ ထားပါတော့ဗျာ..။ အဲဒီိလိုနဲ့ ဒီဘက်ခေတ်ပေါ့ ဗျာ.။ Hip Hop , Punk , Pop ,  Rock မရွေးချယ်ပါဘူး .. ။ စာသားကောင်းရင် ခံစားချက်ကိုထိရင် ကျွန်တော်သဘောကျမိတယ်..။
        ကျွန်တော် ကျောင်းပြီးပြီး ရှမ်းပြည်နယ်က မြို့တစ်မြို့မှာ ကျွန်တော်သင်တန်းတက်ရတယ်...။ အဲဒီမှာ Cyber Dragon ဆိုတဲ့ ဆိုင် မှာ ဒေါင်းလုပ်ချထားတဲ့ သီချင်းတွေအများကြီးရှိပါရောဗျာ..။ အဲဒါနဲ့ပဲ ကျွန်တော့် လည်း 250 GB Hard disk လေးနဲ့ ကူးလာခဲ့တယ်..။ အဆောင်မှာရောက်တော့ ကျွန်တော်ပြန်ဖွင့်ကြည့်မိ တယ်..။  မှတ်မှတ်ရရ လူကအဲဒီအချိန်မှာ အင်္ကျီတွေကို မီးပူထိုးနေတာ..။ အခန်းထဲမှာ သီချင်း သံ ဖွင့်ထား တယ်ပေါ့ဗျာ..။ ကိုထီးရဲ့ Analog ခေတ်က သီချင်းတွေကို Mp3 ပြန်ပြောင်းထားတဲ့ သီချင်းတွေပါ..။
ကျွန်တော်က ကိုထီးသီချင်းတွေသိပ်နားမထောင်ဖူးဘူး..။ နားထောင်နေတဲ့သီချင်းက တစ်ချိန်တစ်ခါက သိပ် နာမည်ကြီးတဲ့.. “နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်.”ပါ..။ ပထမ တီးလုံးသံစကြားရတယ်..။ သာမာန်ပါပဲ..။ ပထမဆုံးသီချင်းသံကစ၀င်လာတယ်..။
“ ပိုနေရင်သာ၊ မသိသာတယ်. လိုနေရင် ဘ၀တစ်ခုလုံးဟာနေသလိုကွယ်....” မီးပူထိုးနေတဲ့ ကျွန်တော့် လက် တွေအလိုလိုရပ်သွားတယ်။ ကိုထီးရဲ့ ပြိုင်ဘက် ကင်းတဲ့ ကရုဏာသံပါ..။ ပိုပြီးထူးခြားတာက. .ထူးခြားတဲ့စာ သား ပါ..။ ဒါက ဆရာစိုင်းခမ်းလိတ်ရေးတယ်ဆိုတာ သိရတယ်..။ကျွန်တော် မီးပူကိုပလပ်ဖြုတ်ပြီး ဆက်နား ထောင် မိတယ်.။
အခု ဖတ်မိတဲ့သူတွေကတော့ စာဖတ်ကောင်းအောင်ရေးထားတာ ထင်လိမ့်မယ်ထင်တယ်. ။ တကယ်က ကျွန်တော် ကိုထီးသီချင်း
တွေဘယ်လောက်နားထောင်တယ်ဆိုတာ အခန်းထဲက သူငယ်ချင်းတွေအသိဆုံးပါ.။ ကျွန်တော်တို့ Block မှာလူငါးယောက်ရှိပါ တယ်.။ သုံးယောက်က ကျွန်တော့်လိုပဲ ကိုထီးသီချင်းတွေအလှည့်ကျ ဖွင့်နေကြပါတယ်.။ ( ထားပါတော့ခင်ဗျ.)
 ရေဘောင်ဘင်နဲ့မ ပြည့်အိုးသဖွယ် ..လူဆိုတာ တစ်ယောက်စီ
မနေနိုင်တဲ့ သတ္တ၀ါတွေပဲလို့ဆိုစမှတ်ရှိခဲ့တယ်..အဖော်မွန်တွေနဲ့အိမ်
ထောင်တွေနဲ့ တင့်တယ်မြဲ..ကိုယ့်မှာတော့ကွယ် တစ်ကောင်တည်းမျက်စိလည်..”
   ကျွန်တော် တကယ်ပဲ အံ့အားသင့်သွားတယ်..။ အဲဒါနဲ့ ကျွန်တော် တစ်ပုဒ်ပြီးတစ်ပုဒ်ဆက် နားထောင် မိတယ်..။ အပြာရောင်မျက်ရည်..။ လွိုင်ဆမ်ဆစ်သို့ တောင်းပန်ခြင်း။ ဥဒ္ဒိစ္စအလွန်၊ မြင်းမိုရ်မို့လား၊ အချစ်ဆိုတဲ့ အ ရ သာ၊  မောင်လပြည့်ဝန်း ၊ မေမြို့မိုး(အကြိုက်ဆုံးသီချင်း) ၊လေညာရပ်ကအချစ်..အစရှိသဖြင့်ပေါ့ဗျာ.။ ကျွန်တော် အများကြီးကိုနားထောင်မိတယ်..။အဲဒီမှာကျွန်တော် ဆရာစိုင်းခမ်းလိတ်ကို တော်တော်လေး စား မိ တယ်..။ (မောင့်လပြည့်ဝန်းကတော့ ကိုနေ၀င်းသီချင်းလို့သိရပါတယ်.)။သူဟာရှမ်း အမျိုးသားတစ်ယောက်၊ ဘာလို့ မြန်မာစာအရေးအသား ဒီလောက်ညက်ညော သပ်ရပ်ရတာလဲ..။ ကျွန်တော် သိပ်အံ့သြမိ ပါတယ်..။ ရှမ်း လည်း ဗမာ၊ဗမာလည်းရှမ်းဆိုတဲ့ စကားကို ကျွန်တော်အရင်ကဂရုမပြုမိပါဘူး.ဘူး.။ ဒါပေမယ့် ခုတော့ ဆရာက သက်သေလိုပါပဲ..။ ဆရာ့ကိုလေးစားမိသလို ဂရုဏာသံပိုင်ရှင် ကိုထီး ကလည်းကျွန်တော့်အ ကြိုက် ဆုံးအဆိုတော်တစ်ဦးဖြစ်လာတာပါ..။သူရေးတဲ့သီချင်းတိုင်းမှာ အဓိပ္ပါယ်ကို တစ်ခုခုနဲ့နှိုင်းပြီး ရေးဖွဲ့ ထားတာ မျိုးတွေ.။ယှဉ်ပြ ထားတာမျိုးလေးတွေပါတတ်ပါတယ်.။ သိပ်ပြီး သပ်ရပ်ပါတယ်..။ ကျွန်တော့်အနေနဲ့ လေး စား အားကျမိပါတယ်.။
        နောက်တစ်ယောက် က ဆရာမ နိုင်းနိုင်းစနေပါ..။သူမက လားဟူလူမျိုး တောင်ကြီးမြို့ဇာတိပါ..။ လား ဟူ ဆိုတာ မြန်မာနိုင်ငံရဲ့လူနည်းစု ပါ..။ ဒါပေမယ့်  ဆရာမရဲ့ ကျော်ကြားမှုတွေက တကယ့်ကို အံ့သြဖို့ ကောင်းပါတယ်....။ ကျွန်တော် ဆရာမရဲ့ ဘာသာပြန်ကိုယ်ပိုင် ရသစာစုလေးများကိုဖတ်ဖူးပါတယ်..။ဆရာမရဲ့ မြန်မာစာ အရေးအသားဟာ သိပ်အဆင့်မြင့်ပါတယ်..။ တော်ရုံတန်ရုံ စာလုံးပေါင်းသတ်ပုံလည်း မမှား ပါဘူး.။ ပြီးတော့ ထူးခြားတဲ့ရေးဟန်တစ်မျိုးနဲ့ ဆရာမနိုင်းနိုင်းစနေက သူ့ရဲ့ ၀က်ဘ်ဆိုက်.. http://www.99sanay.com မှာ ခုလိုတင်ထားပါတယ်..။

              ကျွန်တော်ပြောချင်တာက ဆရာ စိုင်းခမ်းလိတ်ရော။ ဆရာမ နိုင်းနိုင်းစနေရော က ကျွန်တော် လေး စား အားကျတဲ့ စာပေဂီတ အနုပညာရှင်တွေဖြစ်ကြပါတယ်....။သူတို့ဟာ တိုင်းရင်းသားလူမျိုး များဖြစ် သော် ငြား  လည်း မြန်မာစာပေ မြန်မာ စကားကို ထူးချွန် စွာတတ်ကျွမ်းတဲ့ စာပေ ပညာရှင် တွေလို့ ပြောလို့ ရပါ တယ်။   ကျွန်တော်တို့ မြန်မာလူမျိုး ပြည်မမှာနေတဲ့ လူတွေတော်တော်များများ တောင်သူတို့ ရေး တဲ့စာတွေလို မရေးနိုင် မတွေးနိုင်ကြပါဘူး..။ ကျွန်တော် က ဗမာ+ရှမ်းကပြားဆိုပေမယ်.့ကျွန်တော် မွေးတဲ့နေရာက တကယ့်
မြေပြန့်ဒေသမှာမွေးတာဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော် ဆရာစိုင်းခမ်းလိတ် တို့ ဆရာမ နိုင်းနိုင်းစနေ တို့စာ တွေများ ဖတ်လိုက်ရရင် ဟာ... ဆရာဒီသီချင်းကို ဘယ်လိုများ စဉ်းစားလိုက်ပါလိမ့်...။ဒီဒဿနလေးကိုဖြင့် ဆရာမ ဘယ်လိုတွေးလိုက်ပါလိမ့်. စသဖြင့်တွေး မိပါတယ်...။
              တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည် တဲ့..။ တစ်ဦးက စေတနာ တစ်ဦးကမေတ္တာ ဇာတ် ကားမှာ ကောလိပ်ဂျင်နေ၀င်းပြောခဲ့တဲ့စကားလေးပါခင်ဗျာ...။တကယ်ဖြစ်ချင်ရင် တကယ်လုပ်ပါ..။ စိတ် ရှည် ရှည်ထားပါ.။ စိတ်ထားနူးညံ့ပါစေ..။အကောင်းဆုံး ကိုသာ ပေးနိုင်ပါစေ..ခင်ဗျာ..။ ကျွန်တော့် အနေနဲ့ ..ကိုယ် ကိုယ်တိုင် မလုပ်နိုင်ပဲ .. ပြောနေတာ မဟုတ်ပါဘူးနော်..။ ကျွန်တော်လည်းစိတ်ထဲမှာ စံပြထားပြီး ကြိုးစားနေ ပါတယ်..။ မြန်မာနိုင်ငံကိုချစ်တဲ့ မြန်မာစာပေကို မြတ်နိုးတဲ့ လူအားလုံး ဆရာစိုင်းခမ်းလိတ်နဲ့ဆရာမ  နိုင်းနိုင်း စနေ တို့ကို အတုယူပြီး ကြီးစားဖန်တီးသင့်ကြောင်းပါခင်ဗျား....။



Saturday, December 17, 2011

ရေနဲ့ဝေးတဲ့ကြာ...အမေနဲ့ဝေးတဲ့ငါ...။

သို့ 
      အမေ..
        လေတွေအရမ်းတိုက်နေတယ်...။ မျက်နှာပေါ်ကို ဖြတ်သွားတဲ့..လေအေးအေးမှာစိမ်းကားမှုတွေပါနေတယ်...။နှင်းပွင့်တွေကလည်း
လွင့်နေတာ ခပ်ကြမ်းကြမ်းပဲ.. ။နှင်းပွင့်လေးတွေကို နှစ်သက်တယ်...။ အရာရာ စိမ်းကားတဲ့ပတ်ဝန်းကျင်မှာ.. သားနဲ့အနီးကပ်ဆုံး
ကနှင်းပွင့်လေးတွေပဲလေ..။ဒါပေမယ့် သူတို့ကတောင် သားကို ချမ်းအေးစေတယ်.. ။ သိမ့်သိမ့်တုန်စေတယ်..။ အရိုးထဲထိ
စိမ့်ဝင်စေတယ်..။
        သားထွက်လာခဲ့တာ သုံးလကျော် လေးလလောက်ရှိပြီပေါ့...။ဒီလောက်ဆို တို့ အမေ ဘယ်လိုရှိနေမလဲ..။
အမေကျန်းမာရေးကောင်းလာပြီလို့ နိုင်ငံတကာသတင်းတွေထဲမှာ..ဖတ်ရနားထောင်ရ ရှုစားရတယ်...။အမေရယ်..။အမေ့ကိုသားလွမ်းနေ
တယ်လေ..။အမေက အရင်ကတည်းက ကမ္ဘာ့အလှဆုံးမိခင်တွေထဲ မှာ အမေထိပ်တန်းပဲလေ..။ အမေ့ပုံရိပ်တွေကိုသားလွမ်းနေတုန်းပဲ
အမေရဲ့...။အမေ့သတင်းက မလိုမုန်းထားသူတွေရဲ့ သွားပုပ်လေလွင့်စကားတွေကြောင့်နာမည်ပျက်ခဲ့ရပေမယ့်..အမေ့ရဲ့နွေးထွေးမှုတွေ
ကြင်နာမှုတွေကို သားတို့အသိဆုံးပါ အမေရယ်..။
        အခုသား တစ်ခြားမှာရောက်နေတယ်အမေရယ်...။အမေ့ရင်ခွင်နဲ့ဝေးတဲ့နေရာပေါ့...။အမေနဲ့ဝေးမှ အမေ့ကို ပိုသတိရလာတယ်..။
အမေ့ရဲ့မေတ္တာတွေ အမေ့ရဲ့ အကြင်နာတွေကို သားပြန်တွေးမိတယ်အမေရယ်...။ဒီမှာက အမေ့လောက် ကြင်နာမှုမရှိကြဘူး .။ အမေ့
စကားလောက် မချိုမြဘူး..။ အမေ့အပြုံးလောက်မလှပဘူး ။ အမေ့ အရိပ်လောက်မအေးမြဘူး အမေရဲ့..။ သူတို့ စိမ်းကားကြတယ်..။
ဟန်ဆောင်နေသလို ဟိတ်ဟန်တစ်ခု နဲ့မျက်နှာဖုံးစွပ်ထားတတ်ကြတယ်...။ ဒါတွေကိုကြုံရလေလေ သားက အမေ့ကို လွမ်းလေလေပဲ
အမေရဲ့...။
        အမေ့ကို ၀မ်းသာစရာတစ်ခု ပြောရဦးမယ်အမေရေ..။ အမေ့သားတွေအကြောင်းလေ..။ အမေ့သားတွေသိပ်တော် သိပ်ထူးချွန်ကြ
တယ်အမေရဲ့..။ ဒီမှာ သူများသားသမီးတွေကြားမှာ..။သားတို့ အိမ်လေးက သေးကွေးလူသိနည်းလှပေမယ့်..။ အမေ့သားသမီးတွေက
အားလုံးထဲမှာ စံပြပါပဲအမေ...။ရင်းနှီးဖော်ရွေမှုက အစ..။အချင်းချင်းစည်းလုံးညီညွတ်မှုတွေ.။ အားလုံးပေါ့အမေရယ်...။
အော် သားကိုယ်တွေ့အဖြစ်အပျက်တစ်ခုကိုပြောရဦးမယ်အမေရေ...။သားတို့အရှေ့ဘက်က ကပ်လျက်အိမ်ကလူတွေနဲ့ဒီမှာတွေ့
တယ်အမေ..။ သူတို့နဲ့လည်း အိမ်နီးနားချင်းဆိုတော့..အချင်းချင်း နှုတ်ဆက်ကြတယ်အမေရေ..။ အဲဒါသူတို့နဲ့စကားပြောမိရင်း..
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ က ပွဲတစ်ခုကို တက်ဖို့ ဖိတ်ခံရတယ်အမေ..။ အမေ့သားတွေကိုပေါ့အမေရယ်......။ဒီကလူတွေက လုပ်
တဲ့ပွဲပါအမေ..။ သားတို့ရပ်ကွက်က လူတွေလည်းပါတယ်အမေ...။
        အဲဒီပွဲမှာ သူတို့ လူတွေအရင်ဆိုကြ ၊ တီးကြ ကဗျာရွတ်ကြတယ်အမေရဲ့..။ပြီးတော့ တစ်ခြား အိမ်တွေလည်းပါတာပေါ့အမေရယ်။
အမေ့သားတွေက တော့ လူအင်အားနည်းတော့ နည်းနည်းပဲပါခွင့်ရတာပေါ့..။ တစ်နေကုန်ကတဲ့ကပွဲမှာ အမေ့သားတွေက .ညနေပိုင်း
လောက်မှ အလှည့်ကျတယ်အမေရေ.။ သား ကတော့ ထုံးစံအတိုင်း လိဒ်တီးတယ်အမေ.။ သူငယ်ချင်းက လည်း ဂစ်တာ ရစ်သမ်
ကူတီးပေးတယ်အမေ..။ သားက အိုးစည်ဒိုးပတ်တီးချင်ပေမယ့် ..။ မလွယ်လို့ပါအမေ..။ သားတို့ ညီအစ်ကိုတွေ အမေ့သီချင်းတွေ
တီးပြီးတော့...။ သားတို့ သူတို့ သီချင်းတွေတီးတယ်အမေ..။ အားလုံးအံ့အားသင့်ကုန်တယ်...။သူတို့ လူတွေသားတို့လောက်သူတို့စကား
ကိုပီသအောင်ပြောနိုင်သူတွေ မတွေ့ဖူးခဲ့ဘူး..။သားတို့ တီးအပြီးမှာ သူတို့ ထပ်ပြီး Once More ထပ်တောင်းတယ်အမေ..။ သားတို့
ထပ်ပြီးတီးရတယ်အမေရဲ့...။သိသလောက်သီချင်းတွေတီးတဲ့အချိန်မှာ သူတို့ လူမျိုးတွေ ထပြီး ကကြတယ်အမေ..။ Bravo သံတွေ
ညံနေခဲ့တယ် အမေ.။ အမေ့နာမည်ကိုချီးကျူးတဲ့ အသံတွေကြားရတယ် အမေ..။ I Love Myanmar.. .သံတွေဆူညံခဲ့တယ်အမေရေ..။
ကျွန်တော်က တော့ ၀မ်းသာလွန်းလို့ မျက်ရည်တောင်လည်မိတယ်..။ အိမ်ပေါင်း ၂၀ လောက်က လူတွေလာကြတဲ့ထဲမှာအမေရေ.။
လူနည်းစုဖြစ်တဲ့..အမေ့သားတွေက အားလုံးထဲမှာ မော်ကြွားနေတယ်..။အမှတ်မထင်ပေါ့အမေ..။ ဂီတပွဲလေးတစ်ခုကနေ...အမေ့သား
တွေဂုဏ်တက်ခဲ့တဲ့နေ့ပေါ့အမေရယ်...။သားတို့ကို မိတ်ဆက်ကြတယ်..။အမှတ်တရဓါတ်ပုံတွေရိုက်ကြတယ်အမေ.။ လက်တစ်ဆုပ်စာ
လူတွေက ငြိမ်သက်နေတဲ့ ပွဲတစ်ခု ကို အသက်ဝင်အောင်လုပ်သွားနိုင်ခဲ့တာ အမေရဲ့..။အမေဂုဏ်ယူနိုင်ပါစေအမေရယ်..။    
           အခု  ဒီမှာ အရမ်းအေးနေပြီအမေ..။ အမေ့အိမ်မှာတုန်းကလည်း သားအခန်းလေးက အေးတယ်လေအမေ..။ ဒါပေမယ့် ဒီလို
သွေးခဲမတတ် မအေးဘူးနော်အမေ..။ကြက်သီးထရုံ..တုန်ရုံလောက်ပဲအေးတာလေအမေ..။ ဒီမှာ သားမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကို
သားမြင်ဖူးပြီအမေ.။ သားနှင်းပွင့်လေးတွေကိုသဘောကျပါတယ်......။ ဒါပေမယ့် အမေ့ရင်ခွင်နဲ့တော့ဘယ်နည်းနဲ့မှ မလဲနိုင်ပါဘူး
အမေ..။
           အမေ့ရဲ့သွန်သင်မှုတွေက သားတို့ကိုလိမ္မာယဉ်ကျေးစေတယ် အမေရေ..။ဒီက လူတွေက အကြီးကိုအကြီးမှန်းမသိကြဘူး.
အမေ..။ သားတို့ လို ဆိုဆုံးမမှုတွေလည်းမရှိကြဘူး အမေ..။ဂါရဝေါစ နိဝါတောစ တရားတွေ.ဘာဆိုဘာမှ မရှိကြဘူး..အမေ..။
သားတို့ က ရိုသေလေးစားပြရင်..အမေ့သားတွေကိုတောင်သူတို့ က ထူးဆန်းသလို ကြည့်ကြသေးတယ် အမေရဲ့..။ဒါပေမယ့်သားတို့
ရဲ့ မွေးရာပါ အသိစိတ်ထဲမှာ ကိုက ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားတတ်တဲ့အရိုးခံစိတ်ကရှိပြီးသားပဲလေ အမေ။
စိတ်မပူပါနဲ့အမေ..။ သားတို့ က သူတို့ ထက် ကို စိတ်ပိုင်းဆိုင်ရာပိုင်းမှာ အထက်စီးမှာပါ အမေ..။ဒီရောက်မှ သားလည်း သူတို့ထက်
ခန္ဓာကိုယ်အချိုးအစားသေးငယ်ပေမယ့်...။ စိတ်ဓါတ်ပိုင်းမှာ အထက်တန်းကျပြီးသား.. ၊သူတို့ထက် သာလွန်ပြီးသားဆိုတာ သိလိုက်
ပါတယ်အမေ..။ လူချစ်လူခင်လည်းပေါများပါတယ်..။
      ကုန်ကုန်ပြောရင် အမေ့တို့သားတို့ အိမ်လေးက သေးသေးလေးပေမယ့်.......။သားတို့ က ဘယ်သူ့ကိုမှခေါင်းငုံ့စရာမလိုခဲ့ဘူးအမေ
အမြဲခေါင်းမော့ လက်မထောင်နိုင်နေတဲ့ အမေ့သားတွေပါ အမေရယ်..။အခု အမေနဲ့သားဝေးနေတယ်.။ အမေ့ကိုသားလွမ်းပေမယ့်..။
အမေ့ ရင်ခွင်နဲ့ဝေးနေရပေမယ့်..။ ရေနဲ့ဝေးတဲ့ကြာလိုမညှိုးနွမ်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး.. အမေ့သား ဆိုတာ ဒီလိုရှိတယ်
ဆိုတာ ပြနိုင်ဖို့ကြိုးစားနေပါတယ်အမေ...........................။
ပွဲအပြီးမှာလေ အမေရဲ့..။



Friday, December 16, 2011

လူမမြင်ရတဲ့ ဂျီတော့ နဲ့ လူငယ်များရဲ့ကိုယ်ကျင့်သိက္ခာ..

လူမမြင်ရတဲ့ဂျီတော့ ဆိုလို့ .. တစ်ခြား မေးလ်တွေမပါဘူးလို့မပြောလိုက်ပါနဲ့...။ ချက်တင်ထိုင်ကြတဲ့သူအားလုံးအသုံးပြုနေကြတဲ့
မေးလ်အားလုံး၊ Messenger အားလုံးကိုပြောခြင်း ဖြစ်ပါတယ်.. ။ မြန်မာ နိုင်ငံမှာ အတွင်ကျယ်ဆုံးက ဂျီမေးလ်ဖြစ်နေလို့ ဒါကို ဦးစားပေးပြီးရေးရခြင်းဖြစ်ပါတယ်...။

            အခု တစ်လော ပြဿနာတွေ တော်တော်များများ ကြားရပါတယ်။ဂျီတော့ပေါ်မှာဘယ်သူဘယ်သူကဖြင့်ကောင်မလေးတွေ
ကိုမိုက်ရိုင်းစွာ ပြောဆိုတယ်..။ ဒါမှ မဟုတ်.. ဆဲရေးခြင်းခံရတယ် ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်..။ဒီကိစ္စတွေကခုချိန်မှာတော်တော်
များများပေါ်လာပါတယ်...။( ကျွန်တော် ကိုယ်တိုင်လည်း ဆဲရေးမှုခံရဖူးပါတယ်..ဒါပေမယ့်ကျွန်တော်ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ..
နောက်ပိုင်းမှာပြောပြပါမယ်..။)ကိုယ်အားဖြင့် မဟုတ်သော်ငြား စိတ်အားဖြင့် စော်ကားခံရတာဟာလည်း လူတစ်ယောက် ရဲ့ဂုဏ်

သိက္ခာကိုမထီမဲ့မြင်ပြုလိုက်တာ ပါပဲ...။ 
            ကျွန်တော်ပြောချင်တာက ဂျီတော့ ဒါမှ မဟုတ်.. အထက်ပါ.. Yahoo, Msn  အစရှိတဲ့ Messenger အချို့မှာ လူတစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြပြီဆိုပါစို့...။ အဲဒီ နှစ်ဦးနှစ်ဖက်လုံးမှာ ရည်ရွယ်ချက် ကိုယ်စီရှိကြမှာပါ..။ သူငယ်ချင်းရှာချင်တယ်.။ ချစ်သူရှာချင်တယ်..(ခေတ်စကားနဲ့ဆိုရင် ကျူချင် ၊ ကြောင်ချင်တယ်ပေါ့ဗျာ..၊)မိတ်မဆက်ခင် အချိန်ထိ တစ်ယောက်နဲ့တစ်ယောက်က ဘာဆိုဘာမှ သိကြသေးတဲ့သူတွေမဟုတ်ကြပါဘူး..။အဲဒီအချိန်မှာ ကျွန်တော်တို့က တစ်ယောက်ကို တစ်ယောက် မိတ်ဆက် ကြမယ်..။မင်္ဂလာပါ၊ဟိုင်း ၊ အစရှိသဖြင့်ပေါ့ဗျာ..။ပြောကြဆိုကြပြီးတစ်ယောက်ကို တစ်ယောက် မိတ်ဆက် ကြပါတယ်..။ အဲဒီမှာအဆင်ပြေသွားရင်အကြောင်းမဟုတ်ပေမယ့်..။တစ်ခါတစ်ခါ ကောင်မလေး က တစ်ဖက်မှာ အလုပ် ရှုပ်နေတတ်တဲ့အခါမျိုးမှာ....။စကား ပြန်မပြောမိဘူး...။သူပြောချင်စိတ်မရှိတာလဲ ဖြစ်နိုင်တာပေါ့လေ..။ (ဘဲဘဲ နဲ့ချက်နေတာလဲ ဖြစ်နိုင်တာပဲ...ထားပါတော..။)အဲဒီမှာ တစ်ဖက်ကယောက်ျားလေး လုပ်သူက စလာတယ်..။ ပြန်မပြောဘူးလား မာနကြီးတာလား ဘာညာနဲ့..။နောက်ကျတော့ သူကိုယ် တိုင်ကလည်းပါးစပ်စည်းမစောင့်သူဖြစ်လေရော..။မိန်းကလေးဖြစ်သူကို ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာမှုတွေ ပြုလာပါတော့တယ်..။ ဒါက ကျွန်တော့်ပတ်ဝန်းကျင်က လူတစ်ချို့ ကြုံခဲ့ရတဲ့ အကြောင်းလေးတွေပါ..။ကြုံဖူးတဲ့ သူတွေလည်း ဒီလိုပဲဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျ...။
          ကျွန်တော် 12-12-2011 နေ့က ကျွန်တော့် ဂျီတော့အကောင့်မှာ ကောင်လေး ခပ်ငယ်ငယ်တစ်ယောက်တက်လာပါတယ်..။
(အကောင့်ကတော့ ပုဂ္ဂိုလ်ရေးအရမပြောတော့ပါဘူး..။. ) သူနဲ့ကျွန်တော်က မသိပါဘူး..။ ကျွန်တော်ကလည်း စကားသိပ်မပြော

တဲ့သူဆိုတော့ သူ့ကိုလည်းမမေးမိဘူး..။ သူက ကျွန်တော့်ကို ဘဲကြီးလို့ခေါ်တယ်...။ ထားပါတော့.။ အဲဒီနေ့က သူတက်လာ
တယ်...။
            “ ဘဲကြီး စားပြီးပြီလား ..”
          “ အင်းစားပြိးပြီညီလေး..။ ဆို ..”
           “ ဆော်အကောင့်လေးဘာလေး ပေးဦးလေး.. ”
         “ အာ ..”
           ကျွန်တော်စဉ်းစားမိပါတယ်.. ။ ကျွန်တော့်အကောင်ထဲမှာက လူချင်းသိတဲ့လူတွေနဲ့ လူချင်းမသိရင်တောင်

ရေးဖော်ရေးဖက်တွေ လောက်ပဲရှိတာ ဆိုတော့...။
        “ ညီလေး အစ်ကို့ဆီမရှိဘူးကွ.. အစ်ကို ကလည်း သိပ်ချက် တာမဟုတ်တော့.. ”
       အဲဒီမှာ သူက ကျွန်တော့်ကို မယုံလို့လား မသိပါဘူး ထပ်ပြီးရစ်နေပါသေးတယ်..။ နောက်တော့ ကျွန်တော်က လည်း ပြန်မပြော
လို့လား မသိပါဘူး ...။ သူကျွန်တော့်ကိုဆဲပါတယ်..။ (ဆဲတာကိုထည့်မရေးနိုင်တာခွင့်လွှတ်ပါနော်..။)ကျွန်တော်အံ့အားသင့်

သွားပါတယ်။ကျွန်တော့်အကောင့်ထဲမှာ ဒီလိုအောက်တန်းကျတဲ့သူမရှိဘူးထင်ခဲ့တာပါ..။ စိတ်ထဲမှာ.ဒေါသက ထောင်းကနဲထွက်
သွား...ပေမယ့် ။သူက အငယ်ဆိုတော့ .ကျွန်တော် စိတ်ကို ထိန်းရပါတယ်..။ စိတ်ကိုဖြည်းဖြည်းချင်းလျှော့လိုက်ပါတယ်..။အခု သူဆဲလို့ကျွန်တော်ဒေါသထွက်ပြီး ကျွန်တော်သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းပြန်ဆဲမယ်ဆိုရင်..။ ကျွန်တော့်အပေါ်သူ့ရဲ့
လွှမ်းမိုးမှုသက်ရောက်သွားလို့စိတ်ဓါတ်ရေးရအရကြည့်ရင်သူနိုင်သွားပါလိမ့်မယ်..။
         “ ကောင်လေး မင်းက ငါ့ကိုဆဲနေတယ် .. ငါမင်းကိုပြန်မဆဲပါဘူး... ဒါပေမယ့် မင်းက ဘာလို့ငါ့ကိုဆဲနေတယ်ဆိုတာကို
ငါနားမလည်တာအမှန်ပဲ..”
          အဲဒီအချိန်မှာ သူက ဘာတွေပြောနေတာလဲ ဆိုပြီးထပ်ဆဲပါတယ်..။
        “ ညီလေး မင်းတော်တော် အဆင့်အတန်းမရှိတဲ့ကောင်ပဲ ကွ..။”
          ကျွန်တော်သူ့ကိုယဉ်ယဉ်ကျေးကျေးလေးပဲပြောတာပါ..။သူတော်တော် ထိသွားပုံရပါတယ်.။
ဘာကွ  ဆိုပြီးကျွန်တော့်ကို ပြန်မဲပါတော့တယ်..။
          “ မင်းကိုလည်း ငါမသိဘူး.. ငါ့ကိုလည်းမင်းမသိဘူး..။ ဒါပေမယ့် အဲဒီလိုမသိတဲ့အချိန်မှာ မင်းပြောတဲ့မင်းစကားနဲ့ ငါပြောတဲ့ငါ့စကားက မင်းနဲ့ ငါရဲ့ အဆင့်အတန်း ကိုသတ်မှတ်သွားလိမ့်မယ်ဆိုတာသဘောပေါက်နော်...ကောင်လေး..။”
      တမင်တကာ အဆဲခံပြီး စကားကြီးစကားကျယ်တွေပြောနေတာမဟုတ်ပါဘူး..။ကျွန်တော်ပြောတဲ့အဆင့်အတန်းဆိုတာ အခြေခံ
လူမှုအဆင့်အတန်း မွေးကတည်းက ပါလာတဲ့ .. လူတစ်ယောက်ရဲ့ပတ်ဝန်းကျင်ကိုဖော်ပြတဲ့ အဆင့်အတန်းကိုဖော်ပြတာဖြစ်ပါ

တယ်..။ချမ်းသာကြွယ်ဝမှုတွေ ၊ မြို့ပြ ၊ကျေးလက်အရပ်ဒေသတွေနဲ့မဆိုင်ပါဘူး..။ ကျွန်တော့် ယူဆချက်က အဲဒီလိုပါ...။
            ကျွန်တော်တို့ မြန်မာ စာပေမှာ စကားပုံတစ်ခုရှိပါတယ်..။ အမိယုတ်က နှုတ်ကြမ်း၏ အဖယုတ်က ကိုယ်ကြမ်း၏ ဆိုတာပဲ
ဖြစ်ပါတယ်...။ ကျွန်တော်မိဘများကို မထိခိုက်လိုပါ..။ သို့ရာတွင် နှုတ်၏ကြမ်းတမ်းမှုသည် သူယုတ်မာလက္ခဏာတစ်ရပ်ဖြစ်သည် ဆိုတာကိုတော့ ဒီကောင်လေး သိစေလိုပါသည်...။
         “ ဟေ့ညီလေး... မင်းငါမေးထားတာပြောဦးလေကွာ...။”
        “ တော်ပြီဗျာ ခင်ဗျားနဲ့မပြောချင်ဘူး.. လူရောဟုတ်ရဲ့လားမသိဘူး...”
     သူကျွန်တော့်ကို ဘလော့သွားပါတယ်..။ ကျွန်တော်လည်း တစ်ခုခု တော့ ကျန်သလိုဖြစ်နေပါတယ်..။
အဲဒါနဲ့ကျွန်တော်ဒီ ပို့စ်လေးကိုတင်မိခြင်းဖြစ်ပါတယ်..။ ကျွန်တော်က ယောကျာ်းလေးမို့လို့တော်သေးရဲ့ မတော် ကောင်မလေးတွေ

ကိုများဆဲ ရေးတိုင်းထွာခဲ့ရင်ဆိုတဲ့အတွေးကို ရင်ဘတ်ထဲကို ဒိန်းကနဲလာဆောင့်ပါတယ်..။
         ကျွန်တော့်မှာ ညီမလေးတစ်ယောက်ရှိပါတယ်..။အဲဒါကြောင့်ကျွန်တော် ဘယ်သူ့ကိုမဆို နှမသားချင်းကိုယ်ချင်းစာပါတယ်..။
မိန်းကလေး တွေကို ကိုယ့်အစ်မလို ကိုယ့် ညီမလေးလိုသဘောထားပါတယ်..။ဒါ့ကြောင့်ကျွန်တော်က လမ်းမှားရောက်နေတဲ့

ညီလေးတွေညီမလေးတွေကို ကျွန်တော်အမြဲပြောပါတယ်.။မိဘအတွက် ကြည့်ကြဖို့..။ ပြီးတော့ နောက်ဆုံးတစ်ချက်ဖြစ်တဲ့..ဘ၀နဲ့
တစ်ထပ်တည်းကျမယ့် အိမ်ထောင်ရေးနဲ့အိမ်ထောင်ရေးတစ်ခုရဲ့အခြေခံဖြစ်တဲ့..အချစ်ကိစ္စကို ပေါ့ပျက်ပျက် အပျော်မလုပ်ကြဖို့ကို ကျွန်တော်အမြဲမှာပါတယ်..။ဒါပေမယ့် ဟိုတစ်လောက ရင်ငြိမ်းပွင့်(ရွယ်တူချင်းမို့ မ မထည့်တော့ပါဘူး..)သတင်းကိုကြားတော့ ကျွန်တော်စိတ်မကောင်းပါဘူး.။ သူ့ခမျာ လူမှားပြီးယုံမိ၊ ပုံမိယုံသာမကစဉ်းစားချင့်ချိန်နိုင်တဲ့ အသိတရားပါ မရှိခဲ့လေတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားရှာပါတယ်..။
          စာဖတ်တဲ့သူငယ်ချင်း မိတ်ဆွေ ညီအစ်ကိုမောင်နှမများခင်ဗျား..။ ကျွန်တော့်အထင်မမှားဘူးဆိုရင် အများစုဟာ အသက် ၄၀
အောက် ပိုင်း လူငယ်လူရွယ်တွေချည်းပဲဖြစ်ပါလိမ့်မယ်..။အခုလိုခေတ်အခါမှာ မျက်မှောက်ခေတ်ကို ဦးဆောင်နေတာ ကျွန်တော်တို့
သူငယ်ချင်းတို့လိုလူရွယ်တွေဖြစ်ပါတယ်......။ကျွန်တော်အရင်ရေးခဲ့တဲ့ဆောင်းပါးထဲကလိုပါပဲ.. မြန်မာလူမျိုးတွေဟာစွယ်စုံထူးချွန်ပြီး
တင်္ခနုပတ္တိဥာဏ်ရှင်သန်ကြသူများဖြစ်ကြပါတယ်..။ ကမ္ဘာ့အတော်ဆုံးဖြစ်တဲ့မြန်မာလူမျိုးတွေထဲက အချို့သော လူနည်းစု မြန်မာ
လူမျိုးများရဲ့တစ်ခုတည်းသောအကျင့်ဆိုးဖြစ်တဲ့ လူကြီးလူကောင်းမပီသမှု ဆိုတာကို ထိန်းသိမ်းသွားနိုင်မယ်ဆိုရင်.. ။ လာမယ့်
မျိုးဆက်တွေမှာမြန်မာကို ဘယ်နိုင်ငံကမှ မီနိုင်မယ်မထင်ပါဘူး...။လူကြီးလူကောင်းပီသမှုဆိုတာ ကိုယ်၏ စောင့်စည်းခြင်း ၊ နှုတ်၏
စောင့်စည်းခြင်းဆိုတာကိုပြောတာပါ..။ မြန်မာလူမျိုးတွေတော်ပါလျက်နဲ့..ထိုအကျင့်ဆိုးလေးတစ်ခုကြောင့် မြန်မာ ပြည်သူတွေလူတန်း
စေ့ မရှိရရှာပါဘူး..။ သုဝဏ္ဏကွင်းက ပွဲကြည့်စင်ကြီးယနေ့တိုင်အုတ်ခုံကြီးများဖြစ်နေတာ ထိုအကျင့်ကြောင့်ပါ..ခင်ဗျား..။ ကြုံလို့ တစ်ခုပြောပြပါဦးမယ်...မြန်မာနိုင်ငံရဲ့ ရေအိုးစင်စနစ်ကို တစ်ကမ္ဘာလုံးက တစ်အံ့တစ်သြနှင့် ချီးမွှမ်းကြတာ သဘောကျကြတာ
အားလုံးအသိပါ...။တစ်ခါက ကျွန်တော် မြန်မာနိုင်ငံမှာတုန်းက... နိုင်ငံခြားသားတစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်..။ ပြောဖြစ်တဲ့
နေရာက ပြင်ဦးလွင်မြို့ဆောက်လုပ်ရေးတိုက်တန်းရှေ့မှာပါ...။
        သူကပြောပါတယ်..။ ပြင်ဦးလွင်မြို့ကို သဘောကျကြောင်း မြန်မာလူမျိုးတွေ သဘောကောင်းကြောင်း ဘာညာပေါ့ဗျာ..။
ကျွန်တော်က လည်း မျိုးချစ်စိတ်ငယ်ထိပ်ရောက်နေတဲ့သူဆိုတော့ကြွားတာပေါ့ဗျာ.။အဲဒီခပ်လှမ်းလှမ်းမှာလဲ ရေအိုးစင်လေးတစ်လုံး
တွေ့တာနဲ့ ကျွန်တော်က ရေအိုးစင်အကြောင်းစပြောတာပေါ့ဗျာ...။ပြောရင်းနဲ့ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးပါတယ်..။
အဲဒီရေအိုးစင်က ရေခွက်လေးကို ဘာလို့ သံကြိုးနဲ့ချည်ထားတာလဲ ..တဲ့ဗျာ..။သေရော .. ။  ကျွန်တော် ကလည်း ချက်ခြင်းပဲ ခေါင်း
ထဲပေါ်လာတာ တစ်ခုကို ဖြေလိုက်ရပါတယ်..။ ရေခွက်ကိုပြုတ်ကျမှာစိုးလို့ပါပေါ့...။ သူက အော်ဆိုပြီးတော့ ...ထပ်မေးပါတယ်.။
ရေခွက် ကိုချည်တဲ့ကြိုးက အလေးကြိးဖြစ်နေတဲ့အတွက် ရေသောက်ရမခက်ပေဘူးတဲ့ဗျာ..။ တော်တော် စပ်စုတဲ့လူ.။ဟုတ်ကဲ့ခင်ဗျာ
ကျွန်တော်ကလည်း အကြာကြီးခံအောင်သံကြိုးနဲ့ချည်ထားခြင်းဖြစ်ကြောင်း မုသာဝါဒလုပ်လိုက်ရပါတယ်...။
       အဆောင်ကို ပြန်လာတော့ ကျွန်တော် စိတ်ထဲမှာမကောင်းဘူး..။ တစ်ခုခု မှားယွင်းနေသလိုပဲ.. ဂုဏ်ယူရမယ့်နေရာမှာ

ကံကောင်းလို့အရှက်မကွဲတယ်...။ ကျွန်တော်တို့လူမျိုးတွေတော်ပါတယ်.။ တကယ်ထူးချွန်ပါတယ်..။ ဒါပေမယ့်.................။



Saturday, December 10, 2011

ဂျီတော့ပေါ်က ပုံပြင်လေး တစ်ပုဒ်......

သူဒီနေ့ စိတ်လှုပ်ရှားနေသည်..။ ဒီနေ့ သူ့ချစ်သူနှင့်တွေ့ရမည်မဟုတ်ပါလား..။ချစ်သူက စနေနေ့တွင် အွန်လိုင်းလာမည်ဟု
ပြောခဲ့သည်..။သူ့အတွက် အရာရာဟာ တကယ်ကို ရိုမန်းတစ်ဆန်နေသည်..။ ချစ်သူက ဒီနေ့မှာ သူ့ကို VZO ပြမည်ဟုဆိုသည်..။
ချစ်သူ၏ မျက်နှာကို ပထမဆုံးအကြိမ်မြင်ရတော့မည်..။ သူတွေးရင်းပြုံးမိပြန်သည်..။
မမြင်မစမ်းနဲ့ချစ်မိတာပါ ..ဆိုတဲ့ သီချင်းလေးကိုသွားသတိရမိပြန်သည်..။ ဟုတ်ပါသည်..။ ချစ်သူကို သူမမြင်မစမ်းနှင့်ချစ်မိခဲ့
ပါသည်..။ ဖြူသလား၊ မဲသလား ဆိုတာလည်း မသိရ..။အရပ်ရှည် ၊ အရပ်ပု တာလည်း မမေးဖူးချေ..။ ကုန်ကုန်ပြောရလျှင် ချစ်သူ ကော
သူပါ တစ်ယောက်နှင့် တစ်ယောက် နာမည် အရင်းကို မမေးကြပဲ ချစ်ခဲ့ကြခြင်းဖြစ်သည်..။မည်သို့ပင်ဆိုစေကာမူ ကိုယ့်ကိုယ်ကိုသာပြန်
မေးမိသည်..။ အဲဒါတွေတကယ်အရေးကြီး သလား..။ အဲဒါ တွေက လူနှစ်ယောက်ရဲ့ချစ်ခြင်းအတွက် ဘယ်လို သက်ဆိုင်နေလို့လဲ
ဆိုတဲ့ အကြောင်းပြချက်တစ်ခုသာထွက်လာ စမြဲ...။သူ့ အတွေးများ အတိတ်ဆီကိုပြန့်လွင့်သွားပြန်သည်..။
အဲဒီနေ့ က...။
မှတ်မှတ်ရရ အဲဒီနေ့က သူအင်တာနက်ဆိုင်ထဲမှာ ရောက်နေတုန်း မိုးတွေအရမ်းရွာသည်..။ ပြန်ခါနီးအချိန်ကျမှ ရွာခြင်းဖြစ်
သည်.။ထီးကလည်း မပါလာခဲ့..။ဒီလိုနဲ့သူဆက်ထိုင်ဖြစ်သည်..။ MIRC မှာ ဟိုဟို သည်သည် မွှေနှောက်ရင်း ကောင်မလေးတစ်ယောက်
ကို တွေ့သည်..။အဲဒီကောင်မလေးနစ်နိမ်း(Nick Name) က Chitthu ဖြစ်သည်..။
စိုင်းထီးဆိုင်သီချင်းထဲကလို ရှည်တဲ့ဇာတ်လမ်းချုံ့ရလျှင် ချစ်သူနှင့် သူ နေ့တိုင်းလိုလို ဆုံဖြစ်ကြသည်..။ဆုံရင်းနှင့်ပင်သံယောဇဉ်
တွေ တွယ်မိလာသည်..။ တစ်ယောက် အကြောင်းတစ်ယောက် ကို မမေးမိပါပဲနှင့် တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိသွားကြသည်.။
ဒီလိုနဲ့ သူတစ်ရက်မှာ ချစ်သူကို ဖွင့်ပြောလိုက်မိသည်..။ ချစ်သူက ငြင်းပါသည်..။
“မရဘူးကိုမောင်..တို့မှာကိုမောင်မသိတဲ့ အခက်အခဲတွေရှိလို့ပါ..”
ချစ်သူက မချစ်ဘူး ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့တော့ တစ်ခါမှ မငြင်းပါ..။ဒါကြောင့်သူက လည်းမျှော်လင့်ချက်ရှိရှိဖြင့် ဆက်၍သာတိုး
သည်..။သူတို့ ၂ ယောက် ဖုန်းပြောဖို့ကြံတိုင်းကော်နက်ရှင်ကျသွားတာလား ချစ်သူ က ပဲ မကိုင်ဘဲ ပြန်ချပစ်တာလား မသိပါ..။ချစ်သူ၏
အသံလေးကိုပင် မကြားဖူးပါ..။သို့ရာတွင်..
သူချစ်သူကိုတကယ်ချစ်ပါသည်..။
မင်းအရူးပဲ လို့ ပြောရင်လည်း သူခံလိုက်မည်..။
ရုပ်ကိုလည်း မမြင်ဖူး..။ အသံလည်းမကြားဖူး..။ ဘယ်မှာနေမှန်းလည်းမသိ.။ ရေရေရာရာသိတာဆိုလို့ ကျောင်းသူ ဆိုတာပဲ
သိသည်..။ဒါတွေကို သူဂရုမစိုက်နိုင် ..။တကယ်လို့ ချစ်သူနဲ့သူသာချစ်သူဖြစ်သွားလျှင် ချစ်သူ ဘယ်သူပဲဖြစ်ဖြစ် သူကတော့ သူချစ်
မြတ်နိုးခဲ့ရသည့် ချစ်သူ ဆို သည့်နာမည်လေးကိုပင် အမြတ်တနိုးခေါ်မည်ဟု ဆုံးဖြတ်ထားသည်.။ ချစ်သူ ဘယ်လိုပင်ဖြစ်နေပါစေ.။
ဘယ်လောက်ပင်ရုပ်ဆိုးပါစေ..။ သူချစ်သည်..။ သူ အမှန်တကယ်ပင်လက်တွဲ သွားမည်ဆိုတာ သူ့ရင်ထဲမှာ ဖျောက်ဖျက်ပစ်လို့မရတဲ့
အမှန်တရားတစ်ခုလိုဖြစ်လာသည်..။
နောက်ဆုံးတော့ သူဇွဲဆု ရသွားသည်ထင်သည်..။ မနေ့ က ညနေမှာ ချစ်သူက သူ့ကိုအဖြေပြန်ပေးသည်..။ အဖြေပေးပုံက
လည်း ထူးဆန်းသည်..။မြန်မာစာကို အင်္ဂလိပ်လိုရိုက်ပြီးပေးလိုက်ခြင်းဖြစ်သည်..။ ဥပမာ ချစ်တယ် ဆိုတာကို cspfw,f လို့ရိုက်ပြီးပြော
သွားတာပဲ ဖြစ်သည်..။ သူအရမ်းပျော်သည်..။ အတိုင်းမသိ ပင် ဖြစ်သွားသည်..။ သူ့မျှော်လင့်ချက်တွေ တစ်ပိုင်းတစ်စအကောင်အထည်
ပေါ်လာ ပြီဆိုတာ ကို အလိုလိုသိနေသလို..။ တစ်ခုတော့ရှိသည်..။ချစ်ဖူးသူတိုင်း ခံစားရမည်လားတော့မသိပါ..။ အဖြေရကတည်းက
သူ တစ်ခုခုစိတ်က လေးနေခဲ့သည်..။ တစ်ခုခု မှားယွင်းနေသလိုပင်..။ဒါမှ မဟုတ် သူချစ်သူကိုဆုံးရှုံးသွားမည်ကိုသိပ်ကြောက်နေ၍လား
မသိပါချေ..။ဘာပဲဖြစ်ဖြစ်လောလော ဆယ်က ပျော်စရာအချိန်ဖြစ်သည်..။ သူ့မှာ သူ့ကိုအမှန်တကယ်ချစ်သော ချစ်သူတစ်ယောက်ရပြီ။
သူ၏ နောက်ဆုံး ဘ၀လက်တွဲဖော်အဖြစ်လျာထားသောချစ်သူ တစ်ယောက်ကို ဒီနေ့ တွေ့ဆုံခွင့်ရပြီဟုမှတ်ထင်ထားလိုက်သည်..။
ဒီနေ့အိမ်က အကောင်းဆုံးဝတ်ဆင်ပြီးထွက်လာခဲ့သည်..။ အိမ်မှာလည်း သူနှင့်သိပ်မတည့်သောညီမက ကဂျိုးကဂျောင်
လာလုပ်နေသေးသည်..။ စိတ်ကြည်နေချိန်တွင် ဆူဆူပူပူ မလုပ်ချင်၍သာသည်းခံလိုက်သည်..။ချစ်သူနှင့် အွန်လိုင်းမှာချိန်းထားသည်.က
လေးနာရီတိတိ ဖြစ်သည်..။သူအွန်လိုင်းပေါ်ရောက်တော့ ၃ နာရီ ၅၀ မိနစ်ရှိနေပြီ..။သူစောင့်သည်..။ လေးနာရီတိတိ ရှိသွားပြီ.. ချစ်သူ
ကရောက်မလာသေး..။ သူစိတ်ထင် ကြာမြင့်လွန်းလှသည်..။ လေးနာရီ ၃ မိနစ်..။လေးနာရီ ၅ မိနစ်..။ လေးနာရီ ၁၀ မိနစ်မှာသူမျှော်
နေသည် ချစ်သူရဲ့ အကောင့် လေးက မီးစိမ်းလေး လင်းလာသည်..။
“ ချစ်သူ...ဟုတ်ပါတယ်နော်..”
“ဟုတ်ပါတယ် ကိုမောင်..တို့ ကိစ္စတစ်ခုကြောင့် နောက်ကျသွားတယ်...”
“ဘာကိစ္စကြောင့်လဲ ကိုယ်ကူညီပေးရမလား..။”
မရည်ရွယ်ပဲနဲ့မေးမိပြန်သည်...။ကိုယ်က ပဲ ရင်ခုန်လွန်းအားကြီးနေ၍လားမသိ..။
“ရပါတယ်..အစ်ကိုက တို့စီးနေကျ ဆိုင်ကယ်ကို ယူသွားလို့ပါ...VZO ဖွင့်ပြမယ်လေ..တို့အကောင့်က...”
ရင်ထဲမှာ ဒိတ်ကနဲဖြစ်သွားသည်...။ မနက်ခင်းက ဆောင့်အောင့်နေသောညီမ ၏ မျက်နှာကိုမြင်ယောင်လာသည်..။
ချစ်သူက ပထမဆုံးအကြိမ်အဖြစ်သူ့နာမည်အရင်းဖြင့်ဖွင့်ထားသော VZO အကောင့်ကိုပေးသည်...။ သူအတွေးတွေပို၍သေချာ
သွားသည်..။ဒါဆို... ဒါဆို....။ ဘုရားဘုရား..။ သူဘယ်လိုခံစားရမလဲ ..။ သူချစ်လှပါသည်ဆိုတဲ့ ...မနေ့ကမှ သူ့ကို အဖြေပေးခဲ့တဲ့
ချစ်သူ ဆိုတာ သူ့ညီမ အရင်းတဲ့လား..။ သူ ကွန်ပျူတာရှေ့မှာ ထိုင်ရင်းတွေဝေသွားသည်..။ ဘုမသိဘမသိချစ်မိတဲ့ သူ့အပြစ်တွေ
လား ..။ နေရပ်လိပ်စာ လေးနဲ့နာမည်အရင်းတောင် မမေးပဲ ချစ်မိတဲ့ ယောကျာ်းလေးတစ်ယောက်ရဲ့ ညံ့ဖျင်းတဲ့စေ့စပ်သေချာမှုတွေ
ကြောင့်လား..။
“ကိုမောင့်ဘက်က ခေါ်လိုက်လေ...။”
ခုချိန်ဆို သူ့ညီမက ဟိုဘက်မှာ တစ်ခါမှ မမြင်ဖူးသောချစ်သူကို ပြရန်အတွက်အစွမ်းကုန်လှအောင် ပြင်ဆင်နေတော့မည်..။
မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားလိမ့်မည်..။သို့ရာတွင် သူမျှော်လင့်ထားသောချစ်သူမှာ အိမ်တွင်သူနှင့် စည်းဝါးမကိုက်သော အစ်ကို
ဖြစ်နေမှန်းသူသိလိမ့်မည်မဟုတ်..။ဖြစ်လျှင်သူလည်းဘယ်လိုခံစားရလေမလဲ...။
သူဘာမပြောညာမပြောနှင့်အကောင့်ကို Sign out လုပ်ပြီးထွက်ခဲ့တော့သည်...။ လမ်းတစ်လမ်းလုံးဂယောင်ခြောက်ခြား..။
မျှော်လင့်ထားသမျှ စုတ်ပြတ်ပြုတ်ထွက် သွားသလိုခံစားရပြီးသည့်နောက်..။ သူစဉ်းစားသည် ..။ သူအသည်းကွဲရမည်လား..။
ဒါမှ မဟုတ်စိတ်ညစ်ရမည်လား သူကိုယ်တိုင်ပင်မသိတော့..။ သေချာတာကတော့ သူအိမ်ပြန်ရောက်သောအခါတွင် ..အမည်မသိ
ချစ်သူတစ်ဦး ၏ စွန့်ခွာခြင်းကို ခံလိုက်ရသော ညီမ ၏ မျက်ရည်များကို တွေ့ရပါလိမ့်မည်...။ သူဘယ်လိုဆက်လုပ်ရမည်နည်း.....
သူ့ညီမကိုပင် နှစ်သိမ့်ရမည်လား..။ သူ့ဘာသာပင်စိတ်ညစ်မှုကို ဖြေဖျောက်ရမည်လား...။အတွေးများတွင် ခြာခြာလည်ရင်းပင်....
နောက်ဆုံးတော့သူ့ဘ၀အတွက် သင်ခန်းစာကောင်းကောင်းတစ်ခုကိုရလိုက်တော့သည်.....................................
(ကဲ စာဖတ်သူတို့ဘယ်လိုထင်သလဲ ဒါက ကျွန်တော့ကိုယ်ပိုင် အတွေးလေးတစ်ခုပါ..။ သူဘာဆက်လုပ်ရမလဲ စဉ်းစားပေးကြပါဦး.။
သူ...အိမ်ပြန်ရောက်တဲ့အခါ ဘာဆက်လုပ်သင့်တယ်ဆိုတာကိုပေါ့...)



ဥရောပတိုက်သူတစ်ဦး ပြောပြတဲ့ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုး ဆိုတာ ဒီလိုပါ....

ကျွန်တော်ကျောင်းမှာ သူငယ်ချင်းကောင်မလေး တစ်ယောက်ရှိပါတယ်..။ သူ(မ) နာမည်က နာတာရှာဖြစ်ပါတယ်.။
သူမ က စကားပြောလို့အင်မတန်ကောင်းတဲ့သူငယ်ချင်းတစ်ယောက်ပါ..။ သူမနဲ့ စကားပြောမှ ကျွန်တော်တို့မသိသေးတဲ့ ရုရှားဓလေ့
ထုံးတမ်းတွေကိုသိလာရတယ်..။ ဥရောပ သားတွေရဲ့ အကျင့်စရိုက်နဲ့မှားယွင်းနေတဲ့ အယူအဆတွေကို သူက ကျွန်တော်နဲ့ဆွေးနွေး
ပါတယ်..။ ရုရှားတွေဟာ အပေါ်ယံအေးစက်မာကြောတယ်ထင်ရပေမယ့်..နာတာရှာလို အရှေ့တိုင်းဆန်တဲ့ စိတ်နှလုံးရှိတဲ့သူလည်းရှိ
တာကိုတွေ့ရပါတယ်..။ထားပါတော့ဗျာ...။ သူကလည်းကျွန်တော့်ကို မြန်မာ နိုင်ငံနဲ့မြန်မာလူမျိုးတွေအကြောင်းကိုမေးပါတယ်..။
မြန်မာ ၀တ်စုံကိုလည်းမြင်ဖူးချင်တယ်ဆိုလို့ ကျွန်တော့် ဂန္တ၀င်ဆည်းဆာလေးပုံကို ပြလိုက်ရပါသေးတယ်..(မှတ်ချက်။ ကြော်ငြာဝင်
တာပါ..။) ကျွန်တော် သူ့ကို မေးတဲ့ မြန်မာလူမျိုးများနဲ့ မြန်မာ နိုင်ငံအကြောင်းကို သူသိသလောက် ပြောပြခိုင်းပါတယ်..။
သူကလည်း ၀မ်းသာအားရပဲ ရေးပေးပါတယ်..။သူ့အနေနဲ့ မြန်မာလူမျိုးတစ်ဦးဖြစ်ချင်ကြောင်းလည်းပြောပါတယ်....။
သူပြောတာကို ကျွန်တော်က အကြောင်းအရာကိုချော အောင် ပြန်စီပြီး မြန်မာ ပြန်ပေးထားပါတယ်...။
၁) မြန်မာ နိုင်ငံသည် အလွန်တရာ စိမ်းလန်းလှသောနိုင်ငံဖြစ်သည်..။ ရွှေရောင်အဆင်းရှိသောစေတီတော်များနှင့်
လှပသပ္ပါယ်လျက်ရှိသည်.။(ရုရှားစကားမှာ သပ္ပာတယ်ဆိုတာမရှိဘူးဗျ..။ဘုရားဆိုတော့ လှပတယ်လို့မသုံးချင်တာနဲ့..)
၂)မြန်မာ နိုင်ငံသည်.ပူအိုက်စပ်သောနိုင်ငံဖြစ်သည်..(သူတို့အမြင်ပေါ့ဗျာ..)သို့ရာတွင် မြန်မာလူမျိုးများသည် အမြဲတစေ ပြုံးနေကြ
သည်..။ မိမိ နှင့်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံးပြရန်ဝန်မလေးကြချေ..။
၃) မြန်မာ နိုင်ငံရှိ ကော်ဖီဆိုင်( သူတို့လက်ဖက်ရည်ဆိုင်ကိုမသိပါ..)များသည်..။Bonus နှင့် ၀န်ဆောင်ခ ပေးရန်မလိုသော စားပွဲထိုး
ဝန်ထမ်းများ ရှိပြီး.. စားပြီးသောက်ပြီးမှသာ ပိုက်ဆံကို စားပွဲထိုးကို ခေါ်ယူ၍ရှင်းကြသည်..။(အနောက်တိုင်းတွင်ထိုကဲ့သို့မဟုတ်
ပါ..။များသောအားဖြင့်ကိုယ်တိုင်ယူစနစ်ဖြစ်ပြီး စားပွဲထိုးအား ၀န်ဆောင်ခ သီးသန့်ပေးရလေ့ရှိသည်..ပိုက်ဆံကိုလည်း ပစ္စည်းယူ
ကတည်းက ရှင်းထားရလေ့ရှိသည်..။)
၎)မြန်မာနိုင်ငံသည် သောက်ရေကို အခမဲ့ တိုက်သောနေရာဖြစ်သည်..။မည်သူကိုမဆို ရေတောင်းသောက်နိုင်သည်..။ ရုရှားတွင်ဆေး
လိပ်တောင်းသကဲ့သို့ဖြစ်သည်..။(သူတို့ဆီတွင် လူအချင်းချင်းတွေ့ပါက ဆေးလိပ်တောင်းသောက်လေ့ရှိသည်..။ ရေအိုးစင်ဓလေ့
မှာ အားလုံးသိပြီးဖြစ်သည်..)
၅) မြန်မာလူမျိုးများသည် ပျော်ရွှင်တတ်ပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းတတ်ကြသည်..။အသက်ကြီးရွယ်အိုများကို ဂရုစိုက်သည်
မှာ ရုရှားလူမျိုးများအံ့သြရသည့်အလေ့တစ်မျိုးဖြစ်သည်..(သူတို့ဆီတွင်အသက်ကြီးသောအဘိုးကြီးအဘွားကြီးများလည်း မိမိဖာ
သာလုပ်စားကြရသည်...။မည်သူက မှစောင့်ရှောက်ခြင်းမရှိ..)
၆) မြန်မာလူမျိုးများသည် အရှေ့တောင်အာရှတွင် အင်္ဂလိပ်စကားပြောအကောင်းဆုံးဖြစ်သည်..။(ကျွန်တော် တို့လည်းအကျွမ်းကြီး
တော့မဟုတ်ပါ..။ ဒါပေမယ့် သဒ္ဒါကျကျပြောရာတွင် အခြား ဗီယက်နမ်၊ လာအို၊ ထိုင်း ၊ အင်ဒို အစရှိသည့်နိုင်ငံများကို စာရင်းထဲ
သွင်းစရာမလိုပါ..။အသံထွက်ရာတွင် ဗမာ လျှာသည် မည်သည့်စကားကိုမဆို ပီသအောင်ပြောနိုင်သည်က အားသာချက်တစ်ခု
ပင်ဖြစ်ပါသည်..။)
၇) မြန်မာလူမျိုးများသည် မိမိနှင့်မဆိုင်သည် ကိစ္စများတွင်လည်း အမြင်မတော်လျှင် ၀င်ရောက်တတ်ကြသည်..။(အဲဒါကတော့အစုံပါ
..။ကျွန်တော်တို့ မြန်မာတွေက ဘာပဲ ကူညီရကူညီရ ဖင်ပေါ့ တာကိုသူတို့ ဆရာတွေသိပ်သဘောကျကြသည်..။အဲဒါ ဘယ်လူ
မျိုးမှာမှ မရှိတဲ့ အရည်အချင်းတစ်ခုဖြစ်သည်..။)
၈) မြန်မာလူမျိုးများသည် ကမ္ဘာ့အတော်ဆုံးလူမျိုးများတွင် တစ်မျိုးပါဝင်သည်ကို မယုံနိုင်စရာမရှိ ချေ.....။သူတို့သည် သူများမတွေး
မိသည်ကို တွေးမိ၍ သူများ မမြင်နိုင်သည်ကို မြင်နိုင်သောလူမျိုးဖြစ်သည်...။
၉)ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး နှင့် ၂ကြိမ်မြောက်အရွေးခံရသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဦးသန့်မှာ မြန်မာလူမျိုး
တစ်ဦးဖြစ်ကြောင်းမိတ်ဆွေများ ကပြောပြမှ ကျွန်မ သိ၇သည်...။ထို့အတွက်လည်းအလွန်ပင်အံ့သြမိသည်...။
၁၀)မြန်မာ လူမျိုးများ ၏ အနှစ်သက်ဆုံး စရိုက်များတွင် ကလေးများကို ရင်ငွေ့ပေးသော ဓလေ့ပင်ဖြစ်သည်.။ ရုရှား မှ မိခင်များ
သည် သားသမီးကိုရင်ငွေ့ပေးလေ့မရှိ..များသောအားဖြင့် တွန်းလှည်းဖြင့်တွန်းသွားလေ့ရှိသည်..။ မြန်မာ နိုင်ငံမှ မိခင်များသည်
သားသမီးကို ရင်နှင့်မကွာ ထားလေ့ရှိကြသည်ဟု သိရသည်ကပင်အံ့သြစရာ ဖြစ်နေသည်..။(သူတို့ဆီမှ ကလေးတွန်းလှည်း
ခွေးတစ်ကောင် နှင့် မိခင်များပေါများ သည်..။ထို့ကြောင့် ကျွန်တော်တို့တွေက ကလေးမောင်းခွေးကျောင်း မိခင်များဟု ပြောင်
လှောင်ခေါ်ဝေါ်ကြသည်..။)
၁၁) သူတို့သည် အသက်ကြီးလာသောလူများကို မည်သည့်အလုပ်မှ မလုပ်စေဘဲ အိမ်တွင်အနားယူစေသော အံသြဖွယ်ရာလူမျိုး
တစ်မျိုးဖြစ်သည်..( သူတို့ဆီတွင် မည်မျှအသက်ကြီးနေစေကာမူ မိမိလုပ်မှ မိမိစားရသည်..။ခိုကိုးရာမဲ့ အဘိုးကြီးအဘွားကြီး
များကို မကြာခန မြင်ရသည်..။)
၁၂) မိမိနှင့်ရွယ်တူပင်ဖြစ်စေကာမူ ဆရာမများကို ကြမ်းပြင်ပေါ်ထိုင်၍ ကန်တော့ အရိုအသေပေးတတ်သူများဖြစ်ကြသည်..။
၁၃) မြန်မာနိုင်ငံ၏ပွဲတော်များသည် ဘာသာရေးနှင့်ဆက်စပ်နေသည်သာများသည်..။ထို့ကြောင့် ကောင်းမှုတစ်ခုခု လုပ်ပြီးမှ ပျော်
      ကြသည်များသည်.။
၁၄) မြန်မာစကားသည် စကားပြောရာနှင့် စာရေးသားရာတွင် ၂မျိုးကွဲပြားနေသော ခက်ခဲသည့်ဘာသာရပ်တစ်ခုဖြစ်သည်...။
မည်သည့်နာမ်၊ နာမ်စား များကို ရှေ့နောက်ထားစေကာမူ မြန်မာ အားလုံးက နားလည်ကြသည်..။
၁၅)မြန်မာနိုင်ငံရှိအခြေခံပညာကျောင်းများမှ ဆရာ ဆရာမများသည်..ကျောင်းသားများကို ချစ်သောစိတ်ဖြင့် ရိုက်နှက်ဆုံးမလေ့ရှိ
ပြီး..။ကျောင်းသားများကလည်း ကျေနပ်စွာခံယူ လေ့ရှိသည်..။(ကျွန်တော်အံ့သြရတဲ့ သူတို့ဆီက စရိုက်က ကျောင်းသားကို ရိုက်
နှက်ဆုံးမလေ့မရှိပါ...၊ မြန်မာနိုင်ငံကကဲ့သို့ ဘုရားနှင့်နှိုင်းတစ်ဂိုဏ်းတည်းထားတဲ့ အပြုအမူမျိုးလည်းမရှိပေ..။လခပေးလို့လာသင်
နေသော ၀တ်ကြေတမ်းကြေဆက်ဆံမှုသာရှိသည်..။သို့ရာတွင် တာဝန်ကိုကျေအောင်တော့လုပ်သည်ကိုတော့ သိရပါသည်...။)
၁၆)မြန်မာ များသည် တစ်ဦးနှင့်တစ်ဦး လုံးထွေးသတ်ပုတ်ရာတွင်လည်း အင်မတန်ပင်ရဲရင့်သောလူမျိုးများဖြစ်သည်..။လုံးထွေးခြင်း
ကိုရှောင်ရှားကြပြီ..။အနီးကပ်စေ့စေ့ကြည့်၍ သဲကြီးမဲကြီးတိုက်ခိုက်ကြခြင်းဖြစ်သည်..။(ဒါကတော့ ဟိုတစ်ခေါက်တုန်းက
ဗမာ့လက်သံကို သူမြင်သွားပုံရပါတယ်..။သူတို့ တိုက်ခိုက်ပုံက နပမ်းကို အားသန်ပုံရပါသည်..။ဝင်ရောက်ခုန်အုပ်လုံးထွေးခြင်း
ဖြစ်သည်..။)
၁၇)မြန်မာ လူမျိုးများသည် တစ်ခြားသူများအပေါ်ရက်ရောကြသူများဖြစ်သည်..။ မကြာခဏ ကျွေးမွေး လေ့ရှိသည်...။ဟိုဟိုသည်သည်
ပစ္စည်းများကိုလည်း ပေးလေ့ရှိကြသည်..။
ကျွန်တော် ဆက်ရေးခိုင်းတော့ နာတာရှာက မသိတော့ ဘူးလို့ပြောပါတယ်..။ သူက ဒါတွေကိုဘယ်လိုသိနေရသလဲ
ဆိုတော့.. ကျွန်တော်တို့ စကားပြောရင်းနေတိုင်းပြောဖြစ်ခြင်းဖြစ်ပါသည်..။ ကျွန်တော်က ၄ ထပ်မှာနေသည်..။သူက ၇ ထပ်မှာနေပါ
သည်..။ သူ့အနေနဲ့မြန်မာတွေကို မြင်နေပါလိမ့်မည်...။စာသင်ခန်းတွင်လည်း ဆရာမတချို့က မေးမြန်း၍ပြောပြသော မြန်မာနိုင်ငံ
အကြောင်းများကိုလည်း တအံ့တသြနားထောင်မိပါလိမ့်မည်..။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နှင့်ကွဲပြားသောအချက်များကို
သူမ နှင့်ဆွေးနွေးမိကြသည်...။ကျွန်တော်တို့ကလည်း စိတ်ကြီးဝင်မိသည့်အားလျော်စွာ မြန်မာ့ပွဲတော်များကိုစာသင်ခန်းများမှာ
လုပ်ကြတိုင်း ဆရာမ များကို ကျွန်တော်တို့ မြန်မာနိုင်ငံ ကဘယ်လိုဘယ်လိုရှိတယ် အစရှိသဖြင့် ဂုဏ်ယူစွာ ပြောခဲ့ခြင်းကြောင့်
လည်းဖြစ်ပါလိမ့်မည်..။
ကျွန်တော် တစ်ချို့စာတွေ ဖတ်ဖူးပါတယ်..။ မြန်မာလူမျိုးဖြစ်ရတာတောင်ရှက်သည် အစရှိသဖြင့် ဖြစ်ပါသည်..။ ကျွန်တော်
ကတော့ မြန်မာ လူမျိုး ဖြစ်ရတာ ဘယ်တုန်းက မှ မရှက်ခဲ့ပါ..။ကမ္ဘာကြီး ၏ မည်သည့်နေရာ ပင်ရောက်နေပါစေ ..။ ကျွန်တော်သည်
မြန်မာ နိုင်ငံသား မြန်မာလူမျိုးတစ်ဦးဖြစ်သည် ဆိုသည် ကို အမြဲတမ်းဂုဏ်ယူ ၀ံ့ကြွားစွာ ပြောနေဦးမည်ပင်ဖြစ်ပါသည်..။
မည်သည့်အတွက်မှ ဂုဏ်ငယ်နေစရာ မလိုပါ..။သူတို့သည် နိုင်ငံကြီးသားများဖြစ်သည်..။သို့ရာတွင်....
-မိမိတို့လောက် အင်္ဂလိပ်စာ မကောင်းသူ အများကြီးပင်ဖြစ်သည်..။
-မိမိတို့လောက် လိမ္မာပါးနပ်မှုမရှိသူ အများကြီးပင်ဖြစ်ပါသည်..။
-ကွန်ပျူတာ ပိုင်းဆိုင်ရာတွင် မိမိတို့ထံ အားကိုးတကြီး အကူအညီတောင်းနေရသူတွေလည်း အများကြီးပင်ဖြစ်ပါသည်..။
-ကုန်ကုန်ပြောကြပါစို့ မိမိတို့ ထဲမှ အချို့သည်.. သူတို့လူမျိုးများပင် အနည်းငယ်သာတက်ရောက်ခွင့်ရသည် အတန်းများတွင် နံပတ်
၁ ၊ ၂  အစရှိသည့်နေရာများတွင်တက်ရောက်ပြီးသူတို့လူမျိုးများကိုပင် စာပြန်သင်နေသောလူများပင်ရှိပါသည်...။
မေးခွန်း....။  မြန်မာလူမျိုးတွေ တကယ်ပဲ ညံ့ခဲ့ပါသလား.....?
အဖြေ......။  အတိအကျဖြေလိုက်ပါ့မယ်....ကမ္ဘာမှာ မြန်မာဟာ ဘယ်တော့မှ မညံ့ခဲ့ပါဘူး....အတော်ဆုံးဆိုတဲ့နိုင်ငံထဲမှာ
မြန်မာ လူမျိုးတွေက ထိပ်ဆုံးကပါ.........................................................။



ရထားပေါ်က အမှတ်တရ....

           ရထား..။
         ကျွန်တော်တို့ အားလုံးရထား စီးဖူးကြသည်..။
         ခြေညောင်းလက်ဆန့်  လူပင်ပန်းသက်သာသောကြောင့် အရေးကြီးခရီးစဉ်များမှ အပ ရထားကိုစီးကြသည်...။
       ကျွန်တော်သည် ရထား အရေး မပါသောမြို့တစ်မြို့ဖြစ်သည့် တောင်ပေါ်မြို့ ပြင်ဦးလွင်ဇာတိဖြစ်ပါသည်..။ ပြင်ဦးလွင်တွင်
ကုန်တင်ခြင်းမှ အပ ရထားကို စီးလေ့စီးထ မရှိကြပါ..။ အဝေးပြေးလိုင်းကားမျိုးစုံ ဖြင့် သွားလာရအဆင်ပြေသောမြို့ဖြစ်သောကြောင့်
ဖြစ်ဟန်တူပါသည်...။ထို့ကြောင့် ကျွန်တော် ရထားကို ငယ်စဉ်အခါက မစီးခဲ့ဖူးပါ...။ကျွန်တော်၇ထားစစီးဖူးသောအချိန်သည်
ကျောင်းပြီးသောအခါမှ တာဝန်ကျရာနေပြည်တော်သို့ သွားသောအခါတွင်မှ ရထားကိုစတင်စီးဖူးခြင်းဖြစ်ပါသည်...။
        ရထားစီးရာတွင် လူမျိုးစုံ အဆင့်အတန်းမျိုးစုံတို့ဖြင့်တွေ့ကြုံ ဆက်ဆံရသည်..။ ပြည်သူနှင့်တ စ်သားတည်းဖြစ်သည့် ပြည်သူ့သား
တစ်ဦးဖြစ်သည့်အတွက် သူတို့၏ ဘ၀မျိုးစုံကို ရင်းနှီးကျွမ်းဝင်ရှိအောင် လေ့လာရာတွင်ရထားသည် ကျွန်တော် ၏ အားထားရာ တစ်ခု
ဖြစ်လာခဲ့ပါသည်..။ယာယီတာဝန်ဖြင့် သွားရာတွင်ဖြစ်စေ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ခရီးထွက်ခွာရာတွင်ဖြစ်စေ ရထားဖြင့် သွားလာ
ရခြင်းကိုကျွန်တော် နှစ်ခြိုက်မိသည်..။ အမျိုးမျိုးသော လူများနှင့် အတူ စကားပြောမည် .. ။ သူတို့ပြောသောစကားများကိုနားထောင်
မည်..။ သူတို့ ၏ အခြေအနေဘ၀များကိုကျွန်တော် သိခဲ့ရသည်..။
         တဖန်ရထား စီးခြင်းမှ ကျွန်တော်ပညာ များစွာရရှိခဲ့သည်..။မိတ်ဆွေသင်္ဂဟ များစွာဖြင့်လည်းဆုံဆည်းခဲ့ရသည်..။(ကျွန်တော်၏
စာပေလောကတွင် လက်ဦးဆရာ ဟုပြောရမည့် စာရေးဆရာမ ပင်မြင့်စံ(ရွှေဘို) ကိုလည်း ကျွန်တော်နေပြည်တော်ဘူတာတွင်စတင်
ရင်းနှီးမိခြင်းဖြစ်ပါသည်...။) မြန်မာလူမျိုးတို့၏ ခင်ရာဆွေမျိုး ၊ ရောက်လေရာအရပ်တွင်မိတ်ဆွေဖွဲ့တတ်ခြင်းကို ရထားပေါ်တွင်အများ
ဆုံး တွေ့ရှိရသည်ဟု ဆိုက မမှားနိုင်ပါချေ...။ မကြုံဖူးသော အတွေ့အကြုံသစ်များ ၊ မတွေ့ဖူးသော အဖြစ်အပျက်များ ၊ မသိသေး
သော အကြောင်းအရာများကိုလည်း တွေ့မြင်ခဲ့ ရရှိခဲ့ဖူးသည်...။
         ၂၀၁၀နှောင်း ပိုင်းက ဖြစ်ပါသည်...။
         ခန့်မှန်းခြေ ပြောရလျှင်နိုဝင်ဘာ.လောက်က ဖြစ်မည်ထင်ပါသည်..။(ကျွန်တော့်ဒိုင်ယာရီစာအုပ်အဟောင်းမှာ အိမ်တွင်ကျန်
နေခဲ့ခြင်းကြောင့် ရက်စွဲ အတိအကျ ဖော်ပြမပေးနိုင်သည်ကိုနားလည်ပေးပါရန်..)ကျွန်တော် ယာယီတာဝန်တစ်ခု ဖြင့် မန္တလေးသို့
လာရသည်..။ကိစ္စ ၀ိစ္စများ ပြီးသော အခါ မွေးရပ်မြေသို့ နေ့ချင်းပြန် သွားခဲ့ပါသည်..။အိမ်မှာ အမေနှင့်အဖေကို ကန်တော့ ၍ ပြန်ခါ
နီးတွင် ကျွန်တော့် ဂန္ဒ၀င်ဆည်းဆာ လေးထံ နှုတ်ဆက်ရန်သွားခဲ့ပါသည်...။
         သူ့အိမ်ကိုရောက်တော့ သူ့မေမေမှ အထုပ်တစ်ထုပ်ဖြင့် ကျွန်တော့်အားကန်တော့စေပါသည်...။(ကျွန်တော်နှင့်သူမှာကျောင်း
နေဘက်ဖြင့်လင့်ကစား သူ့ကိုကျွန်တော် ကွန်ပျူတာ၊သင်ပေးခဲ့ဖူးသည်..မေတ္တာဒါနပေါ့ဗျာ...:P )
         “ နင့်အတွက် အနွေးထည်ဝယ်ထားတာ ..တစ်ခါတည်းဖောက်ဝတ်ကြည့်ဦးလေ...”
     ကျွန်တော်ကလည်း သူ့စကားကို နားထောင်သူဖြစ်ရာ သူပြောသည့်အတိုင်းပင်လိုက်နာရပါသည်...။
          “ လိုက်တယ်...ပိုခန့်သွားသလိုပဲ..”
         “ အမယ် ..နဂိုရှိလို့ နဂိုင်းထွက်တာပါဟာ...ဒါပေမယ့် နင်ဝယ်ပေးတာက အထူကြီးပဲ.. နေပြည်တော်မှာနေဒီလောက်ပူတာ
ငါက ဘယ်မှာသွားဝတ်ရမလဲ..”
         “ အာ ခုပဲဆောင်းဝင်တော့မယ်.. ချမ်းရင်ဝတ်ပေါ့.. ပြီးတော့ နင်ပြန်လာရင်လည်း ၀တ်လို့ရတာပဲ..”
       “ အဲဒါတွေ..သိပါတယ်..အမြင်ကတ်လို့ တမင်ကတ်ပြောနေတာ...”
      သူက လက်သီးကိုဖွဖွဆုပ်ကို ထုဟန်လုပ်ပြပါသည်..။သူမကို မကြာမီသင်တန်းဖြင့်ပြန်လာရမည်ဟု ကတိပေးပြီး ကျွန်တော်နှုတ်
ဆက်ပြီး ပြန်လာခဲ့ပါသည်..။ မန္တလေး မှ အပြန်တွင် ကျွန်တော်ထုံးစံအတိုင်းရထားစီးပါသည်...။ ကျွန်တော့် ခုံဘေးတွင် ရဟန်းတော်
တစ်ပါး..။ကျွန်တော့်ရှေ့တည့်တည့်တွင် သား အမိနှစ်ဦး..။ ကလေး မလေးမှာ ၉ တန်း ဆယ်တန်းအရွယ်ဖြစ်ပါသည်..။
       ကျွန်တော်ရထားစီးလျှင် အရပ်ဝတ်ဖြင့်သာစီးလေ့ရှိပါသည်..။ ယူနီဖောင်းဖြင့်စီးလျှင်. မိမိ၏အသွားအလာ အနေအထိုင်ကို
အထူးဆင်ခြင်ရပါသည်..။ ပြည်သူများ အထင်အမြင်သေးစေသည့် မိမိဂုဏ်သိက္ခာကျဆင်းစေသည့် အပြုအမူမျိုးဖြစ်သွားပါက မိမိ
အတွက်ရော မိမိ အလုပ်အတွက်ပါမကောင်းသောကြောင့်ဖြစ်ပါသည်..။(အရပ်ဝတ်ဖြင့်စီး၍ ဖြစ်သလိုနေမည်ဆိုသောစိတ်တော့ မရှိ
ပါ..။ မတော်တဆ မိမိ သတိမထားမိသောအမှားမျိုးရှိနိုင်ကြောင်း ယူဆမိ၍ဖြစ်ပါသည်...။)
       ခရီးစဉ်စထွက်တော့ ကျွန်တော်က ရွှေတောင်ကုန်းရိပ်သာထွက်ပီပီ ရဟန်းတော်များကို ကြည်ညိုတတ်သည့်အားလျှော်စွာ
မိမိကိုယ်ကိုယ် မိတ်ဆက်ပါသည်...။ဘုန်းဘုန်းမှ ရန်ကုန်သို့ကြွရန်ဖြစ်ကြောင်းမိန့်တော်မူပါသည်...။(ကျွန်တော်စီးသောရထားမှာ
မန္တလေး-ရန်ကုန် အစုန်ရထားဖြစ်ကြောင်းပါ..)ဆက်လက်၍ ဘုန်းဘုန်းနှင့်ကျွန်တော် အပေးအယူမျှနေစဉ် ရှေ့မှ မိခင်ဖြစ်သူက
လည်း ကျွန်တော်တို့စကားဝိုင်းထဲ ၀င်လာပါသည်..။
       “  ကျွန်မ တို့က တောင်ငူကို ပြန်မလို့ပါ..စစ်ကိုင်းက အမေဆုံးလို့လေ...အဲဒါစစ်ကိုင်းက ပြန်လာတာ..”
       “ သြော်..သြော်..”
       သူတို့အတွက် သက်ပြင်းချမိပါသေးသည်..။ ဒီခရီးကသူတို့အတွက်တော့ အပူခရီးပေပဲ ..။
      “ ဒကာလေးက ဘုရားတရားအကြောင်း အတော်သိသားပဲ .. မင်းတို့ အရွယ်တွေ..ခုခေတ် သိပ်စိတ်မ၀င်စားကြတော့ဘူးနော်..”
      “ မှန်ပါ့ဘုရား.. တပည့်တော်က ကိုရင်တစ်ခါတစ်ခါ ၀တ်ရင် .. ၂၈ ရက် တစ်လ ၀တ်တာဘုရား.. တပည့်တော်ရဲ့မိခင်ကလည်း
ငယ်ငယ်ကတည်းက ပရိတ်ကြီး (၁၁) သုတ်တို့ဘာတို့ကို နှုတ်တိုက်ချပေးထားတယ်ဘုရား..”
     “ သြော်..သြော် ..တော်တဲ့ အမေ ပေပဲ..”
        ကျွန်တော်ပြောရင်းပင် အမေ့ကိုသတိရမိပါသည်..။စောစောက မိခင်ပြောသည့် သင်္ခါရတရားများနှင့်ဆက်စပ်ကာ.သက်ပြင်း
ခိုးချမိပါသည်..။ဆယ်တန်းပြီး ကတည်းကကျွန်တော်သင်္ကြန်ရောက်တိုင်းဝစီပိတ် တရားစခန်းများ အမေနှင့်အတူ ၀င်ခဲ့သည့်အကြောင်း
များတွေးမိပါသည်..။ တရားစခန်းနားမှာ မဏ္ဍပ်ထိုးထား၍ တရားထိုင်ရာတွင်စိတ်ပျံ့လွင့်ကြောင်းတွေ ပြန်မြင်မိသည်..။
       “ အင်း..ဟင်း.. အမေ.”
       မျက်နှာချင်းဆိုင်က ကလေးမလေးက ညည်းငြူလာသည်..။ မိခင်က နဖူးကိုစမ်းရင်းကျွန်တော်တို့မမေးပါပဲနှင့်ဆိုသည်...။
       “ ကျွန်မ သမီးက သူ့အဖေ ရှိတဲ့ ရွှေတောကိုသွားရင်းနဲ့ ငှက်ဖျားမိလာခဲ့တာလေ..ဒုက္ခပါပဲ ရှင်..အဖျားတက်လာပြီထင်တယ်.”
         ကျွန်တော်ငှက်ဖျားတက်တာကိုတစ်ခါမှ မမြင်ဖူးပါ.. ကလေးမလေးကတော့ တစ်ဆက်ဆက် တုန်ရင်းညည်းငြူနေသည်..။
ဇာတ်ကားတွေထဲမှာ ကျော်ဟိန်း ငှက်ဖျားတက်ရင်း ဂန့်သွားတာကြည့်ဖူး၍ စိုးရိမ်မိသည်ကတော့အမှန်ပါ...။
       “ဘယ်လိုလုပ်ကြမလဲ.. ဒါဆိုရင်.”
       ဘေး ကလမ်းဟိုဘက် က ခုံမှ လူကြီးတစ်ယောက် ..
      “ ခနနေ မုန့်သည်လာမှာလေ အဲဒီအခါ လေးပက်ပြားတစ်ပြားလောက်တိုက်လိုက်... သက်သာသွားလိမ့်မယ်...”
      ကျွန်တော်ကလည်း ဒုံးဝေးသည်..။
       “ လေးပက်ပြားဆိုတာ ... အရက်ကိုပြောတာလား..”
       “ ဟုတ်ပ မောင်ရာ.. အာမီရမ်ရှိရင်ပိုကောင်းမယ်..ဒါပေမယ့် ဒီရထားပေါ်မှာတော့ ဂရမ်းတွေပဲရှိမယ်..”
      “ အာ အရက်ကတော့...”
         ကျွန်တော် တွေဝေသွားပါသည်.. ။ ဘေးက ဘုန်းဘုန်းကတော့ အားပေးချင်ပုံမရပါ.. ။ ရဟန်းတော်များအဖို့ ဘေးကြပ်နံကြပ်
ကိစ္စတွေရှိသည်မဟုတ်ပါလား..။ ယခု အချိန်မျိုးတွင် ဘုန်းဘုန်းနှုတ်ဆိတ်နေခြင်းသာ အမှန်ဆုံးဖြစ်ပါသည်..။
           ရထားက နေပြည်တော်ဝင်ခါနီးနေပါပြီ..။ တပ်ကုန်းနားက MRTV အဆောက်အုံကိုတောင် မြင်နေရပြီဖြစ်သည်..။
ရှေ့ကမိခင်ဖြစ်သူ ကတော့သူ့သမီးလေးကို ပြုစုတုန်း..။
           “ နေပြည်တော်မှာ နားရင်နားလိုက်ပါလား.. ပြီးမှ ရထားဆက်စီးပေါ့...”
       “ ရပါတယ်ရှင် နားနေရင်လည်း ကရိကထများဦးမှာပါ... ဒီအတိုင်းပဲ ဆက်စီးသွားလိုက်မယ်.. တောင်ငူမှာက မြို့ခံဆိုတော့..
ဟိုရောက်မှပဲ သူ့ကို နားခိုင်းလိုက်ပါ့မယ်... ”
      မိခင်ကလည်း ကျွန်တော့်ကိုအားနာ၍သာပြောနေရသည်... သူ့သမိးလေးကတော့ တုန်သထက်တုန်နေသည်....။
      ဘေးနားကလူတွေကလည်း .. ဆေးလာပေးသူပေး.ရေနွေးကြမ်းလာပေးသူကပေးပါသည်...။ထိုမျှလောက်နှင့် သူမမနွေးထွေး
နိုင်မှန်းကျွန်တော်သိပါသည်....။ ခုလိုအချိန်အခါမှာ ဘယ်သူမှ အနွေးထည်ယူမလာဘူးဆိုတာလည်းကျွန်တော်သိပါသည်...။
ကျွန်တော့်အထင်မမှားလျှင် ဒီတစ်တွဲလုံးမှာ အနွေးထည်ပါသူ ကျွန်တော် တစ်ဦးတည်းသာရှိလိမ့်မည်..။သို့ရာတွင်...။
          ကျွန်တော် တကယ်ပဲချီတုံချတုံဖြစ်နေပါသည်...။  ချစ်သူကိုယ်တိုင် နဖူးနှင့် ခြေဖမိုးထိမတတ်ကန်တော့ခဲ့သည့် အကျီင်္လေး
ကိုကျွန်တော် ပေးရမည်လား...။
          သူတို့သားအမိကိုကြည့်တော့လည်း သာမာန်အောက်ခြေလူတန်းစားများဖြစ်ဟန်တူပါသည်....(ကျွန်တော်မှာလည်းချမ်းသာ
သူမဟုတ်ပါ...။သို့ရာတွင် မိမိထက်နိမ့်ကျသူကို အမြဲတမ်းကြည့်ရှုရမည်ဟူသော ဖခင်၏ သြ၀ါဒကို ရင်ဝယ်ပိုက်ထားသူဖြစ်ပါသည်.)
         ကျွန်တော် အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်...။ ကျောပိုးအိတ်အတွင်းမှ ဖောက်ပြီးသားပါဆယ်ထုပ်ကလေး
အတွင်းမှ အနွေးထည်အသစ်ကလေးကို (သူတို့မမြင်အောင် )ထုတ်လိုက်ပါသည်..။
       “ ရော့ရော့ .. ဒီအနွေးထည်ဝတ်ထားရင် အဆင်ပြေမယ်ထင်တယ်....”
       မိခင်ဖြစ်သူမှာ ၀မ်းသာသွားဟန်တူသော်လည်း ...။ အားနာ စွာဖြင့်ပင်ငြင်းပယ်ပါသည်...။
       “ မဟုတ်တာ ကလေးရယ်... မယူပါရစေနဲ့.. အန်တီတို့လည်းတော်ကြာရောက်တော့မှာပဲဥစ္စာကို...”
       “ ရပါတယ်အန်တီ...နေပြည်တော်မှာ အနွေးထည်မလိုမှမလိုပဲ.. ကျွန်တော် ကအိမ်ကအဟောင်းလေးတွေယူလာတာပါ..
 ကျွန်တော် ကလက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပေါ့ ဗျာ...ပြီးတော့ ရော့...”
        အိမ်မှ ထွက်လာတုန်းက အမေ ထည့်ပေးလိုက်သော ငွေရှစ်သောင်းထဲမှ.. သုံးသောင်းကို ထုတ်ကာ ပေးလိုက်ပါသည်..။
       “ အန်တီ့ အမေ အတွက်အကူငွေနဲ့ ညီမလေး ကိုဆေးကုဖို့ကျွန်တော်လှူပါတယ်အန်တီ...”
       ဒီတစ်ခါ မိခင် ဖြစ်သူ မငြင်းနိုင်တော့ပါ..။မျက်ရည်များပင်ဝဲတက်လာပါသည်..။
       “ ကျေးဇူးတင်ပါတယ်. ..သားရယ်...အန်တီ..”
      သူမ စကားဆက်မပြောနိုင်ပါ.. ။ ကျွန်တော်သည်လည်း အနုပညာသမားပီပီ စိတ်မခိုင်သူဖြစ်ရာ.. ခေါင်းကိုငုံ့နေရပါသည်..။
ရထားကတော့ နေပြည်တော်ဘူတာကို ၀င်နေပါပြီ...။
       “ အန်တီ.. ဒါက ကျွန်တော့် ရုံးဖုန်းနံပတ်ပါ.. ပြန်ရောက်ရင် အခြေအနေကို ကျွန်တော့်ဆီ ဖုန်းဆက်ပါဦးနော်... ကျွန်တော့်နာ
မည် မိုးသက်ပါ...”
         ကျွန်တော် သူတို့ကို ပြောရင်း ပေါ့သွားသော ကျောပိုးအိတ်ကိုလွယ်လိုက်ပါသည်...။
       “ သားရယ်ေ တာင်ငူကိုရောက်ရင် အိမ်ကိုဝင်လာပါဦး..”
       ကျွန်တော့်ကိုသူတို့လိပ်စာကို ပြာပြာသလဲ ရေးပေးပါသည်...။
       “ သွားပါဦးမယ် အန်တီ.. အစစအရာရာ အဆင်ပြေပါစေဗျာ... ဘုန်းဘုန်း တပည့်တော်ကြွတော့မယ်ဘုရာ့.. အဲ..”
       ဆင်းခါနီးမှ ကျွန်တော် စကားမှားသွား၍ ဘုန်းဘုန်းနှင့် ဘေးနားမှ ကြားသူအချို့ရယ်ကြပါသည်...။ ကျွန်တော်မှာလည်း ရှက်
ရှက်ဖြင့်..ဘူတာရောက်သောအခါဆင်းလာခဲ့ပါတော့သည်...။ဘူတာမှာ တပည့်ကျော် ကျော်လင်းက အဆင်သင့်ဆီးကြိုနေပါသည်.။
      “ ဗိုလ်ကြီး မျက်နှာပြုံးလို့ပါလား ဘာတွေပီတိဖြစ်လာတာလဲ .. ဧကန္တ ကောင်မလေး နဲ့ပြင်ဦးလွင်မှာလည်လာတယ်ထင်တယ်..”
  သူ့အမေးကိုကျွန်တော် မဖြေမိပါ...။ ကျွန်တော်ဘာကြောင့်ပြုံးတာကိုကျွန်တော်သာသိပါသည်..။
       ချစ်သူရဲ့ အမှတ်တရ လက်ဆောင်ကို ကျွန်တော်သိပ်ကြိုက်ပါသည်.. ။ ကြိုက်သည်ဆိုတာထက် ကျွန်တော်သူပေးသောပစ္စည်း
မှန်သမျှကို (အတိုအစမှန်သမျှ) မြတ်နိုးစွာသိမ်းထားလေ့ရှိပါသည်...။ အခုနောက်ဆုံးပေးခဲ့သည်.. အနွေးဂျာကင်လေးကိုလည်းကျွန်
တော်..ဂုဏ်ယူစွာဝတ်ဆင်ရန်ဆန္ဒရှိမိခဲ့ပါသည်...။ သို့ရာတွင် ကျွန်တော့်ဂျာကင်လေးမှာ ရန်ကုန်-မန္တလေး အစုန်ရထားနှင့်အတူ
တောင်ငူမြို့သို့ ပါသွားခဲ့ပါပြီ...။ဒီအတွက် ချစ်သူမှ ငြူစူလျှင်လည်းခံရပါမည်..။ သို့ရာတွင် သူမသည်လည်း ပြည်ချစ်သားတစ်ဦး၏
ပါရမီ ဖြည့်ဖက်လောင်းလျာတစ်ဦးပီပီ.. ကျွန်တော့်ကိုနားလည်လိမ့်မည်ဆိုတာကျွန်တော် အလိုလိုသိပါသည်...။
      ကျွန်တော် တပ်ပြန်ရောက်ပြီးနောက်ရက်မနက်မှာတောင်ငူမှ အားလုံးအဆင်ပြေကြောင်းဖုန်းဆက်ပါသည်..။ ကျွန်တော့်ကိုလည်း
အလွန်ပင်ကျေးဇူးတင်ကြောင်း ..၊ တောင်ငူသို့ရောက်လာပါက မည်သည့်အချိန်ပင်ဖြစ်စေ လာရောက်ပါရန် .၊ ပြောပါသည်...။
   ဒီခရီးသည် ကျွန်တော့်အတွက် သမားရိုးကျ ရထားစီးခရီးစဉ်တစ်ခု ဖြစ်ပါသည်..။ သို့ရာတွင်..ဘ၀တွင် အဖိုးမဖြတ်နိုင်သည့်
ပီတိ တစ်မျိုးကို ရရှိခဲ့သည့် ဘယ်တော့မှ မမေ့တော့မည့်ရထားခရီးတစ်ခု ဖြစ်ကြောင်းပါခင်ဗျား.....။



        



လူရယ်လို့ဖြစ်လာရင်...(လူသားတစ်ဦးရဲ့တာဝန်ကျေပွန်လိုသော လူသားများအတွက်..)

၂၆-၅-၂၀၁၀ ..။   မှတ်မှတ်ရရ အဲဒီနေ့ က ဗုဒ္ဓဟူးနေ့....။
အဲဒီနေ့က ကျွန်တော်တာဝန်မှူးကျသည်..။ အချိန်က ည ၁၀ နာရီထိုးလုနီးပါပြီ..။
         တာဝန်မှူးတစ်ယောက်ရဲ့ဝတ္တရားများအတိုင်း .တပ်ရင်းအိမ်ထောင်သည်လိုင်းခန်း များ..ကြက်ခြံဘက်ကို တပ်ရဲ ၂ ယောက်
တပ်ရဲတပ်ကြပ်ကြီးတစ်ယောက်.အပါအ၀င် တာဝန်ကြပ်ကြီးတစ်ယောက်နှင့်လိုက်လံစစ်ဆေးပါသည်..။ ကြက်ခြံ အမှတ်(၂) ပြီးတော့
မပြီးပြတ်သေးသော ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့်.ဂျီအီးအလုပ်သမားတန်းလျား..။
          ဂျီအီးတန်းလျားရောက်တော့ အလုပ်သမား ခေါင်းဖြစ်သည့် ဦးခင်ဇော်မှ ဆီးကြိုပါသည်..။
             “ အော် ဗိုလ်ကြီးတို့ ကြွပါခင်ဗျ..။”
        “ နေခင်းက ဒီမှာ ဧည့်သည်တွေရောက်တယ်ဆို...”
       “ ဟုတ်ကဲ့ ဗိုလ်ကြီး.ရောက်ပါတယ်ခင်ဗျ လင်မယားနှစ်ယောက်နဲ့ ကလေး ၂ယောက်ပါပါတယ်.”
       “ဧည့်စာရင်းရောတိုင်ပြီးပြီလား..”
         “ဟုတ်ကဲ့ ဧည့်စာရင်းက တိုင်မလို့ပါ ညနေက သူတို့လည်း ပျဉ်းမနားဘက် သွားတာနဲ့ မတိုင်ဖြစ်လိုက်ဘူး.အဲဒါမနက်ကျမှ
 တိုင်မလို့ပါ..”
       “အင်း ..ဒါဆိုရင်လည်း အခု ကျွန်တော်တို့ကိုစာရင်းပေး..ဆရာ မြင့်သူ အဲဒီ ဧည့်သည်တွေကို စာရင်းယူလိုက်ပါဦး..”
       ကျွန်တော့်စကားအဆုံးမှာ ဆရာ မြင့်သူက ဧည့်သည်နှစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါသည်..။
      အခန်းထဲမှ အိပ်မှုံစုံမွှား ဖြင့် လင်မယားနှစ်ယောက်ထွက်လာသည်..။ အသက် ၁၂ နှစ်ခန့် ကလေးမလေး ၁ ယောက် ၇ နှစ်ခန့်
ကလေးမလေး တစ်ယောက်ပါထွက်လာသည်..။
       ဆရာ မြင့်သူက လိုအပ်သည့်အချက်အလက်များမေးသည်..။
      “ နာမည်..”
    “ဆန်းမြင့်ပါဆရာကြီး..”
     “ မှတ်ပုံတင်နံပါတ်က ..”
    “../---(နိုင်)------”ပါ ဆရာကြီး ”
   “ဟုတ်ပြီ ခင်ဗျားမှတ်ပုံတင်ပြပါ...”
    စစ်ဆေးချက်များ မှန်မမှန် ပြန်တိုက်စစ်ဆေး ခြင်းဖြစ်ပါသည်..။
    “ ခင်ဗျား မိန်းမ နာမည်က ......”
    “ အ၀င်းပါ ဆရာကြီး...”
    အမျိုးသမီးက ဘေးမှ ၀င်ပြောသည်မို့ ..ဆရာ မြင့်သူက မိန်းမဘက်သို့လှည့်မေးလိုက်သည်...။
     “ ခင်ဗျားမှတ်ပုံတင်  နံပတ်ကို ပြောပါ...”
     “ ဒီမှာ ဆရာကြီး ကျွန်မ မမှတ် တတ်လို့..”
      ဆရာမြင့်သူက “ ကျွတ်” စုတ်တစ်ချက် သတ်လိုက်ပြီးမှ မှတ်ပုံတင်ကို ယူကာ အချက်များကိုဖြည့်စွက်သည်..။
       “ကလေး ၂ ယောက်ကရော...”
     “ ဟုတ်ကဲ့ သူတို့ကတော့ မှတ်ပုံတင် မလုပ်ရသေးပါဘူး..”
    “ အတန်း ကရော ဘယ်နှတန်းရောက်ပြီလဲ...”
     “ ကျောင်းမထားဘူးရှင့်...”
      “ ဟာဗျာ...ခင်ဗျားကလည်း ...”
      ဆရာ မြင့်သူ ကအံ့သြသွားဟန်ဖြင့်ဆိုသည်.. ”
     “ ကျောင်းကထွက်ခိုင်းလိုက်တာလား .”
    “ မဟုတ်ဘူးရှင့် လုံးဝ မထားတာပါ .. သူတို့ကလည်း မနေချင်ဘူးလေ..ပြီးတော့ သူတို့ကြီးရင်လည်းဒီအလုပ်ထဲပဲ သွင်းမှာဆိုတော့
လိုလည်း မလိုလို့ပါ...”
       အ၀င်းဆိုသော မိန်းမက အေးအေးဆေးဆေးပင်ပြန်ဖြေပါသည်..။
           ဘုရားဘုရား ကျွန်တော် ဖျားသွားသည်..။ဒီခေတ်ကြီးထဲမှာ ကျောင်းလုံးဝမနေတဲ့ သူတွေရှိသေးတယ်လား..။ တကယ်ပင်
အံ့သြစွာကြည့်တော့ မ၀င်းကလည်း သူ့သမီးများကို ပီတိဖြာသောမျက်လုံးများဖြင့်ကြည့်နေပြန်သည်ပဲ...။ဒီမိဘတွေ တကယ်ပဲ နား
မလည်ကြလေရော့လား..အတတ်သင်စေ ဆိုတဲ့ မိဘ၀တ္တရားတွေဘယ်ရောက်သွားပြီလဲ..။
         ယနေ့ခေတ်အခါသည် ပညာ ခေတ်ဖြစ်ပါသည်..။ အရင်ခေတ်ကလို ဂုဏ်ဒြပ်ခြင်း ယှဉ်ပြိုင်မှုထက် ပညာ ခြင်းယှဉ်ပြိုင်မှုများက
ပိုမိုမြင့်မားလာပါသည်..။ကျွန်တော့်ရင်ထဲမှာ အသည်းထဲမှာ ခိုင်မြဲစွာ မှတ်ယူထားသော အချက်တစ်ချက်ရှိပါသည်..။အဲဒါက လူသား
တစ်ယောက်ရဲ့တာဝန်ကျေပွန်မှုပင်ဖြစ်ပါသည်...။အဲဒါကတော့ လူတစ်ယောက် ၏ မျိုးဆက်သစ် သားသမီးသည် အဲဒီလူထက် သာ
ကိုသာရမည် ..(၀ါ) လူတစ်ယောက်သည် မိမိတို့ထက် သာလွန်သောသားသမီးကို မွေးထုတ်ပေးနိုင်ရမည် ဆိုတာပဲ ဖြစ်ပါသည်...။
ကျွန်တော့်အဆို ကို ကျွန်တော် မှန်ကန်သည်ဟု ယုံကြည်ပါသည်..။ကျွန်တော့်ခံယူချက်က ဒီလိုပဲဖြစ်ပါသည်..။
          ခုခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် အဆင့်မြင့်ပညာတွေမသင်ခဲ့ မတတ်ခဲ့ရပေမယ့်..မိမိသားသမီးတွေကို ဘွဲ့တွေ၊ ဒီဂရီတွေ
Certificate ယူခိုင်းနေကြတဲ့ မိဘတွေ ကိုမြင်ရတော့ ကျွန်တော်သူတို့ အတွက် ၀မ်းသာရသည် လေးစားရသည်..။မျက်မှောက်ခေတ်
အခါမှ ပညာရေးလမ်းစများကလည်း အဘက်ဘက်မှာပွင့်နေပါပြီ...။ ဟိုးကျေးလက်တောရွာလေးများမှာပင် မင်္ဂလာပါသံတွေ ညံနေ
ပြီ..။ကမ္ဘာကိုလည်းရွာကြီးတစ်ရွာသဖွယ်ချိတ်ဆက်ဆက်သွယ်နေကြပါပြီ..။ဒီလိုခေတ်အခါမျိုးမှာ သားသမီးအတွက်တာဝန်ကျေသော
မိဘများကို ကျွန်တော် လေးစားဦးညွတ်မိပါသည်...။
        စောစောက မိဘမျိုးကရော...။
        ကိုဆန်းမြင့်က ရေးတတ်ဖတ်တတ်ရုံသာဖြစ်သည်..။ မိခင်ဖြစ်သူမ၀င်းကတော့ မိမိမှတ်ပုံတင်နံပတ်ကိုပင် မှန်ကန်အောင်မဖတ်
တတ် ၊ မမှတ်တတ် ဆိုကတည်းက သူ့အခြေအနေကိုခန့်မှန်းနိုင်သည်...။မိမိကိုယ်တိုင် ပညာ မတတ်ခဲ့သည့်အပြင် ပညာ၏ တန်ဖိုးကို
နားမလည် သားသမီးကို လည်း ပညာသင်ပေးရကောင်းမှန်းမသိ သည့်အတွက် သမီးလေးများ၏ အနာဂါတ်မှာ မတွေးဝံ့စရာပင်ဖြစ်
နေသည်..။ (အရွယ်လေးတွေက ကျွန်တော့် ညီမငယ်နှင့် မတိမ်းမယိမ်းတွေ..)
         ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲ ချင်ပါသလား..။သို့တည်းမဟုတ် လူသားမျိုးနွယ်ကြီးကို မြှင့်တင်ချင်ပါသလား...။ အများကြီးလုပ်
စရာမလိုပါ..။မိမိသားသမီးကို မြှင့်တင်ခြင်းဖြင့်သာ လူသား မျိုးနွယ် ကြီးကို မြှင့်တင်ပါ..။မြတ်စွာဘုရားရှင်ဟောကြားထားခဲ့သော
အကြောင်းအရာတစ်ခုကို ပြောပြပါမည်.. မိဘထက်သာလွန်မြင့်မြတ်သော သားကို “ အတိဇာတ ”သားဟုခေါ်သည်.. ။ မိဘ နှင့်
ထပ်တူ ထပ်မျှ ရှိသော သားသမီးကို “ အနုဇာတ” သားဟုခေါ်သည်...။မိဘထက်နိမ့်ကျသော သားကို “ အ၀ဇာတသား”ဟု ခေါ်
ပါသည်..မိဘတစ်ဦးချင်း က မိမိထက်သာလွန်သော အ၀ ဇာတ သားသမီးများကို မွေးထုတ်ပေးကြမည် ဆိုပါလျှင် ယခုခေတ်ပြောပြော
နေသော “Generation  ကျသွားတယ်”ဆိုသည့်စကား ပျောက်ကွယ်သွားလိမ့်မည်ထင်ပါသည်..။ခဲယဉ်းသောအရာတစ်ခု မဟုတ်ပါ.။
လူသား တိုင်း ဒီပို့စ်လေးကို ဖတ်သင့်သည်ဟုထင်ပါသည်..။(ကျွန်တော့်အနေဖြင့် အင်္ဂလိပ်ဘာသာ၊ ရုရှားဘာသာ တို့ဖြင့်ရေးသား
ဖြန့်ဝေရန်လည်း အစီအစဉ်ရှိပါသည်....။)
          တစ်ခုတော့ရှိပါသည်.. ။ မိဘဖြစ်သူက သိပ်တော်သိပ်မြင့်သော..ကမ္ဘာကျော်ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်နေရင်ရော...။
          ဒါက ချွင်းချက်ပဲဖြစ်ပါသည်..။ဆရာမင်းသိင်္ခ ၏ စကား အတိုင်းပြောရလျှင် ချွင်းချက်များကို ဦးစားမပေးပါ..။ ချွင်းချက်များကို
ဦးစားပေးလျှင်ကျွန်တောသည်လည်း ချွင်းချက်ဦးစားပေးသောလူတစ်ဦးဖြစ်သွားပါလိမ့်မည်..။
        အထက်ပါဆောင်းပါးကို ဖတ်သော စာဖတ်သူများသည်..။ အိမ်ထောင်ရှိသူ၊ လူလွတ်၊ သားသမီး ရှိသူ.မည်သူမဆိုဖြစ်နိုင်ပါသည်.။
သို့ရာတွင် စာဖတ်ပြီးသူတိုင်းအောက်ပါ အချက်များကိုလေးနက်စွာစဉ်းစားသင့်ပါသည်...။
         * ငါလူသားတစ်ယောက်ရဲ့တာဝန်ကျေရဲ့လား ..
         * ငါလူသားတစ်ယောက်ရဲ့တာဝန်ကျေနိုင်ပါ့မလား...
         * ငါတာဝန်မဲ့လူသားဖြစ်နေပြီလား...။



 

My Blog List